မြိတ်မြို့ရှိ ဦးမြတ်လေး ပန်းခြံနေရာကို အများပြည်သူ အပန်းဖြေရာနေရာတစ်ခုအဖြစ် မကြာမီတွင် ဆောင်ရွက်သွားမည်

မြိတ်မြို့ရှိ ဦးမြတ်လေး ပန်းခြံနေရာကို အများပြည်သူ အပန်းဖြေရာနေရာတစ်ခုအဖြစ် မကြာမီတွင် ဆောင်ရွက်သွားမည်

မြိတ်၊ ဇွန် ၂၀ ။            ။ မြိတ်မြို့ရှိ ဦးမြတ်လေးပန်းခြံနေရာကို အများပြည်သူ အပန်းဖြေရာနေရာတစ်ခုအဖြစ် မကြာမီကာလတွင် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဖြိုးဝင်းထွန်းက ဇွန် ၁၉ရက်တွင် ပြောသည်။

“အရင်ကတည်းက ဒီနေရာက ဦးမြတ်လေးပန်းခြံနေရာဆိုတာ ရှိပြီးသားပါ။ နောက်ပိုင်းမှာ စည်ပင်ရယ်၊ တိုင်းရုံးအနေနဲ့ သိမ်းထားတာဖြစ်ပါတယ်။ အခုကတော့ အများပြည်သူ အသုံးပြုနိုင်အောင် ရှေ့ကွက်လပ် (၁)ဧကလောက်ကို ပန်းခြံအဖြစ်ပြန်လည်ရယူဆောင်ရွက်ခြင်းဖြစ်ပါတယ်” ဟု ဝန်ကြီးက ဆိုသည်။

အဆိုပါ ဦးမြတ်လေးပန်းခြံနေရာသည် ယခင်ကတည်းက ပန်းခြံတစ်ခုဖြစ်ခဲ့ပြီး မြေဧကအားဖြင့် (၂.၃၉) ဧကရှိကာ လွန်ခဲ့သည့် (၁၂) နှစ်ကျော်ကာလက အစိုးရအဖွဲ့ တိုင်းရုံးစိုက်ရာနေရာအဖြစ် ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်။

ယခုအခါ ထိုမြေနေရာမှ (၁)ဧကခန့် အကျယ်အဝန်းကို အများပြည်သူ အပန်းဖြေနေရာတစ်ခုအဖြစ် အကောင် အထည် ဖော်ဆောင် ရွက်ရန်အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့က ဆွေးနွေးလျက်ရှိသည်ဟု မြိတ်ခရိုင် စည်ပင်သာယာ ဦးစီး မှူး ဦးသက်ဦးရှိန်က ပြောသည်။

“အခုကတော့ ဒီနေရာအတွက် အများပြည်သူအပန်းဖြေနေရာအဖြစ် ဆောင်ရွက်ဖို့က သေချာသလောက်ဖြစ် နေပြီ။ ဒါကြောင့် လိုအပ်တဲ့ပြင်ဆင်ဆောင်ရွက်မှုတွေ ကြိုပြီးလုပ်နေတယ်။ အချိန်ကာလအနေနဲ့တော့ ဘယ်အချိန်ဖွင့်မယ် ဆိုတာ ပြောလို့မရသေးဘူး။ ဆောင်ရွက်နေကြတုန်းပါပဲ”ဟု ၎င်းက ပြောသည်။

အများပြည်သူ အပန်းဖြေရာနေရာ၊ ကလေးကစားကွင်းအတွက် လိုအပ်သည့် ထောက်ပံ့ရေးပစ္စည်းများ အနေဖြင့် တိုင်းဒေသကြီးအစိုးရ၏ ဘတ်ဂျတ်မှ အသုံးပြုမည့် အစီအစဉ်များ ပါဝင်သကဲ့သို့ ပြင်ပစေတနာရှင်များအနေဖြင့်လည်းပူး ပေါင်းပါဝင်ဆောင်ရွက်ရန် လိုအပ်သည့်အနေအထားဖြစ်သည်ဟု စီမံ၊ဘဏ္ဍာဝန်ကြီးက ပြောသည်။

လက်ရှိတွင် အဆိုပါနေရာအတွက် ပြင်ဆင်ဆောင်ရွက်မှုများပြုလုပ်နေပြီဖြစ်သော်လည်း တိုင်းဒေသကြီးအစိုးရ အဖွဲ့၏ တရားဝင်ခွင့်ပြုချက် မရသေးသည့်အတွက် မည်သည့်အချိန် စတင်ဖွင့်လှစ်မည်ကိုမူ ပြော၍ မရသေး ကြောင်း သိရသည်။

ဇွန်(၁၉)ရက်ကလည်း အဆိုပါ ပန်းခြံမြေနေရာတွင် ဒေါ်အောင်ဆန်းစုကြည်၏ (၇၁)နှစ် မြောက်မွေးနေ့အမှတ်တရ အဖြစ် သစ်ပင်စိုက်ပျိုးခြင်းကို ပြုလုပ်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly