ရောမ၊ ဇွန် ၁၉ ။ ။ အီတလီနိုင်ငံ ရောမမြို့တော်၏ မြို့တော်ဝန်အဖြစ် မြူနီစပယ်ရွေးကောက်ပွဲများတွင် ပထမဆုံးအမျိုးသမီးမြို့တော်ဝန် ရွေးကောက်ခံရရန်ရှိနေသည်။
အမျိုးသမီးရှေ့နေတစ်ဦးဖြစ်သူ ဗာဂျင်နီယာရက်ဂီသည် ဗဟိုလက်ဝဲယိမ်း PD ပါတီမှ ရောဘတ်တိုဂီယာချက်တီနှင့်ယှဉ်လျှင် ပို၍ရေပန်းစားလျက်ရှိနေသည်။
ဗာဂျင်နီယာသာ မြို့တော်ဝန် အရွေးခံရပါက ဝန်ကြီးချုပ် မတ်တီအိုရန်ဇီအတွက် ထိုးနှက်သလိုဖြစ်စေမည်။
ဝန်ကြီးချုပ်၏ PD ပါတီအနေဖြင့် အီတလီ၏ စီးပွားရေးမြို့တော် မီလန်ကိုလည်း ဆုံးရှုံးရဖွယ်ရှိပြီး တုရင်နှင့် ဘိုလော့နာမြို့များတွင်လည်း အနိုင်ရရေး ပြင်းပြင်းထန်ထန်ရင်ဆိုင်ရဖွယ်ရှိသည်။
အသက် ၃၇ နှစ်ရှိ ဗာဂျင်နီယာက ပြီးခဲ့သည့်နှစ်ပတ် ပထမအသုတ်မဲပေးမှုတွင် ၃၅ ရာခိုင်နှုန်းဖြင့် ၂၄ ရာခိုင်နှုန်းသာ ရရှိသော ဂီယာချက်တီကို အနိုင်ပန်းထားသည်။
ရောမမြို့တော်ဝန်သစ်အနေဖြင့် မြို့ဘတ်ဂျတ်၏ နှစ်ဆရှိနေသည့် ပေါင် ၁၃ ဘီလီယံ အကြွေးနွံထဲမှ ရုန်းကန်နိုင်ရေးကို ရင်ဆိုင်ရမည်ဖြစ်သည်။
မြို့တော်ဝန်ဟောင်း PD ပါတီမှ မာရင်နိုသည် ငွေကြေးအရှုပ်တော်ပုံများကြောင့် ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက နုတ်ထွက်သွားရခြင်းဖြစ်ကာ ယင်းအချိန်က စပြီး ရောမမြို့တွင် မြို့တော်ဝန် မရှိဖြစ်ခဲ့သည်။