တရုတ်နိုင်ငံ တောင်ပိုင်းတွင် ရေကြီးမှုကြောင့် ၂၂ ဦးသေဆုံးကာ ထောင်ပေါင်းများစွာ ဘေးလွတ်ရာသို့ ထွက်ပြေးနေရ

တရုတ်နိုင်ငံ တောင်ပိုင်းတွင် ရေကြီးမှုကြောင့် ၂၂ ဦးသေဆုံးကာ ထောင်ပေါင်းများစွာ ဘေးလွတ်ရာသို့ ထွက်ပြေးနေရ

ဇွန် ၂၂ ။                ။ တရုတ်နိုင်ငံတောင်ပိုင်းနှင့် အလယ်ပိုင်း ဒေသများရှိ ဒေသကိုးခုတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်ခဲ့ပြီး ယခုအခါ အနည်းဆုံး ၂၂ ဦးသေဆုံးကာ ၁၅ ဦးပျောက်ဆုံးနေကြောင်း အာဏာပိုင်များက ထုတ်ပြန်ပြောကြားသည်။ အလားတူ ယင်းဒေသများတွင် နေထိုင်သူ ထောင်ပေါင်းများစွာမှာလည်း ယခုအခါ နေအိမ်များမှ စွန့်ခွာကာ ဘေးလွတ်ရာသို့ ထွက်ပြေးနေရကြောင်း သိရသည်။

လူပေါင်း ၂၆၈,၀၀၀ နီးပါးကို ပြန်လည်နေရာချထားပေးရကြောင်း၊ သီးနှံစိုက်ခင်း ဟက်တာပေါင်း ၃၂၄,၀၀၀ ခန့် ပျက်စီးသွားခဲ့ကြောင်းနှင့် ဒေသစီးပွားရေးပိုင်းတွင် ယွမ် ၆ ဘီလီယံခန့် ဆုံးရှုံးစေခဲ့ကြောင်း အာဏာပိုင်များက ပြောသည်။

ဆက်လက်၍ နောက်ထပ် ၂၄ နာရီအတွင်း မိုးသည်းထန်စွာဆက်လက်ရွာသွန်းနိုင်သဖြင့် ရေလွှမ်းမိုးမှုများ ဆက်ရှိနေဦးမည်ဟု အာဏာပိုင်များက သတိပေးချက်များ ထုတ်ပြန်ထားသည်။

နိုင်ငံတွင်းရှိ ချုံကျင်းမြို့တွင် ရေကြီးမှုများအတွင်း လူငါးဦးသေဆုံးကာ လူပေါင်းတစ်ထောင်ကျော် နေအိမ်များကို စွန့်ခွာသွားခဲ့ရကြောင်း မြို့အာဏာပိုင်များက ပြောသည်။

တစ်ချိန်တည်းတွင်နိုင်ငံအနောက်တောင် ဒေသ ကွေ့ကျိုးတွင်ရေကြီးမှုအတွင်း ပိတ်မိနေသူ ၁၅၀ ကျော်ကို ကယ်ဆယ်ရေးသမားများက အရေးပေါ် သွားရောက်ကယ်ဆယ်ခဲ့ရသည်ဟု သိရသည်။

အလားတူ ယန်ဇီမြစ်တစ်လျှောက် ရှိနေသော ဒေသများတွင်လည်း ဆက်လက်၍ မိုးကြီးလေကြီးကျရောက်ဦးမည့် အခြေအနေများ ရှိနေသေးကြောင်းနိုင်ငံမိုးလေဝသဌာနက သတိပေးထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly