မုံရွာတွင် အမှိုက် စွန့်ပစ်နိုင်ရန် မြို့အရှေ့ဘက် အထွက်၌ မြေ ၁၀ ဧက ဝယ်ယူထား

မုံရွာတွင် အမှိုက် စွန့်ပစ်နိုင်ရန် မြို့အရှေ့ဘက် အထွက်၌ မြေ ၁၀ ဧက ဝယ်ယူထား

မုံရွာ၊ ဇွန် ၁၈  ။                ။ မုံရွာမြို့တွင် အမှိုက်စွန့်ပစ်နိုင်ရန်အတွက် မြို့အရှေ့ဘက်အထွက်၌ မြေ ၁၀ ဧက ဝယ်ယူထားကြောင်း မုံရွာ မြို့နယ် စည်ပင်သာယာရေးကော်မတီမှ သိရသည်။ 

မုံရွာမြို့အရှေ့ဘက်အထွက် ဇလုပ်ကျေးရွာ အနီး ကိုင်းတောတွင် မြေ ၁၀ ဧကဝယ်ယူထားပြီး လမ်းနေရာ ရှင်းလင်းဖောက်လုပ်ခြင်း၊ မြေနေရာ ရှင်းလင်းခြင်းများ လုပ်ဆောင်နေကြောင်း မုံရွာမြို့နယ် စည်ပင်သာယာ ရေး ကော်မတီ ဥက္ကဌ ဦးကျော်မျိုးဝင်းက ပြောသည်။ 

"ဇလုပ်ကျေးရွာရဲ့ တောင်ဘက် ကိုင်းတောထဲမှာ မြေ ၁၀ ဧက ဝယ်ယူထားပါတယ်၊ အမှိုက်ကားဝင်ဖို့ထွက်ဖို့ လမ်းဖောက်နေပါ တယ်၊ တစ်ပတ်အတွင်း အမှိုက် စပစ်နိုင်လိမ့် မယ်"ဟု ဦးကျော်မျိုးဝင်းက ပြောသည်။ 

မုံရွာမြို့သည် စွန့်ပစ်အမှိုက် တစ်ရက်လျှင် တန် ၁၀၀ ခန့်ရှိနေပြီး ယခင်က မြို့တောင်ဘက် ဆားကျင်း သုသာန်တွင် စွန့်ပစ်ခဲ့ရာမှ လူနေအိမ်များနှင့် နီးကပ်လာသည့်အတွက်   ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်သည်။ 

မေလ အတွင်းက ဆားကျင်းသုသာန်အတွင်းရှိ အမှိုက်များကို မုံရွာမြို့နယ် စည်ပင်သာယာ ရေး ကော်မတီနှင့် ဒေသခံများပူးပေါင်းကာ ရှင်းလင်းခြင်း၊ ဆေးဖြန်းခြင်းများ ပြုလုပ်ခဲ့ ကြပြီး လက်ရှိတွင် လုပ်ငန်းရှင် တစ်ဦးမှ ပေးထားသော မြေနေရာ တွင် အမှိုက်များ စွန်ပစ်နေရကြောင်း သိရသည်။

အမှိုက်စွန့်ပစ်ရန်အတွက် မြေဝယ်ယူရာတွင် လိုအပ်သည့် ငွေအား လယ်တီရေစက်ဝင်းအတွင်း ဝန်ထမ်းအိမ်ရာ ဆောက်ခြင်းမှ ကုန်ကျငွေ ကျပ်သန်း ၁၇၀ အထဲမှ လည်းကောင်း၊ နန္ဒဝန်ရပ်ကွက် တန်ဖိုးနည်းအိမ်ရာဆောက်လုပ်ခြင်း ကျပ်သန်း ၂၅၀ အထဲမှ လည်းကောင်း၊ လုပ်ငန်းပြောင်းလဲသုံးစွဲရန် စစ်ကိုင်းတိုင်း လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် အစိုးရအဖွဲ့က တင်ပြခဲ့ကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly