"နိုင်ငံရေးအရ ပြေလည်ရင် ငြိမ်းချမ်းမယ်"

"နိုင်ငံရေးအရ ပြေလည်ရင် ငြိမ်းချမ်းမယ်"

အခြေခံဥပဒေ ပြင်ဆင်ရေးက လွှတ်တော်ပြင်ပ ဆွေးနွေးပွဲတွေကနေ ညှိနှိုင်းမှ ပိုအဆင် ပြေမယ်လို့ ရက္ခိုင့် တပ်မတော်စစ်ဦးစီးချုပ်က ပြောလိုက်ပါတယ်

လိုင်ဇာ၊ ကချင်ပြည်နယ် (Myanmar Now) -  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ သစ်လက်ထက်မှာ ငြိမ်းချမ်းရေးအကောင်အထည်ဖော်တဲ့အခါ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြေလည် မယ်လို့ မျှော်လင့်ထားပေမယ့် မယုံရဲသေးတဲ့အတွက် စစ်ရေးပြင်ဆင်မှု ဆက်လုပ်နေရကြောင်း AA လို့ ထင်ရှားတဲ့ ရက္ခိုင့်တပ်မတော်က ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ လှုပ်ရှားတတ်တဲ့ AA အဖွဲ့က တပ်မတော်နဲ့ ထိတွေ့တိုက်ခိုက်မှုတွေ မကြာခ ဏ ဖြစ်ပေါ်ခဲ့ပါတယ်။

ကချင်ပြည်နယ်၊ လိုင်ဇာဒေသမှာ Myanmar Now သတင်းထောက် ထက်ခေါင်လင်းနဲ့ မကြာ သေးခင်က တွေ့ဆုံစဉ် AA ရဲ့ စစ်ဦးစီးချုပ်ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင်ကအစိုးရသစ်ရဲ့ ရက် ၁ဝဝ စီမံ ကိန်း၊ ငြိမ်းချမ်းရေးတည်ဆောက်မှု၊ ရခိုင်ဒေသအထွေထွေ အခြေအနေတို့အကြောင်း ပြောဆိုထား ပါတယ်။

မေး - ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ တိုက်ပွဲ နောက်ဆုံးအခြေအနေကို ပြောပြပေးပါ။

ဖြေ - ဒီရက်ပိုင်းတွေမှာတိုက်ပွဲဖြစ်တာကတော့မရှိဘူး။ ဒါပေမယ့် ဒီလဆန်းပိုင်းကတော့ ဖြစ်ခဲ့တယ်။ ကျွန်တော်တို့က မိုးရာသီဖြစ်တာရယ်၊ ဒုက္ခသည်ကိစ္စတွေလည်း အရမ်းရှုတ်ထွေးလာမှာ စိုးလို့ တက်နိုင်သမျှ ရှောင်ခိုင်းတာပေါ့။ သူတို့ဘက်ကဝင်တာတော်တော်များတယ်။ အများကြီးဝင်လာ ပြီး တည့်တည့်တိုးတဲ့အခါတော့ ဖြစ်ကြတယ်။ တိုက်ပွဲမှာထိခိုက်ဒဏ်ရာကတော့ တစ်ဘက်နဲ့တစ် ဘက် ရှိကြတာပေါ့။

မေး -  ၂၁ ရာစု ပင်လုံပင်လုံညီလာခံကို တက်ဖို့ ဖိတ်ခေါ်ထားတာ ရှိသလား။

ဖြေ - ညီလာခံတက်ပါလို့ ဖိတ်ခေါ်တဲ့အဆင့်အထိတော့ မရှိဘူး။ အလွတ်သဘောပြောတာ လောက်ပဲရှိတာ။ တပ်မတော်ဘက်ကပြောထားတဲ့ လက်နက်စွန့်ရမယ်ဆိုတဲ့ကိစ္စက အရမ်းအတား အဆီး ဖြစ်နေတယ်၊ လုံးဝမဖြစ်နိုင်ဘူး။ ဒီကိစ္စကိုဖြေရှင်းနိုင်မှပဲ ကျန်တဲ့အဆင့်တွေကို လုပ်လို့ရနိုင် မယ် ထင်တယ်။ (အစိုးရသစ်က) ငြိမ်းချမ်းရေးဆိုတဲ့ ခေါင်းစဉ်နဲ့ တက်လာတာတော့မှန်ပေမယ့် နိုင်ငံရေးဆွေးနွေးပွဲလား၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲလား။ ငြိမ်းချမ်းရေးဆိုတာကိုအဓိပ္ပာယ်ဖွင့်ဆိုပုံခြင်း ခြားနားနေတာတွေ ရှိနေတယ်။ သူတို့ပြောတဲ့ ငြိမ်းချမ်းရေးကလက်နက်စွန့်ရင် ငြိမ်းချမ်းမယ်ဆိုတာ ဖြစ်နေတယ်။ ကျွန်တော်တို့ ယူဆထားတာက နိုင်ငံရေးအရပြေလည်ရင် ငြိမ်းချမ်းမယ်။

မေး - တိုင်းရင်းသားခေါင်းဆောင်တချို့က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရ လက်ထက်မှာ ဆွေးနွေးညှိနှိုင်းပြီး ပြေလည်မယ်လို့ ယုံကြည်နေကြတယ်။

ဖြေ - ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြေလည်မယ်လို့ မျှော်လင့်ချက်ထားပါတယ်။ သိပ်လည်းမယုံ ရဲဘူး။ ဘာလို့ဆိုရင် တပ်မတော်အပေါ်မှာအစိုးရရဲ့ သြဇာသက်ရောက်မှုနဲ့ တပ်ဘက်ကအစိုးရကို နာခံမှု အတိုင်းအတာကအဆုံးအဖြတ် ဖြစ်လိမ့်မယ်။ ပြီးရင် ဒီအစိုးရကတိုင်းရင်းသားရေးရာနဲ့ ပတ်သက်ပြီး တချို့ကိစ္စတွေမှာ ဖယ်ဒရယ်ပြည်ထောင်စုကြီးကို တည်ဆောက်ပါမယ်လို့ ပြောထားပြီးမှ လုပ်ပုံလုပ်နည်းလွဲချော်နေတာတွေရှိတယ်။ ကျွန်တော်ရည်ညွှန်းတာကရခိုင်ပြည်နယ် တည်ငြိမ်အေး ချမ်းရေးနဲ့ ဖွံ့ဖြိုးရေးကိစ္စတွေမှာပါ။ ပြည်နယ်အစိုးရရဲ့ လုပ်ပိုင်ခွင့်တွေမှာဗဟိုအစိုးရက ချုပ်ကိုင်ထား တဲ့ သဘောမျိုးတွေ ဖြစ်နေတယ်။ ကျွန်တော်တို့ကသူတို့ပြောတာနဲ့ လုပ်တာမှာ ခြားနားနေတာတွေကို အဓိပ္ပာယ်ကောက်ယူရမှာပဲ။ အဲ့ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးထင်ကျော်တို့ လက်ထက်မှာ ဒီကိစ္စ အောင်မြင်မယ်၊ မအောင်မြင်ဘူးဆိုတာ (သေချာပေါက်)မပြောရဲဘူး။

မေး - ဆွေးနွေးဖို့ ပြင်ဆင်နေသလို စစ်ရေးအရလည်း ပြင်ဆင်နေကြတာတွေက ဘာ့ကြောင့်လဲ။

ဖြေ - မယုံရဲလို့ပေါ့။ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။ ဆွေးနွေးမှုပေါင်းများစွာလည်း ပြုလုပ်ခဲ့ကြ ပြီးပြီ။ သို့သော် ယုံကြည်တဲ့သူကသားကောင်ဖြစ်သွားတတ်တယ်။ ကျွန်တော်တို့ ရှေ့ကိုလည်း သွားမယ်။ ဒါပေမဲ့ နောက်ကိုဆုတ်တာမှာလည်း သတိရှိရှိနဲ့ ပြင်ဆင်တဲ့သဘောပါ။

မေး -ရခိုင်တိုင်းရင်းသားတွေက တိုက်ပွဲတွေရပ်ဖို့ နေရာတော်တော်များများမှာ ဆန္ဒထုတ်ဖော် ကြတယ်။ တိုက်ပွဲတွေရပ်ဖို့က တပ်မတော်နဲ့ပဲဆိုင်သလား၊   AA ဘက်မှာရော တာဝန်ရှိတယ်လို့ ခံယူထားသလား။

ဖြေ - ရခိုင်မှာ အကြိမ် ၇ဝ၊ ၈ဝ လောက် ထိတွေ့မှုဖြစ်တယ်။ အဲ့ဒီမှာကျွန်တော်တို့ဘက်က စပြီးတိုက်တာ ၁ဝ ကြိမ် မရှိသေးဘူး။ ကျန်တဲ့အကြိမ်တွေက ကျွန်တော်တို့ကို လာတိုက်တာဖြစ် တယ်။ ကျွန်တော်တို့မှာ တာဝန်မရှိဘူးလို့ တာဝန်မဲ့ မပြောလိုဘူး။ ထိုးစစ်တွေလာရင် ကျွန်တော်တို့မှာ ခုခံရမှာပဲ။ ဟိုဘက်ကမတိုက်ရင် ကျွန်တော်တို့ မတိုက်ဘူး။

မေး -တိုင်းပြည်တစ်ခုမှာ တပ်တစ်ခုပဲရှိရမယ်ဆိုတော့ ငြိမ်းချမ်းရေးရဲ့ နောက်ဆက်တွဲအဖြစ် တပ်မတော်နဲ့ AA ဘယ်လို ပူးပေါင်းကြမလဲ။

ဖြေ - အဲ့ဒါတော့ မရှိသေးဘူးဗျ။ အခြေအနေပေါ် မူတည်ပြီးမှ စဉ်းစားရမှာဖြစ်တယ်။ အခုအ ချိန်မှာ သူတို့နဲ့ ကျွန်တော်တို့က ရန်သူအဆင့်မှာပဲ ရှိသေးတယ်။ ပူးပေါင်းဆောင်ရွက်မှာထက် သူတို့ လာရင် ဘယ်လိုချမလဲဆိုတာပဲ ရှိသေးတယ်။ နိုင်ငံတစ်ခုမှာ တပ်တစ်ခုပဲရှိရမယ်ဆိုတာ ကျွန်တော်တို့ နားလည်ပါတယ်။ သို့သော် ဒီလိုတပ်မတော်မျိုးဆိုရင်တော့ တစ်ခုတည်းရှိဖို့ မလွယ်ဘူးထင်တယ်။ တိုင်းရင်းသားတွေအပေါ် စံချိန်စံညွှန်းမညီတဲ့ တပ်မတော်တစ်ခုတည်း ရှိမယ်ဆိုရင် ကျွန်တော်တို့ လူမျိုးတွေ အကုန်ပျောက်သွားမှာပေါ့။ ကျွန်တော်တို့ကလည်း လိုအပ်ချက်တွေအရ ပေါ်လာရတာ ဖြစ်တယ်။

မေး - ဒါဆိုရင် ဖယ်ဒရယ်တပ်မတော်ကိုသွားဖို့ တပ်မတော်ကို ဘယ်လိုပြန်ဖွဲ့သင့်တယ်လို့ ယူဆလဲ။

ဖြေ - ကာကွယ်ရေးဦးစီးချုပ်ဆိုတာ ကာကွယ်ရေးဝန်ကြီးအောက်မှာပဲ ရှိရမယ်။ စစ်သေနာ ပတိချုပ်ဆိုတာ နိုင်ငံတော်သမ္မတပဲ ဖြစ်ရမယ်။ ကိုယ်စိတ်ကြိုက်ရေးထားတဲ့ အခြေခံဥပဒေနဲ့ အမြင့် ဆုံး နေရာကိုယူပြီးမှ ဥပဒေနဲ့အညီပါဆိုပြီး ဒီစာအုပ်ကိုပဲ ကိုးကားနေလို့ကတော့ မရဘူး။

မေး - ငြိမ်းချမ်းရေးရဖို့ တပ်မတော်နဲ့ ဆွေးနွေးတာ အဆင်ပြေမယ်လို့ထင်လား။ ဘယ်လို ခန့်မှန်းသလဲ။

ဖြေ - သူ့သဘောထားက ခန့်မှန်းရခက်တယ်။ ငြိမ်းချမ်းရေး လိုချင်တယ်လည်းပြောတယ်၊ အပြုတ်တိုက်မယ်လို့လည်း ပြောတယ်။ လက်ရှိအစိုးရအနေနဲ့ သတိထားရမယ်ထင်တယ်။ သူတို့ပြော တဲ့ လေသံကဘယ်သူ့ကိုမဆိုအပြုတ်တိုက်မယ်ဆိုတော့ ဘယ်သူမဆို ဖြစ်နိုင်တယ်။ ဒါ့ကြောင့် အခြေအနေတွေက လူထုမျှော်လင့်ထားသလောက် မကောင်းသေးပါဘူး။

မေး -အခု NLD အစိုးရသွားနေတဲ့ ငြိမ်းချမ်းရေးပုံစံကို ဘယ်လိုထင်လဲ။

ဖြေ - NLD အစိုးရကို ကျွန်တော်တို့ကပဲ အလွန်တရာမျှော်လင့်လို့လားတော့မသိဘူး၊ အခုလုပ် တဲ့ အခြေအနေကို အားမရဘူး။ ရက် ၁ဝဝ စီမံကိန်းမှာ အပြောင်းအလဲတချို့ကို ကြိုးစားပြီးလုပ်ပါ တယ်၊ သို့သော် ပြည်သူတစ်ရပ်လုံးရဲ့ လိုလားချက်တွေကို ရအောင်ဆိုရင် နိုင်ငံရေးအရအပြောင်းအ လဲတွေကို လုပ်ရပါလိမ့်မယ်။ ဝန်ကြီးဌာနတွေရဲ့ စီမံကိန်းတချို့ကိုပြောင်းလဲတာလောက်နဲ့ နှစ်ပေါင်း များစွာ လူထုခံစားလာရတဲ့ဟာတွေကို ပြောင်းလဲနိုင်မှာမဟုတ်ဘူး။ ရက် ၁ဝဝ ဆိုတာ တိုတောင်းတာ နားလည်ပါတယ်၊ ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုထက် ပေါ်လစီပိုင်းဆိုင်ရာ ပြောင်းလဲလိုက်ရင် သိသာမြင် သာအောင် မပြောင်းလဲနိုင်ပေမယ့် ရေရှည်မှာမှန်ကန်တဲ့ လမ်းမပေါ်ရောက်သွားမယ်။

မေး  -  တိုင်းနဲ့ ပြည်နယ် အစိုးရလုပ်ပိုင်ခွင့်တွေ ပိုရဖို့ အခြေခံဥပဒေ ပြင်ဆင်ရေးက လွှတ်တော် ထဲမှာ ခက်ခဲနေတယ်။ လွှတ်တော်ပြင်ပ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကနေ ပြင်ဆင်မှ အောင်မြင်မှာ လား။

ဖြေ  -  လွှတ်တော်ပြင်ပကပဲ ပြင်မှ အဆင်ပြေမယ်။ ပြီးခဲ့တဲ့ လတွေက လွှတ်တော်အတွင်းမှာ ဒါတွေပြင်ဖို့ တိုင်းရင်းသားအမတ်တွေကတောင်းဆိုလာတယ်။ ဒါပေမယ့် လွှတ်တော်ထဲမှာသူတို့ရဲ့ အဆိုပြုချက်တွေ အဖတ်မတင်ဘူး။ ဒီမိုကရေစီ ပြောင်းလဲပြီးပြီ၊ လွှတ်တော်ထဲမှာ တောင်းဆိုလို့ရပါ တယ်လို့ ကျွန်တော်တို့တွေကိုလည်း သူတို့မီဒီယာတွေကတဆင့် ပြောတာတွေရှိတယ်။ အပြော အားဖြင့်သာ လွယ်တယ်။ လက်တွေ့မှာ ဘာဖြစ်နေသလဲဆိုတာ အရမ်းသိသာလွန်းနေတယ်။ အဲ့ဒီအနေအထားက ကျွန်တော်တို့အတွက် ပိုသတိထားစရာဖြစ်လာတာ။ 

မေး -ရခိုင်ပြည်နယ်အတွင်းမှာ NLD အစိုးရအနေနဲ့ အရေးတကြီး ဖြေရှင်းရမယ့်ကိစ္စ၊ အန္တရာယ်ရှိနေတဲ့ ကိစ္စတွေက ဘာတွေလို့ ယူဆလဲ။

ဖြေ - ဘင်္ဂါလီကိစ္စက NLD အစိုးရအနေနဲ့ ပိုပြီးနားလည်ဖို့ ကြိုးစားရမယ်။ အခုကိုင်တွယ် တာက ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်ခွင့်ဥပဒေပေါ့။ ဒီ … ရှုပ်ထွေးတဲ့ပြဿနာကို အကုန်လုံးကျေနပ် အောင် ဖြေရှင်းဖို့ကတော့ မလွယ်ပါဘူး။ ဘယ်နည်းက အကောင်းဆုံးလဲဆိုတာရှာပြီးမှ အားလုံးနဲ့ ပူးပေါင်းဖြေရှင်းရမယ်။ တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်နဲ့ ဖြေရှင်းရမယ်။ (မကြာသေးခင်က နေပြည် တော်) သတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ပြောဆိုသွားတာက တိတိကျကျ မဖြစ်နေ ဘူး။ ရခိုင်နဲ့ ဘင်္ဂါလီလူမှုအသိုင်းအဝိုင်း နှစ်ခုထက် ပိုကျယ်ပြန့်ပါတယ်။ နောက်တစ်ခုက ရခိုင်မှာ ဆင်းရဲမွဲတေမှုကလည်း အရမ်းအရေးကြီးတဲ့ အနေအထားကို ရောက်နေပြီ။ စစ်ဘေးဒုက္ခသည်ကိစ္စက ကျွန်တော်တို့ ဆွေးနွေးလာပြီ၊ အပစ်အခတ်တွေ မရှိတော့ဘူးဆိုရင် ပြေလည်သွားမှာပါ။ ပြည်တွင်းစစ် ရဲ့ ကျွဲကူးရေပါကိစ္စမို့ စစ်မရှိရင် ပြေလည်သွားမှာပါ။။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags