အာဆင်နယ်နှင့်ပတ်သက်၍ အဖြေပေးရန် ဗာဒီငြင်းဆို

အာဆင်နယ်နှင့်ပတ်သက်၍ အဖြေပေးရန် ဗာဒီငြင်းဆို

ဇွန် ၁၉၊ ပြင်သစ် ။             ။ အင်္ဂလန်အသင်းနှင့်အတူ ယူရိုပြိုင်ပွဲဝင်နေသည့် လက်စတာအသင်းတိုက်စစ်မှူး ဂျေမီဗာဒီကို သတင်းထောက်များက အာဆင်နယ်အသင်းနှင့်ပတ်သက်ပြီး   မေးမြန်းခဲ့ရာတွင် ဗာဒီက ဖြေဆိုရင်ငြင်းဆန်သွားခဲ့သည်။

ဗာဒီက လက်ရှိအချိန်တွင် အင်္ဂလန်အသင်းအတွက် ကူညီပေးရန်နှင့် ပထမကစားသမားနေရာရရှိရန်သာ အာရုံစိုက်ထားကြောင်း ပြောဆိုလိုက်သည်။

ပြီးခဲ့သည့်ရာသီက ပရီးမီးယားလိဂ်တွင် ၂၄ ဂိုးအထိသွင်းယူပြီး ရွှေဖိနပ်ဆုရရှိခဲ့သည့်ဗာဒီကို အာဆင်နယ်အသင်းက စာချုပ်ပါအချက်အတိုင်း လျော်ကြေးငွေ ပေါင်သန်း ၂၀ ပေးကာ ခေါ်ယူမည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။ ထိုအခြေအနေတွင် လက်စတာအသင်းပိုင်ရှင်များဘက်က အသင်းမှာဗာဒီ ဆက်နေမည်ဟု ယုံကြည်ကြောင်း ပြောဆိုထားသည်။

ထို့ကြောင့် သတင်းထောက်များက ထိုအခြေအနေကို မေးမြန်းခဲ့ရာတွင် ဗာဒီက ‘အခုဒီကိုရောက်နေတာက အင်္ဂလန်အသင်းအတွက် အကောင်းဆုံးကစားပေးဖို့ပါ။ ဒီအတွက်ပဲ အာရုံစိုက်ထားပါတယ်။ အင်္ဂလန်အသင်းကို ကိုယ်စားပြုပြီး ဒီကိုရောက်နေတာဖြစ်လို့ အင်္ဂလန်အသင်းအကြောင်းကိုပဲ တွေးပါတယ်’ ဟု ပြောဆိုခဲ့သည်။

အင်္ဂလန်အသင်းသည် အုပ်စုအဖွင့်ပွဲတွင် ရုရှနှင့်သရေကျခဲ့ပြီး ဝေးလ်ကို ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရကာ အုပ်စုကို ဦးဆောင်လျက်ရှိသည်။ ဗာဒီသည် ပွဲထွက်မကစားရသော်လည်း ဝေးလ်နှင့်ပွဲတွင် လူစားဝင်လာပြီး ချေပဂိုးသွင်းယူပေးနိုင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly