မွေးနေ့ချင်းတူသော်လည်း စု သည်သာ အားကျဖွယ် ရဲရင့်မီးအိမ်တစ်လုံး

မွေးနေ့ချင်းတူသော်လည်း စု သည်သာ အားကျဖွယ် ရဲရင့်မီးအိမ်တစ်လုံး

ဇွန်(၁၉) ရက်တွင် ကျရောက်သည့် မွေးနေ့ပွဲတစ်ခုသည် အထီးကျန်ဆန်ဆန်နှင့် ပြီးဆုံးသွားပြီဖြစ်သည်။ ထိုမွေးနေ့ပွဲသည် နယ်မြိ့ုငယ်လေးတစ်ခုက နိုင်ငံ့ဝန်ထမ်း အညတရမီးအိမ်ရှင်တစ်ဦး ၏မွေးနေ့ပွဲတစ်ခုပင်ဖြစ်သည်။

တကယ်တမ်းတွင် ထိုအညတရမွေးနေ့ပွဲပိုင်ရှင်မီးအိမ်ရှင်မလေးသည် သူမ၏မွေးနေ့ပွဲကို ရွှေတိဂုံစေတီ တော်၌ သွားရောက်၍ ဆုတောင်းမှုပြုလုပ်ချင်သည့် ဆန္ဒရှိခဲ့သည်ဟုဆိုသည်။ ဆန္ဒသည် ဆန္ဒသာဖြစ်ခဲ့ရသည့်အနေအ ထားဖြစ်ပြီး လက်ရှိအချိန်တွင် ရွှေတိဂုံစေတီ နှင့်အလွန်အလှမ်းဝေးသောအရပ်၌ တာဝန်ကျနေခဲ့ရ၍ဖြစ်သည်။

သူမ အသက်(၂၉)နှစ်အရွယ် မဟာသိပ္ပံကျောင်းသူဘဝက ရွှေတိဂုံစေတီတော်၌ မွေးနေ့ပွဲကို စိတ်ချမ်း မြေ့ပျော်ရွှင်စွာဆုတောင်းမှု ပြုလုပ်ရန်ရည်ရွယ်ခဲ့သော်လည်း ဆန္ဒမပြည့်ဝခဲ့ဟု အတိတ်ကာလက မွေးနေ့မွေးရက် ဖြစ်ခဲ့ သည့် ဇွန် (၁၉) ရက် တစ်ရက်အကြောင်းကို သူမက တခုတ်တရ ပြန်ပြောင်းပြောပြခဲ့သည်။

နှစ်တစ်နှစ်တွင် ကျရောက်သည့် မွေးနေ့ကိုပျော်ရွင်စွာ သူမနည်းတူ ကျင်းပချင်သော်လည်း စိုးရိမ်ထိတ်လန့်စိတ်များ ဖြင့် သာ ဖြတ်သန်းခဲ့ရသည့်မွေးနေ့ရှင်အချို့ရှိခဲ့သည်ဟုလည်း သူမက ပြောပြခဲ့သည်။ ထိုအခါကြမှပင် စိုးရိမ်ထိတ်လန့်စိတ်ဖြင့် မွေးနေ့ပွဲကျင်းပခဲ့ရသည့်သူတချို့အကြောင်းကို သတိပြုမိတော့သည်။

ဇွန်(၁၉)ရက်တွင်ကျရောက်သည့် မွေးနေ့ရှင် အညတရမီးအိမ်ရှင်ကလေးများ မည်မျှရှိလိမ့်မည်ဆိုသည်မသိ။
“မွေးနေ့ပွဲကို လူတိုင်းက ပျော်ပျော်ရွှင်ရွှင် လုပ်ချင်ကြသူတွေချည်းပဲ။ဒါပေမယ့် ကွျှန်မအတွက်ကတော့ အဲဒီနေ့ တွေဟာ ပျော်ရွှင်မှုအစား စိတ်မလုံခြုံစရာနေ့တွေအဖြစ်ပဲခံစားခဲ့ရတယ်” ဟုလည်း သူမကဆိုခဲ့သည်။

လွန်ခဲ့သည့်(၁၀)စုနှစ်အချိန်က မွေးနေ့မွေးရက် ဇွန်(၁၉)ဆိုသည့် အချိန်သည် ပျော်စရာအချို့ကို ရုတ် သိမ်းပစ်ခံ လိုက်ရသည့် နေ့တစ်နေ့အဖြစ် ထိတ်ထိတ်လန့်လန့်နှင့်ဖြတ်သန်းခဲ့ရသည်အချိန်ဖြစ်ခဲ့သည်ဟု ၎င်းကဆိုသည်။

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်မှာ နေအိမ်အကျယ်ချုပ်ဘဝဖြင့်နေခဲ့ရပြီး ထိုမှရိုက်ခတ်လာသော ဂယက်သည် ဒေါ်အောင်ဆန်းစုကြည်နှင့်မွေး နေ့တူ မိမိအတွက်ပါစိုးတစ်ထိတ်ထိတ်အခြေအနေကိုဖြစ်ပေါ်စေခဲ့ရသည်ဟု ဆိုသည်။

“ ဘာလို့လဲဆိုတော့ အဲဒီအချိန်တုန်းက ကိုယ့်မွေးနေ့မှာ ရွှေတိဂုံဘုရားကိုသွားတယ်။ ကိုယ့်မွေးနေ့ ဘုရားပေါ်သွားကုသိုလ်ပြုတယ်ဆိုပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့လည်းဖြစ်နေလို့လာတော့မသိဘူး၊ ဘုရားပေါ်မှာ ဟို နားမှာ ရုံး စု ရုံးစု ဒီနားမှာ ရုံးစု ရုံးစုနဲ့ ကွက်ကြည့်ကွက်ကြည့် စောင့်ကြည့်နေတဲ့သူတွေမြင်ရတယ်။စိတ်က အဲဒီ လို စောင့်ကြည့်ခံရ တယ်လို့ထင်တော့ ကြောက်စိတ်ပါတွဲပါလာတယ်” ဟု ၎င်းက ဘုရားပေါ်တွင်ကြုံ ခဲ့ရ ဖူးသည့် စိတ်မလွတ်မလပ်ခံစားခဲ့ရပုံ ကို ပြန်ပြောင်းပြောပြခဲ့သည်။

“ပြည်သူက ချစ်ရက်နဲ့ ဒီလိုမျိုး အကျယ်ချုပ်ခံနေရတယ်ဆိုတာက ဘယ်လိုကံဇာတာကြောင့်လဲဆိုတာ မ သိဘူး။ဒီ လိုမျိုး မွေးနေ့တူရက်နဲ့ သူ့ကျမှ ဒီလိုဖြစ်ရတယ်လို့ ” ဟု ဂရုဏာသက်မိခဲ့ဖူးသည်ဟု ၎င်းကပြောသည်။

အင်္ဂါသမီးဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ထောင့်၌ သူမအတွက် ဆုတောင်းပွဲပြုလုပ် သူ အချို့မှာ သိသိသာသာတစ်မျိုး ၊ မသိမသာတစ်ဖုံဖြင့် ရှိနေခဲ့ကြသည့်အတွက် အဆိုပါစိတ်ခံစားမှုကို တေးမှတ် မထားခဲ့သည့်တိုင် အမြဲမြင်ယောင်နေမိသည်ဟု ၎င်းကဆိုသည်။

ယခုဆိုလျှင် သူမသည် ဆယ်စုနှစ်ကာလတစ်ခုကို ဖြတ်သန်းပြီး အသက်(၃၈)နှစ်အရွယ်သို့ရောက်ရှိနေခဲ့ပြီ။ထိုအချိန်တွင် ကံဇာတာညိုးချိန်မှ တဖန်ပြန်လည်၍ အလင်းရောင်ခြည်ရစ်သန်းလာခဲ့သည့် အနေအထားမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အာဏာရလာခဲ့သည့်အခြေအနေပင်။ ဒေါ်အောင်ဆန်းစုကြည်၏ ကံဇာတာစန်းလာဘ်သည် နေလိုမီးလိုထွန်းလင်းလာခဲ့ပြီး “ရဲလျှင် မင်းဖြစ်” ဆိုသည့် အနေအထားသို့ ရောက်ရှိနေသည့်အချိန်ဟု အားကျစွာဆိုလာခဲ့ပြန်သည်။

“အရင်တုန်းကလို အခုမဟုတ်တော့ဘူး။ အကွာကြီးကွာသွားပြီ။အခု သူ့မွေးနေ့က နိုင်ငံနဲ့ချီပြီးတော့ မွေးနေ့တူ တွေရဲ့ မွေးနေ့ပေါင်းများစွာကို ဖုံးလွှမ်းသွားလောက်ပြီ” ဟု သူမက ပြော ဆိုခဲ့သည်။
ယခုဆိုလျှင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂိုလ်ဒေါ်အောင်ဆန်ုးစုကြည်၏ (၇၁)နှစ်ပြည့်မွေးနေ့ပွဲကို တစ်နိုင်ငံလုံး၌ ချိမ့် ချိမ့်သဲကျင်းပ ကြချိန်ဖြစ်သည်။

တစ်ချိန်တစ်ခါက ရွှေတိဂုံစေတီတော်ပေါ်တွင်မွေးနေ့ဆုတောင်းရန်သွားခဲ့ဖူးသူတစ်ဦးသည် ကိုယ်နှင့်မွေးနေ့တူသည့် အမျိုးသမီးတစ်ဦး အကျယ်ချုပ်ကျခံနေရသည့်အခြေအနေအပေါ် “ လူချင်းတူသော်လည်း ကံဇာတာချင်းမတူ” သည့်အခြေ အနေ ၊ ဂရုဏာသက်မိသည့် အနေအထားတို့သည် ယခုအချိန်၌မူ မွေးနေ့တူအချင်းချင်းကို မျှော်ငေးအားကျရမည့်အ နေအ ထားဟု ဝန်ခံသွားခဲ့တော့သည်။

သူမအနေဖြင့် လူမှုကွန်ရက်ဖေ့စဘွတ်အကောင့်မှ “ ပျော်စရာမွေးနေ့ဖြစ်ပါစေ” ဟူသည့် စာသားတစ်ခုကိုသာ မျှော်လင့်လျက် လူမသိသူ မသိ မွေးနေ့ပွဲကို တိတ်တဆိတ်ဖြတ်သန်းရင်းနှင့် ဒေါ်အောင်ဆန်းစုကြည်ဟူသည့် မွေးနေ့တူ “ ရဲရင့်မီးအိမ်ရှင်” ၏ မွေးနေ့ပွဲအကြောင်းများကိုသာငေးကြည့် အားကျနေရတော့မည်ဟု ဆိုလာသောအခါ……….။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly