မွန်ပြည်နယ် အစိုးရ၏ ရွှေ့ပြောင်းလုပ်သားများ အိမ်ထောင်စုစာရင်း ထုတ်ပေးရေးစီမံချက် ရုပ်သိမ်းရန် မွန်အမျိုးသားပါတီက တောင်းဆို

မွန်ပြည်နယ် အစိုးရ၏ ရွှေ့ပြောင်းလုပ်သားများ အိမ်ထောင်စုစာရင်း ထုတ်ပေးရေးစီမံချက် ရုပ်သိမ်းရန် မွန်အမျိုးသားပါတီက တောင်းဆို

ဇွန် ၂၁ ။               ။ မွန်ပြည်နယ် အစိုးရအဖွဲ့မှ အကောင်အထည်ဖော်ဆောင်ရွက်နေသော ရွှေ့ပြောင်းလုပ်သားများအား အိမ်ထောင်စု စာရင်းအသစ် ထုတ်ပေးရေး သစ္စာစီမံချက်ကို ပြန်လည် ရုပ်သိမ်းပေးပါရန် မွန်အမျိုးသားပါတီက ဇွန်လ ၂၀ ရက်က မွန်ပြည်နယ် အစိုးရထံသို့ အိတ်ဖွင့်ပေးစာ ပေးပို့၍ တောင်းဆိုလိုက်သည်။

“ရွှေ့ပြောင်းလုပ်သားတွေက မွန်ပြည်နယ်ထဲမှာ အခြေချနေထိုင်တဲ့လူတွေ မဟုတ်ဘူးလေ။ ပဲခူးတိုင်း၊ မန္တလေးတိုင်းဘက်က စသည်ဖြင့်လာကြတာ။ အလုပ်ပြီးတဲ့အချိန်မှာ ပြန်ကြကော။ ပြီးတော့ ဒီမှာ အခြေတကျ မွန်ပြည်နယ်မှာ နေထိုင်တဲ့ မှတ်ပုံတင်၊ သန်ကောင်စာရင်းတွေက လွဲမှားမှုဖြစ်နိုင်တာပေါ့။ ဆိုတော့ သူတို့မှာ မူလဇာတိမှာ သန်ခေါင်စာရင်း ရှိပြီးသားဖြစ်တယ်။ အဲတော့ ဒီလို လုပ်ပေးတယ်ဆိုတော့ လဝက ဥပဒေနဲ့ ကြည့်ရင်လည်း မမှန်ကန်ပါဘူး။ ရွှေ့ပြောင်းအလုပ်သမားတွေကလည်း လုပ်ငန်းပေါ်မှာဘဲ နေကြတာလေ။ ဒါကြောင့် သန်ခေါင်စာရင်း မထုတ်ပေးသင့်ဘူးလို့ မြင်ပါတယ်”ဟု မွန်အမျိုးသားပါတီမှ တွဲဘက်အတွင်းရေးမှူး (၁) နိုင်စိုးမြင့်က ပြောသည်။

မေလ ၃၁ ရက်က ပြုလုပ်သော မွန်ပြည်နယ် အစိုးရအဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင် ဝန်ကြီးချုပ်မှ မွန်ပြည်နယ် အစိုးရ အဖွဲ့၏ ရက် ၁၀၀ စီမံချက် သစ္စာစီမံချက်အရ မွန်ပြည်နယ်အတွင်း ၆ လမှ ၃ လ နေထိုင်သည့် ရွှေ့ပြောင်းနေထိုင်သူများအား အိမ်ထောင်စု စာရင်းအသစ် ထုတ်ပေးသွားမည် ဖြစ်ပြီး ယင်း အိမ်ထောင်စုစာရင်း ရရှိသူများသည် မူလ နေရပ်မှ အိမ်ထောင်စု စာရင်း အပြောင်းအရွှေ့ အထောက်အထားပြရန် မလိုအပ်ပဲ အိမ်ထောင်စုစာရင်းအသစ် ထုတ်ပေးမည်ဖြစ်ကြောင်း သိရှိရသည်ဟု အိတ်ဖွင့်ပေးစာတွင် ဖော်ပြထားသည်။

လက်ရှိ မွန်ပြည်နယ် အစိုးရမှ အကောင်အထည်ဖော်နေသည်ဟုသာ သိရပြီး ဗဟိုအစိုးရ ညွန်ကြားခြင်း ရှိမရှိ မသိရသေးသော်လည်း လက်ရှိ ပြည်နယ်အစိုးရ၏ တိုက်တွန်းချက်အရ ရွှေ့ပြောင်းလုပ်သားများကို မြို့နယ် လူဝင်မှုကြီးကြပ်ရေးဌာနသို့ စာရင်းတင်ရန် ပြောဆိုမှုများ ရှိနေသည်ဟု သူက မဇ္ဈိမကို ပြောသည်။

အိမ်ထောင်စု စာရင်းအသစ် ထပ်မံထုတ်ပေးခြင်းသည် အိမ်ထောင်စု စာရင်း အသစ် လက်ခံ ရရှိသူ ရွှေ့ပြောင်း လုပ်သားများတွင် အိမ်ထောင်စု စာရင်း နှစ်ခု ရရှိသွားမည်ဟု နားလည်ရသဖြင့် လူဝင်မှု ကြီးကြပ်ရေး ဥပဒေနှင့် ကိုက်ညီမှု မရှိဟု ယူဆကြောင်း၊ အစိုးရအနေဖြင့် တရား ဥပဒေ စိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးရှုထောင့် တစ်ခုတည်းဖြင့်သာ စဉ်းစားရန် လိုပါသဖြင့် ယခု အစိုးရ လုပ်ရိုးလုပ်စဉ်အတိုင်း ယာယီ နေထိုင်ခွင့် လက်မှတ်ထုတ်ပေးခြင်းမျှဖြင့် လုံလောက်သည်ဟု ယူဆကြောင်း ပါရှိသည်။

၎င်းစီမံချက်သည် မွန်လူမျိုးများအတွက် ထိလွယ်ရှလွယ်သော ဆောင်ရွက်ချက်ဖြစ်ပြီး နိုင်ငံတော် အစိုးရမှ အကောင် အထည်ဖော်လျက်ရှိသော အမျိုးသား ပြန်လည် သင့်မြတ်ရေးလုပ်ငန်းစဉ်ကိုလည်း ထိခိုက်စေသည်ဟု သုံးသပ် ပြောဆိုထားသည်။

ထို့ပြင် လူဝင်မှုကြီးကြပ်ရေး ဥပဒေနှင့် ကိုက်ညီမှုမရှိသည့်အပြင် မွန်ပြည်နယ်နှင့် နိုင်ငံတော် အမှန်လူဦးရေစားရင်းတို့နှင့် လွဲမှားသွားစေခြင်း၊ လူဦးရေကို အခြေခံသော နိုင်ငံတော် စီမံကိန်းများ ရေးဆွဲရာတွင်လည်းကောင်း၊ လူမျိုးကို အခြေခံသော ဖက်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းတည်ထောင်ရေး အခြေခံမူများ၊ ချမှတ်အကောင်အထည်ဖော်ရာတွင်လည်းကောင်း၊ ပကတိအရှိတရားနှင့် လွဲချော်တိမ်းစောင်းသွားစေနိုင်သဖြင့် မလိုလားအပ်သော နိုင်ငံရေးအခွင့်အရေးကို အခြေခံသော လူမျိုးရေး ပြဿနာများ ဖြစ်ပေါ်စေမည်ဟု ယုံကြည်ကြောင်း အိတ်ဖွင့်စာတွင် ထည့်သွင်း ပြောထားသည်။

လက်ရှိ ရွေးပြောင်းနေထိုင်သူ လူဦးရေ အတိအကျ မသိရသေးသော်လည်း မွန်ပြည်နယ်အတွင်း ရွှေ့ပြောင်း လုပ်ကိုင်နေသူများ သိန်းနှင့် ချီရှိနေကြောင်း၊ ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့် ရှိသူလူဦးရေ ၁၀ သိန်းကျော်ရှိခဲ့ရာမှ ၂၀၁၅ ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့် ရှိသူ ၁၅ သိန်းအထိ ရှိလာသဖြင့် ရွှေ့ပြောင်းလုပ်ကိုင်သူ ၄ သိန်းခန့်ထိ ရှိလာသည်ဟု ခန့်မှန်းထားကြောင်း နိုင်စိုးမြင့်က ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၁၀ ရက်ကလည်း ရွှေ့ပြောင်းလုပ်သားများအား အိမ်ထောင်စု စာရင်းထုတ်ပေးခြင်းအပေါ် ပြန်လည် သုံးသပ်ရန် မွန်တိုင်းရင်းသား အင်အားစုများက မွန်ပြည်နယ် အစိုးရကို တောင်းဆိုခဲ့သည်။

လက်ရှိ မွန်ပြည်နယ်အတွင်း ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းဒေသများမှ ရွှေ့ပြောင်းအလုပ်သမားသည် လယ်ယာ လုပ်ငန်း၊ ခြံလုပ်ငန်းများတွင် အငှားလုပ်ကိုင်နေထိုင်သူ အများအပြားရှိနေသည်ဟု သိရသည်။

မွန်အမျိုးသားပါတီသည် ၂၀၁၅ အထွေထွေ ရွှေးကောက်ပွဲတွင် လွတ်တော် ကိုယ်စားလှယ် နေရာ ၃ နေရာတွင် အနိုင်ရရှိခဲ့သော ပါတီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly