မြန်မာပါ၀င်သည့် CLMVT အဖွဲ့ဝင် ငါးနိုင်ငံအကြား ဗီဇာတစ်မျိုးတည်း အသုံးပြုရေး ဆွေးနွေး

မြန်မာပါ၀င်သည့် CLMVT အဖွဲ့ဝင် ငါးနိုင်ငံအကြား ဗီဇာတစ်မျိုးတည်း အသုံးပြုရေး ဆွေးနွေး

ဇွန်လ ၁၈ ။            ။  မြန်မာနိုင်ငံ ပါဝင်သည့် CLMVT ဒေသခွဲ အုပ်စု၏ ၂၀၁၆ ခုနှစ် အစည်းအဝေးဖိုရမ်တစ်ခုကို ထိုင်းနိုင်ငံတွင် ကျင်းပခဲ့ရာ အဖွဲ့ဝင်နိုင်ငံများအကြား ဗီဇာတစ်ခုတည်း သတ်မှတ်အသုံးပြုရေး ဆွေးနွေးခဲ့ကြသည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ CLMVT အဖွဲ့တွင် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့ ပါဝင်နေသော အုပ်စုတစ်ခုဖြစ်သည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဇွန်လ ၁၈ ရက်အထိ သုံးရက်တာကျင်းပသည့် "CLMVT forum 2016" တွင် အဖွဲ့ဝင်နိုင်ငံများမှ တက်ရောက်လာသူဦးရေ ၁,၀၀၀ ကျော် ရှိခဲ့သည်။ အလားတူ ဂျပန်နှင့် အမေရိကန် နိုင်ငံတို့မှလည်း ကျွမ်းကျင်ပညာရှင်များလည်း အထက်ပါ ဖိုရမ်တွင် တက်ရောက်ဆွေးနွေးသွားခဲ့သည်။

CLMVT ဒေသအတွင်း သက်ဆိုင်ရာ ဈေးကွက်များသို့ ကုန်ပစ္စည်းများကို ကောင်းစွာ ပို့ဆောင်နိုင်ရေး၊ ထိန်းသိမ်းသိုလှောင်မှုစနစ် ကောင်းမွန်စေရေးတို့အတွက် ဒေသတွင်း အခြေခံအဆောက်အအုံနှင့် သယ်ယူပို့ဆောင်ရေး စနစ်များကို အဆင့်မြှင့်တင်ရန် လိုအပ်နေကြောင်း တက်ရောက်လာသူများက ဆွေးနွေးသွားသည်။

အလားတူ အဖွဲ့ဝင်နိုင်ငံများမှ အစိုးရများအနေဖြင့်လည်း နယ်စပ်ဖြတ်ကျော်မှုဆိုင်ရာ လုပ်ငန်းဆောင်တာများကို ယခင်ကထက် ပိုမိုလွယ်ကူလာစေရန်လုပ်ဆောင်သွားရမည်ဟု ဆွေးနွေးခဲ့သည်။

CLMVT အုပ်စုအတွင်း ရှုပ်ထွေးသည့် ဗီဇာ လုပ်ငန်းဆောင်တာများကြောင့် အဖွဲ့ဝင်နိုင်ငံများအကြား လည်ပတ်သွားလာသူများကို အတားအဆီးဖြစ်စေနိုင်သဖြင့် ဗီဇာငါးခုအစား ဗီဇာတစ်မျိုးတည်း ထားရှိရေး ယခုအစည်းအဝေးတွင် ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

ယင်းအစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးပေးသော ထိုင်းနိုင်ငံမှ ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာကလည်း ဒေသတွင်းနိုင်ငံများကြား စီးပွားရေးချိတ်ဆက်ဆောင်ရွက်မှုများ တိုးမြင့်နိုင်မည့် အခွင့်အလမ်းများ ရှာဖွေသင့်ကြောင်း ဆွေးနွေးသွားခဲ့သည်။

အလားတူ အာရှ နိုင်ငံတစ်နိုင်ငံဖြစ်သည့် ဂျပန် နိုင်ငံမှ ကုမ္မဏီများသည်လည်း ယခုနောက်ပိုင်းတွင် လုပ်အားခ နည်းပါးမှု၊ သဘာဝရင်းမြစ်ပေါကြွယ်ဝမှုနှင့် အလျင်အမြန် တိုးတက်လာနေသော   ဈေးကွက်များကို အခွင့်ကောင်းယူနိုင်ရန် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို နှင့် ဗီယက်နမ်နိုင်ငံများတွင် တိုးမြင့်ရင်းနှီးမြုှပ်နှံလာကြကြောင်း ယင်းအစည်းအဝေးတွင် ထည့်သွင်းပြောကြားသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags