ကွန်​ပြူတာတက္ကသိုလ်​​ ကျောင်​းသားများသမဂ္ဂ(ပခုက္ကူ) ဖွဲ့စည်း

ကွန်​ပြူတာတက္ကသိုလ်​​ ကျောင်​းသားများသမဂ္ဂ(ပခုက္ကူ) ဖွဲ့စည်း
ဓာတ်ပုံ-ပြည့်ဖြိုးကျော်

ပခုက္ကူ၊ ဇွန် ၁၈ ။        ။ ကွန်ပြူတာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ(ပခုက္ကူ) ဖွဲ့စည်းကြောင်း သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ဇွန်၁၈ရက်နေ့က ပခုက္ကူမြို့ ဗောဓိမဏ္ဍိုင်ကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။

"ကျွန်တော်တို့ အနေနဲ့ ကျောင်းသားတွေရဲ့ ဆုံးရှုံးနေတဲ့ အခွင့်အရေးတွေအတွက် တောင်းဆိုသွားမယ်။ ပညာရေးနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေမှာလည်း ဆရာ၊ ဆရာမ တွေနဲ့ပူးပေါင်းဆောင်ရွက်သွားပါမယ် ။ အဓိက အားဖြင့် ကျတော်တို့ ကျောင်းကိုယ်စားပြုမှု ရရှိရေးအတွက် ကျောင်းသား၊ ကျောင်းသူ အရေးကိစ္စမှန်သမျှကို ကျောင်းသားထုနဲ့ လက်တွဲဖြေရှင်းသွားပါ့မယ် "ဟု ကွန်ပြူတာ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ(ပခုက္ကူ) ၏ အထွေထွေ အတွင်းရေးမှုးဖြစ်သူ ကိုဖြိုးလျှံမြတ်က ပြောသည်။

 ကွန်ပြူတာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ(ပခုက္ကူ)ကို အလုပ်အမှုဆောင် ၁၁ဦးဖြင့်ဖွဲ့စည်းခဲ့ပြီး ပညာရေးဆိုင်ရာ ကိစ္စရပ်များ၊ ကျောင်းသားသမဂ္ဂများ၏ ရပ်တည်လှုပ်ရှားခွင့်များအတွက်  နိုင်ငံလုံးဆိုင်ရာကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်(နကသ)၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ( ဗကသ) (မြေလတ်)တို့နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟုသိရသည်။

"ကျွန်တော်တို့ ကွန်ပြူတာတက္ကသိုလ်တွေအနေနဲ့က တခြားတက္ကသိုလ်တွေနဲ့မတူဘူး ၊ ကျောင်းသားအခွင့်အရေးတွေ ဆုံးရှုံနစ်နာမှုများတယ်၊ ဒါကြောင့်ဆုံးရှုံးနေတဲ့ အခွင့်အရေးတွေကို အဓိကထားတောင်းဆို ညှိနှိုင်းသွားမယ်၊ ပြီးတော့ ကွန်ပြူတာတက္ကသိုလ်(ပခုက္ကူ )ကျောင်းသား၊ ကျောင်းသူများကို အဖွဲ့အစည်းလိုက် လှုပ်ရှားဆောင်ရွက်တတ်အောင် ပြုစုပျိုးထောင်းပေးသွားပါ့မယ်" ဟု ဥက္ကဌ ကိုငြိမ်းထက်ဦးက ပြောသည်။

နိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ချုပ်ကို တက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ (၁၆)ဦး၊ ဗမာနိုင်ငံလုံး ဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (မြေလတ်ဒေသ)မှ (၁၁)ဦး စုစုပေါင်း (၂၇)ဖြင့် ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ ဓမ္မပီယစာသင်တိုက်တွင် မေလ (၂၅) ရက်နေ့က ဖွဲ့စည်းခဲ့ပါသည်။

အဆိုပါ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂကို မြန်မာနိုင်ငံ ပညာရေးစနစ် ပြောင်းလဲရေး၊ ဒီမိုကရေစီ ပညာရေးစနစ် ဖြစ်ပေါ်လာရေး၊ ကျောင်းသားသားထု အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး၊ ကျောင်းသားထု စွမ်းရည်မြှင့်တင်ရေး၊ ကျောင်းသမဂများ လွတ်လပ်စွာ လှုပ်ရှားရပ်တည်ခွင့်ရရှိရေး ထိထိရောက်ရောက် ဆောင်ရွက်ရန် ရည်ရွယ်ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်းလည်း န.က.သ အဖွဲ့ဝင်များက ပြောဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly