မျိုးတုံးတော့မယ့်အန္တရာယ် ရင်ဆိုင်နေရတဲ့ မိချောင်းတို့ပျော်စံရာ ကဒုံကနိသို့

18 June 2016
မျိုးတုံးတော့မယ့်အန္တရာယ် ရင်ဆိုင်နေရတဲ့ မိချောင်းတို့ပျော်စံရာ ကဒုံကနိသို့

ဧရာဝတီတိုင်းရဲ့ အဓိက ကျွန်းကြီးတစ်ကျွန်းဖြစ်တဲ့ မိန်းမလှကျွန်းကြီးမှာ မိချောင်းတွေ မျိုးမတုံးဖို့နဲ့ စနစ်တကျ ထိန်းသိမ်းမွေးမြူထားနိုင်ဖို့က အင်မတန် အရေးကြီးနေပါတယ်။ အဓိကက မိကျောင်းတွေ သဘာဝအတိုင်း နေထိုင်ဖို့ ကျက်စားဖို့ မွေးဖွားဖို့ အနှောက်အယှက်ကင်းကင်းနဲ့ သဘာဝအတိုင်း ရှိနေနိုင်ဖို့ အဓိက အာဏာပိုင်အဖွဲ့အစည်းတွေက ပြုစုပေးနေပါတယ်။ ပျိုးထောင်ပေးနေပါတယ်။ ထိန်းသိမ်းစောင့်ရှောက်ပေးနေကြပါတယ်။  ပြီးတဲ့အခါကျတော့ ဒီပေါ်မှာ ဒီရေတော ကြိုးဝိုင်းလည်း ရှိပါတယ်။ အဲဒီတော့ ဒီရေတောရဲ့ သဘာဝနဲ့ အနေအထားတွေကလည်း အရေးကြီးလှပါတယ်။

အိမ့်မျက်တို့အဖွဲ့တွေ အခု မိန်းမလှကျွန်းကို ရောက်ပါပြီ။ မိန်းမလှကျွန်းမှာ သားငှက်တိရိစ္ဆာန် ထိန်းသိမ်းရေးအဖွဲ့နဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေကို လာရောက် တွေ့ဆုံတာပါ။ ပြီးလို့ရှိရင် သူတို့နဲ့ မိန်းမလှကျွန်းကို သွားပြီး လေ့လာရေးတွေ သွားလုပ်ကြမှာပါ။ အထူးသဖြင့် ဒီရေတောတွေနဲ့ ရေချို ရေငံစက် မိချောင်းတွေရဲ့ သဘာဝကိုပေါ့။

မိန်းမလှကျွန်း အုပ်ချုပ်ရေးမှူး ဦးမြလွင်က မိန်းမလှကျွန်း သားငှက်တိရစ္ဆာန်တွေ ထိန်းသိမ်းဖို့နဲ့ မိချောင်းတွေရဲ့ အခြေအနေကို အခုလို ပြောပြပါတယ်။

“ဒီမှာ အဓိက ထိန်းသိမ်းနေတာကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာပဲရှိတဲ့ ရေချို ရေငံစပ် မိချောင်းပေါ့နော်။ ဒါကလည်း ကျွန်တော်တို့ ဧရာဝတီတိုင်းမှာပဲရှိတယ်။ ဧရာဝတီတိုင်းမှာလည်း ဒီ ဘိုကလေးမှာပဲရှိတယ်ဆိုတော့ ကျွန်တော်တို့က အဓိက ဒါကိုလည်း ထိန်းသိမ်းတယ်။ မိချောင်းထိန်းသိမ်းတာက ဥပဒေကိုလည်း လူတွေက မဖျက်ဆီးအောင်လို့ ကျွန်တော်တို့တွေက လိုက်ပြီးတော့ ထိန်းသိမ်းစောင့်ရှောက်ရတာပေါ့။ နောက်ပြီးတော့ သဘာဝဘေးဒဏ် မြွေတို့ ဖွတ်တို့ကလည်း ဝင်စားတတ်တယ်လေ။ အဲဒါမျိုးတွေလည်း ထိန်းသိမ်းရတာပေါ့။ ဘယ်အချိန်ပေါက်သွားပြီလဲ ရေဆင်းပြီလား ဒါမျိုးတွေကအစ လိုက်ပြီးတော့ ကြည့်ပြီးတော့ အမြဲ မျက်ခြေမပျက် ထိန်းသိမ်းရတယ်”

မျိုးတုံး ပျောက်ကွယ်မှုနဲ့ ရင်ဆိုင်ကြရပြီဖြစ်တဲ့ ဒီ မိချောင်းကြီးတွေကို မိန်မလှကျွန်းပေါ်မှာ အခြေစိုက် ကင်းစခန်း ရှစ်ခုထားရှိပြီးတော့ သားငှက် ဝန်ထမ်းတွေက အမြဲစောင့်ရှောက်နေကြရပါတယ်။ ဒါမှလည်း မိချောင်းကြီးတွေက ကောင်းမွန်စွာ မျိုးပွားနိုင်ပြီးတော့ သူတို့ရဲ့အသိုက်တွေကို အန္တရာယ်ကင်းစွာ စောင့်ရှောက်နိုင်ကြမှာ ဖြစ်ပါတယ်။ မိန်းမလှကျွန်းဆိုတာကလည်း ဖားရှာ၊ ငါးရှာ၊ ဂဏန်းထောင်ပြီးတော့ ဝမ်းရေးအတွက် ဖြေရှင်းနေကြရတဲ့ ဒီဒေသကလူတွေ ဝင်ထွက် သွားလာ နေကြရလို့ လူနဲ့မိချောင်း ထိပ်တိုက်တွေ့ဆုံရတဲ့အဖြစ်တွေ ရှိကြပါတယ်။ နောက်ပြီး အနီးနားပတ်ဝန်းကျင် ကျေးရွာတွေမှာလည်း မိချောင်း အကိုက်ခံရတဲ့ သတင်းတွေကိုလည်း မကြာခဏ ကြားရတက်ပါတယ်။ ဒီအကြောင်းကိုလည်း ဦးမြလွင်ကပဲ အခုလို ဆက်ရှင်းပြပါတယ်။

“မိတ်လိုက်တဲ့ ရာသီရှိတယ်ဗျာ။ ပထမဆုံး မိတ်လိုက်တဲ့ရာသီမှာဆို မိချောင်းက ရန်မူတဲ့ အပြုအမူမျိုးတွေ လုပ်တတ်တယ်။ အဲဒီအခါမှာ လူတွေနဲ့ ပဋိပက္ခဖြစ်တာပေါ့။ လူတွေကို အန္တရာယ်ပြုပြိးတော့လည်း လူတွေက သူတို့ကို သတ်ဖြတ်မှုမျိုးမဖြစ်အောင် ကြိုတင်ပြီးတော့ သတိပေးစာတွေ ထုတ်ရတယ်။ အခုဆိုရင် ကျွန်တော်တို့ ထုတ်ပြီးပါပြီ။ ထုတ်ပြီးရင် ကျွန်တော်တို့က ကျေးရွာတွေကို လိုက်ပြီးတော့ ဖြန့်တယ်။ ဖြန့်ပြီးတော့ ပညာပေး ဟောပြောတာတွေလည်း လုပ်တယ်။ ဆိုင်းဘုတ်တွေထောင်တယ်။ ဒါမျိုးတွေ လုပ်ထားတယ်။ သူက တမင်သက်သက်တော့ အန္တရာယ်မပြုပါဘူး။ အကိုက်ခံရတဲ့လူတွေ သေသွားတဲ့လူတွေလည်း ရှိပါတယ်”

ကဒုံကနိ ဒေသခံတစ်ဦးကလည်း မိချောင်းစားခံရတဲ့ လူတစ်ယောက်အကြောင်း ရှင်းပြပါတယ်။

“မိချောင်းတွေက သွားရင်းလာရင်း စားတာရှိတာပေါ့။ ခြုံထဲမှာနေရင်းနဲ့ ကျွဲတွေ လူတွေ ဖြတ်ကူးရင် စားတယ်။ တစ်ခါလည်း အဲလိုပဲ မရမ်းချောင်းက အကိုတစ်ယောက် ရေကူးရင်းနဲ့ စားသွားတာ။ အဲဒီလိုမျိုး ဖြတ်သွားရင်းနဲ့ စားတာပေါ့”

နောက်ထပ် ကဒုံကနိဒေသခံဖြစ်တဲ့ ကိုမင်းမင်းဇော်ကလည်း အခုလို ရှင်းပြပါတယ်။

“ဂဏန်းထောင်တဲ့သူတွေလည်း နေကြတာပေါ့။ ပျဉ်လေးတွေက နှစ်ချပ်ခွေ သုံးချပ်ခွေပေါ့ အဲဒီမှာ မိသားစုတွေနေကြတယ်။ သူတို့က မိချောင်းတွေလည်းရှိတယ်။ ဒါပေမယ့် သူတို့က အပေါင်းအသင်းတွေလိုပဲ နေ့တိုင်း မြင်တွေ့နေရပြီး သိပ်မကြောက်တော့ဘူး။ မိချောင်းတွေကလည်း သူတို့ဖာသာ နေကြတယ်။ သွားကြတယ်။ သူတို့ကိုမေးကြတော့ သူတို့က မကြောက်ဘူးလို့ ပြောကြတယ်။ သူတို့က အမှားမလုပ်ကြဘူးတဲ့။ သူတို့က ပူဇော်တာတို့ ပသတာတို့ လုပ်ကြတယ်လေ။ မမှားဘူးပေါ့။ ဒါပေမယ့် မိချောင်းကိုက်တာတို့တော့ ခဏခဏကြားရတယ်။ နှစ်လ သုံးလလောက် တစ်ခါလောက် ကြားရတယ်။ အဲအခါကျတော့ သူတို့က မှားတယ် သူတို့အမှားပြုမိလို့သာ အကိုက်ခံရတာလို့ ပြောကြတယ်”

မိန်းမလှကျွန်းရဲ့ ဒေသခံတွေ မိချောင်းတွေအပေါ်မှာထားတဲ့ မိရိုးဖလာ ထုံးတမ်းအစဉ်အလာတွေကလည်း ယနေ့အချိန်ထိ ရှိနေတုန်းပါပဲ။ ဒီလို အစွဲအလမ်းကြီးလို့လည်း ကဒုံကနိဘက်က မိချောင်းတွေနဲ့ ဒီရေတောတွေက လူတွေရဲ့ ဖျက်ဆီးခံမှုကနေ အထိုက်အလျောက် လျော့နည်းသက်သာတဲ့သဘော ဖြစ်ပါတယ်။

ဒီလို ယုံကြည်မှုနဲ့ပတ်သက်လို့လည်း ကဒုံကနိဒေသခံ ဒေါ်အေးအေးမြင့် က အခုလို ရှင်းပြပါတယ်။“

“မိန်းမလှကျွန်းကတော့ သူက သမိုင်းဝင်ပဲလေ။ သမိုင်းဝင်ဆိုတာက ဟိုတုန်းကတည်းက သူက သမိုင်းတည်ထားတာလေ ယုံကြည်မှု ရှိပါတယ်။ ယုံကြည်မှု မရှိလို့လည်း မရဘူး။ မိန်မလှကျွန်းကို သွားပြီး ခုတ်လို့မရဘူး။ ပီပီပြင်ပြင် ခုတ်လို့မရဘူး။ တစ်ထောင့်တစ်နေရာကနေ ဝေးတဲ့နေရာကနေဆိုရင်တော့ မပြောတက်ဘူး။ ဒီကျွန်းပေါ်တော့ တက်ခုတ်လို့မရဘူး။ ပြုန်းတီးသွားတဲ့အရာကတော့ သဘာဝဘေးဒဏ်ကြောင့်ပါ။ ကိုယ့်ရဲ့ ယုံကြည်မှုကတော့ ဘာလို့လဲဆိုတော့ အစောင့်အကြပ်တွေကလည်း ကောင်းတယ်။ ပီပီပြင်ပြင်လည်း ရှိနေပါတယ်။ လက်ရှိလည်းရှိတယ်။ ဒါပေမယ့် မြင်ရသလားဆိုတော့ နတ်ဆိုတော့ နတ်နဲ့လူနဲ့ဆိုတော့ ဘယ်လိုလုပ်ပြီး မြင်ရမှာလဲ”

အုပ်ချုပ်ရေးမှူး ဦးမြလွင်ကတော့ မိချောင်းတွေရဲ့အခြေအနေကို အခုလို ထပ်ပြီး ရှင်းပြပါတယ်။

“မိချောင်းကိုတော့ သူတို့ စီးပွားဖြစ် ရောင်းစားတာတို့ သတ်စားတာတို့တော့ မရှိဘူး။ ဒီမှာက ပြောရရင် ရေငံပိုင် ဦးရှင်ကြီး ထိန်းတဲ့ နေရာဖြစ်နေတာကိုး။ ရေငံပိုင်ဦးရှင်ကြီးက မိချောင်းတွေကိုလည်း ထိန်းတယ်ဆိုပြီးတော့ သူတို့ ယုံကြည်တယ်ပေါ့လေ။ ဆိုတော့ မိချောင်းကိုတော့ သူတို့ အန္တရာယ်ပြုတာတို့ မရှိဘူး။ ဖမ်းပြီး သတ်စားတာမရှိဘူး။ ဥတွေဘာတွေ ဖော်စားတာ မရှိဘူး။ ကျွန်တော်တို့က ဧရာဝတီဆိုတာကလည်း ကျွန်တော်တို့ ဒီ မြစ်ကြီးနား ဧရာဝတီ မြစ်ရိုးတစ်လျှောက်နဲ့ ဘိုကလေးမှာပဲ ရှိတာ အဲဒါတွေကိုလည်း ထိန်းသိမ်းတာပေါ့နော့်။ အဲဒါတွေကို ထိန်းသိမ်းရင်းနဲ့ပဲ အီကို တိုရစ်စင်လို့ ခေါ်တဲ့ သဘာဝ အခြေခံ ခရီးသွားလုပ်ငန်းကိုလည်း တစ်ဖက်တစ်လမ်းက တိုးတက်အောင်လို့လည်း ကျွန်တော်တို့က ဆောင်ရွက်နေတာပါ”

မိန်းမလှကျွန်းပေါ်မှာ ဘန်ဂလို လေးတစ်ခုကိုလည်း တွေ့ခဲ့ရပါတယ်။ အီကို တိုရစ်စင်လို့ခေါ်တဲ့ သဘာဝ ခရီးသွားခြင်းလုပ်ငန်းကို နှစ်သက်တဲ့သူတွေအတွက်ကတော့ သဘောကျစရာပါပဲ။ ဘန်ဂလိုလေးက သပ်သပ်ရပ်ရပ်လည်း ရှိသလို ဈေးနှုန်းကလည်း မများပါဘူး။ လူတိုင်း လက်လှမ်းမှီနိုင်တဲ့ ဈေးနှုန်းနဲ့ တည်းခိုနိုင်ပါတယ်။

မိန်းမလှကျွန်း သစ်တောကြိုးဝိုင်းဆိုတာက ဒီရေတော အမျိုးအစားဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဘိုကလေးမြို့နယ်မှာ တည်ရှိတာပါ။ မိန်းမလှကျွန်း သစ်တောကြိုးဝိုင်းက ၃၃၇၇၉ ဧက၊ စတုရန်းမိုင်နဲ့ဆိုရင်တော့ ၅၂.၇၈ မိုင် ကျယ်ဝန်းပါတယ်။ အခု ဒီက ဝန်ထမ်းတွေက ကင်းလှည့်ဖို့ရှိတာနဲ့ သူတို့နဲ့အတူတူ မိချောင်းတွေကို တွေ့ချင်လို့ မော်တော်နှစ်စီးနဲ့ ကျွန်းထဲက မိချောင်းတွေရှိတဲ့နေရာကို ထွက်လာခဲ့ကြပါတယ်။

မိန်းမလှကျွန်းဆိုတာက တကယ်တော့ ဘိုကလေးမြစ်နဲ့ ကဒုံကရင်းမြစ်တို့ ကြားမှာရှိတဲ့ ရေလယ်ကျွန်း ဒီရေတောတစ်ခု ဖြစ်ပါတယ်။ ကျွန်းအတွင်းမှာလည်း အဓိက ချောင်းမကြီးတွေ ချောင်းငယ်   ချောင်းလေးတွေက ယှက်သွယ်ထိုးပြီးတော့ စီးဆင်းနေကြပါတယ်။

ဒီအထဲက ချောင်းတွေအတော်များများက မိန်းမလှကျွန်းတွေထဲကြီးမှာပဲ လှည့်ပတ်စီးဆင်းနေပါတယ်။  အဲ့တော့ ခုနက နေလုံးကြီးက ဒီဘက်မှာရှိမယ်။ အခု ဒီဘက် ရောက်ရင်ရောက်သွားမယ်ပေါ့။ ဒီအထဲမှာပဲ ပတ်နေတယ်။ စစချင်းဝင်လာတုန်းက ကြောင်ချောက်ချောင်း ပြီးတော့ အခု မိချောင်းခေါင်းပုတ် ချောင်းထဲမှာ။ ပြီးရင်တော့ အခု ပိုးလောင်းကြီးချောင်းကို သွားနေပါတယ်။ အဲဒီချောင်းကြီးမှာ မိချောင်းကြီးတွေ အများအားဖြင့် တွေ့ရတတ်တယ်လို့ ပြောပါတယ်။ အဲဒါကြောင့်မို့ မိချောင်းတွေ အများကြီးတွေ့ရမယ့်နေရာကို အခု ကျွန်တော်တို့ သွားနေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly