မိုးကုတ်ရေပူကျောင်းဆရာကို တရားရုံးပိတ် ရုံးထုတ်ခဲ့ပြီး ရှေ့နေများပင် ဝင်ခွင့်မပေးခဲ့ဟုဆို

မိုးကုတ်ရေပူကျောင်းဆရာကို တရားရုံးပိတ် ရုံးထုတ်ခဲ့ပြီး ရှေ့နေများပင် ဝင်ခွင့်မပေးခဲ့ဟုဆို
(ဓာတ်ပုံ- အောင်ကိုဦး)

ပြင်ဦးလွင်၊ ဇူလိုင် ၇ ။        ။ မိုးကုတ်မြို့ ရေပူကျောင်းဆရာတော်အား ပြင်ဦးလွင်ခရိုင် တရားရုံးတွင် ကျောက်မျက်ဥပဒေ ပုဒ်မ ၄၁(က)(ခ)တို့ဖြင့် ဇူလိုင် ၇ရက်က ရုံးထုတ်ရာ မိုးကုတ်မြို့ဒေသခံများနှင့် ပြင်ဦးလွင်၊ ကျောက်ဆည်၊ မန္တလေး ဒေသခံများက ဆရာတော်အား ဖူးမျှော်ရန် စောင့်ဆိုင်းခဲ့သော်လည်း ဖူးမျှော်ခွင့် မရခဲ့ပေ။

“ဆရာတော်ကို ဖူးမျှော်ချင်လို့ မိုးကုတ်ကနေ ဒီအထိလိုက်လာခဲ့တာပါ။ အခုတော့ ဆရာတော်ရဲ့မျက်နှာတောင် မြင်တွေ့ခွင့် မရဘူး။ တရားရုံးကို မနက်ကတည်းက ပိတ်ထားတာ ဆရာတော်ဘယ်အချိန် လာမှန်းတောင်မသိလိုက်ဘူး။ ထွက်လာမှပဲ သိတယ်။ ကားနဲ့ ဇွတ်မောင်းထွက်သွားတယ်။" ဟု မိုးကုတ်မြို့မှ လာရောက်ဖူးမျှော်သည့် မနန်းနန္ဒထွေးက ပြောသည်။

ဆရာတော်အား ဖူးတွေ့ရန်အတွက် ဒေသခံ ၁၀၀ ခန့်သည် ခရိုင်တရားရုံးရှေ့တွင် စောင့်ဆိုင်းခဲ့ကြသည်။ ဆရာတော်အား တွေ့ ဆုံရန်အတွက် ရွှေဝါရောင်သံဃာ့ကွန်ယက်(မန္တလေး)၊ ၈၈ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း (မိုးကုတ်၊ ပြင်ဦးလွင်)၊ ပတ္တမြားမြေငြိမ်းချမ်းရေးကွန်ယက်၊မေတ္တာကမ်ပိန်းအဖွဲ့နှင့် မန္တလေးမြို့ရှိ လူမှုပရဟိတအသင်းများ၊ ဓမ္မကထိက ဆရာတော် တစ်ချို့ လာရောက်ခဲ့သည်။
 
၈၈ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း(မိုးကုတ်)မှ ကိုစိုးဌေး က “အားလုံးက အဝေးကြီးကနေ လာခဲ့ကြတာပါ။ အခုဆို ဖူးမျှော်ခွင့်ပိတ်တယ်။ခင်ဗျားတို့မြင်တဲ့အတိုင်း တရားရုံးကလည်း ပိတ်ထားတယ်။ အခုလိုတရားရုံးပိတ်တာ ဥပဒေရှိလား၊ နောက် တစ်ခုက တရားရုံးကနေ ဆရာတော်ကို ဘာပြောလွှတ်လိုက်မှန်းမသိတော့ဘူး။

ဘယ်နေ့ရုံးချိန်းဆိုတာလည်း သိခွင့်မရတော့ဘူး။ ကျွန်တော်တို့သိချင်လို့ ဝင်ခွင့်တောင်းတော့လည်း မပေးဘူး။ ဒါဟာ လူတစ်ယောက်ရဲ့ အခွင့်အရေးကို ချိုးဖောက်တာပဲ။ ဒီဆရာတော်က နိုင်ငံတော်ပုန်ကန်တဲ့သူလည်း မဟုတ်ဘူး။ ဖောက်ခွဲရေး သမားလည်း မဟုတ်ဘူး။ ဥပဒေကြောင်းအရ ရင်ဆိုင်ဖို့လုပ်နေတယ်။

ဒါကို ရှေ့နေနဲ့လည်း တွေ့ခွင့်မပေးဘူး၊ ကျွန်တော်တို့နဲ့လည်း တွေ့ခွင့်မပေးဘူး။ ဒါဟာ သံသယဖြစ်စရာပဲ။ "ဟုပြောသည်။

ဆရာတော်နှင့်အတူ လူပုဂ္ဂိုလ် ၁၀ ဦးအား ကျောက်မျက်ဥပဒေ ပုဒ်မ ၄၁ (က)(ခ)တို့ဖြင့် ဇွန်လ ၉ ရက်တွင် မိုးကုတ်မြို့နယ် ရဲတပ်ဖွဲ့က တရားစွဲဆိုခဲ့ပြီး ဆရာတော်ကိုလည်း လူဝတ်လဲ ဖမ်းဆီးခဲ့သည်။

ဇူလိုင် ၇ရက် ရုံးထုတ်တွင် ပြင်ဦးလွင် တရားရုံးအား လုံခြုံရေးရဲ ၅၀ ကျော်ဖြင့် လုံခြုံရေး တင်းကျပ်စွာချထားခဲ့ပြီး နံနက် ၇နာရီတွင် စတင်ပိတ်ထားသည်။ ဆရာတော်၏အမှုအား လိုက်ပါဆောင်ရွက်မည့် ရှေ့နေများအားလည်း ဝင်ရောက်ခွင့်မပေးကြောင်း အမှုအားလိုက်ပါဆောင်ရွက်ပေးမည့် အဖွဲ့ထဲမှ အထက်တန်းရှေ့နေ ကိုဆန်းထွန်းအောင်က ပြောသည်။

ဆရာတော်၏ အမှုအား အထက်မြန်မာပြည် ရှေ့နေများကွန်ယက်မှ တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦး၊ အထက်တန်းရှေ့နေ ဦးဆန်းထွန်းအောင် အပါအဝင် ၆ ဦးက လိုက်ပါဆောင်ရွက်ရန် စီစဉ်ထားသော်လည်း ဝင်ခွင့်မရခဲ့ခြင်း ဖြစ်သည်။

တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးကလည်း "တရားရုံးက တံခါးပိတ်လို့မရပါဘူး။ ဘာကြောင့် ဒီလိုလုပ်တယ်ဆိုတာတော့ မပြောတတ်ဘူး။ကျွန်တော်တို့ ဆရာတော်နဲ့တွေ့ခွင့်မရဘူး။တွေ့ခွင့်ရမှ အမှုကိုလိုက်ခွင့်ရမှာလေ။ အမှုလိုက်ခွင့် ပြစ်မှု ကိုယ်စား လှယ် လုပ်ဖို့က ဆရာတော်နဲ့တွေ့ခွင့်ရမှဖြစ်မှာ လက်မှတ်တွေဘာတွေ ထိုးရဦးမှာ အခုလိုတွေ့ခွင့်မပေးတာဟာ မလုပ်သင့်ဘူး။ "ဟုပြောသည်။

မိုးကုတ်မြို့နယ် ရဲတပ်ဖွဲ့မှ ရဲမှူးမြင့်သိန်းက “အခုမြင်တဲ့အတိုင်းပဲ လူကများတယ် မဖြစ်သင့်တာတွေ မဖြစ်အောင် လုံခြံရေးတင်း ကြပ်တာပါ။ တရားရုံးတံခါးပိတ်တာကတော့ တရားရုံးက ခိုင်းလို့လုပ်ပေးထားတယ်။ အသေးစိတ်ကတော့မဖြေနိုင်ဘူး" ဟုပြော သည်။

ခရိုင်တရားသူကြီး ဦးခင်မောင်ထွန်းကမူ တရားရုံးတခါးအား တရားသူကြီးက ပိတ်ခိုင်းခြင်း မရှိခဲ့ဘဲ လုံခြုံရေးအရ လုပ်ခြင်းသာ ဖြစ်နိုင်ကြောင်း ဆိုသည်။

“တရားရုံးဆိုတာ အမြဲတမ်းတံခါးဖွင့်ထားတယ်။ မပိတ်ခိုင်းဘူး။ ဘာကြောင့် အခုလိုပိတ်တယ်ဆိုတာတော့ မပြောတတ်ဘူး။ လုံခြုံရေးကြောင့် ဖြစ်လိမ့်မယ်။ အခုအမှု ဒီနေ့မှ စတယ်။ ကျောက်မျက် ဥပဒေနဲ့စွဲထားတယ်။ အားလုံးပေါင်း ငါးဦး ကျန်တဲ့ ငါးဦး ကို ဒီနေ့ ဝရမ်းပြေးအဖြစ် ထုတ်လိုက်တယ်။"ဟု ၎င်းက ပြောသည်။

ဆရာတော်အပါအဝင် ကိုမြင့်ရှိန်၊ ကိုနေမျိုးအောင်၊ ကိုအောင်ဇော်ထွန်း၊ ကိုဇော်မင်းလတ်တို့အား ဇူလိုင် ၇ရက်က ရုံးထုတ်ခဲ့ပြီး ကျန်သည့် ငါးဦးဖြစ်သည့် ကိုသိန်းကို၊ ကိုအောင်မင်း၊ ကိုဆွေမင်း၊ ကိုဉာဏ်ထွန်းနှင့် ကိုဇော်မင်းလတ်တို့အား တရားခံပြေးအဖြစ် ဖမ်းဝရမ်းထုတ်လိုက်သည်။
 
ဆရာတော်အား ဇူလိုင်လ ၁၇ ရက်တွင် ဒုတိယအကြိမ် ထပ်မံ ရုံးထုတ်မည်ဟုလည်း တရားသူကြီးက ပြောသည်။
 
ဆရာတော်လွတ်မြောက်ရေးအတွက် မိုးကုတ်မြို့ဒေသခံ ၁၀၀၀ ကျော်တို့မှ ဇူလိုင်လ ၆ ရက်တွင် ဆန္ဒဖော်ထုတ်တောင်းဆိုခဲ့ပြီး ဆရာတော်လွတ်မြောက်ရန် ထပ်မံလှုပ်ရှားမှုများ ပြုလုပ်သွားမည်ဟု ဦးစိုးဌေးက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly