သာယာဝတီ အကျဉ်းထောင်မှ ၁၅ ဦး အာမခံလျှောက်ထားမှု ၁၁ ဦးအာမခံ ရရှိ

သာယာဝတီ အကျဉ်းထောင်မှ ၁၅ ဦး အာမခံလျှောက်ထားမှု ၁၁ ဦးအာမခံ ရရှိ

ရန်ကုန်၊ ဇူလိုင် ၇ ။        ။ လက်ပံတန်းကျောင်းသားသပိတ်မှ သာယာဝတီ အကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်းခံထားရ သည့် ကျောင်းသားများအနက် ၁၁ ဦး အာမခံ ရရှိသဖြင့် ဇူလိုင် ၁၄ရက်တွင် ပြန်လွှတ်ပေးမည်ဟု ယင်းအမှုကို လိုက်ပါဆောင် ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးလှမျိုးမင်းမြင့်က မဇ္ဈိမကို ပြောသည်။

အဝေးသင်ကျောင်းသား ၁၀ ဦးနှင့် အမျိုးသမီး ၁ ဦး စုစုပေါင်း ၁၁ ဦးကို အာမခံဖြင့် လွှတ်ပေးရန် သာယာဝတီ ခရိုင်တရားရုံးက ဇူလိုင် ၇ ရက်က အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ဦးလှမျိုးမင်းမြင့်က “အာမခံလျှောက်တာ အဝေးသင်ကျောင်းသား ၁၀ နဲ့ အမျိုးသမီး ၁ ဦးရရှိခဲ့ပါတယ်။ ကျောင်းသားတွေက ပညာသင်ရဦးမယ်လေ။

အဲ့ဒါကြောင့် အာမခံလျှောက်တာပေါ့။ အာမခံရတာ အောင်မြင်မှုလို့ ပြောလို့ရတာပေါ့။ အာမခံရရှိခဲ့တဲ့ အမျိုးသမီးတစ်ဦးက ကလေးငယ်ငယ်လေးရှိလို့ အာမခံပေးခဲ့တာပါ။ ကျန်တဲ့သူတွေ အာမခံရရှိအောင်လည်း ဆက်ပြီး ကြိုးစားသွားမှာပါ ”ဟုပြော သည်။

အာမခံမရရှိသူ လေးဦးအနက် အဝေးသင်ကျောင်းသား သုံးဦးမှာ အဝေးသင်ကျောင်းသား ဖြစ်ကြောင်း သက်သေအထောက် အထား စာရွက်စာတမ်း မစုံလင်၍ ဖြစ်ပြီး ကျန်တစ်ဦးမှာ ကျန်းမာရေး ထောက်ခံစာပြည့်စုံစွာ မရှိခြင်းကြောင့် အာမခံ ပယ်ချခံ ခဲ့ရခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။

အာမခံ ပယ်ချခံရသူ ၄ ဦးအတွက် ဇူလိုင်လ ၁၄ ရက်တွင် ထပ်မံ၍ အာမခံ လျှောက်ထားမည်ဖြစ်ပြီး အဆိုပါ ၁၅ ဦးအတွက် အာမခံလျှောက်ထားမှုကို ဇွန်လ ၁၆ရက်က သာယာဝတီခရိုင် တရားရုံးတွင် လျှောက်တင်ခဲ့ခြင်းဖြစ်သည်ဟုလည်း ဦးလှမျိုးမင်းမြင့်ကပြောသည်။

အာမခံ ပယ်ချခံခဲ့ရသူများမှာ ကိုရန်နောင်၊ ကိုအောင်ကြည်သူ၊ ကိုမျိုးခက်ပိုင်၊ ကိုငြိမ်းကျော်သူတို့ဖြစ်ပြီး အာမခံရရှိခဲ့သူများမှာ- အဝေးသင်ကျောင်းသားများဖြစ်ကြသည့် ရဲဝင်းအောင်၊ ဒလ ရဲဝင့်အောင် (ရွှေကြယ်မိုး)၊ မင်းချစ်သူ၊ ဝေယံမင်းလွင်၊ သက်ပိုင်ထွန်း ၊ တင်ကိုဦး ၊ကျော်ဇောခန့်၊ ကိုသန်းဆွေ၊  မင်းသူရိန်၊ မြတ်မင်းမော်နှင့် ဝန်းရံသူ ဒေါ်သန်းအေးတို့ဖြစ်သည်။

အာမခံရရှိခဲ့သည့် ရဲဝင်းအောင်၏ ဖခင်ဖြစ်သူ  ဦးစံထွန်းက “အာမခံရရှိတော့ အရမ်းဝမ်းသာပါတယ်။ ဒီအာမခံ ရရှိခဲ့ဖို့ အရမ်းလည်းကြိုးစားခဲ့ရပါတယ်။ ကျွန်တော်တို့နေတာက ဒလမှာ ရုံးထုတ်တာက လက်ပံတန်းမှာဆိုတော့ တစ်ခါတစ်ခါ လာရတာ အရမ်းပင်ပန်းပါတယ်။ ခရီးစရိတ် အချိန်က အစပေါ့”ဟုပြောသည်။

လက်ပံတန်းကျောင်းသားသပိတ်တွင် ဖမ်းဆီးထိန်းသိမ်းခံရသူ ၇၀ ဦးအနက် နှစ်ဦးကို ကလေးသူငယ် တရားရုံးမှတစ်ဆင့် အာမခံဖြင့်လွှတ်ပေးခဲ့ပြီး ကျန်ရှိသူ ၆၈ ဦးအနက် ၁၁ ဦးမှာ ယခု အာမခံ ထပ်မံရရှိခဲ့ခြင်းဖြစ်သည်။

တရားရုံးတစ်ခါထုတ်ပါက ဖမ်းဆီးထိန်းသိမ်းခံရသူ များပြားသဖြင့် တရားရုံးတွင် နေရာ အခက်အခဲရှိပြီး လာရောက်တွေ့ဆုံသည့် မိသားစုများ အနေဖြင့်လည်း တွေ့ဆုံခွင့်ရရန် ခက်ခဲမှုများရှိသည်ဟု သိရသည်။

အာမခံရရှိသည့် ၁၁ ဦးကို ဇူလိုင်လ ၁၄ ရက် ရုံးချိန်းတွင် အာမခံဖြင့် လွှတ်ပေးမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly