ပုသိမ်ရှိကျောင်းအချို့ KG တန်းအတွက် ငွေကြေးကောက်ခံသည်ဟု ကြားသိရ၍ လူမှုရေးဝန်ကြီး သတိပေး

ပုသိမ်ရှိကျောင်းအချို့ KG တန်းအတွက် ငွေကြေးကောက်ခံသည်ဟု ကြားသိရ၍ လူမှုရေးဝန်ကြီး သတိပေး
(ဓာတ်ပုံ- မဇ္ဈိမ)

ပုသိမ်၊ ဇွန် ၁၇ ။            ။ ဧရာဝတီတိုင်း၊ ပုသိမ်မြို့ရှိ ကျောင်းအချို့တွင် KG တန်းအတွက် လိုအပ်ချက်အချို့ရှိဟုဆိုကာ မိဘများနှင့် တိုင်ပင်ပြီး ငွေကြေးကောက်ခံမှု ရှိသည်ဟု ကြားသိရ၍ တိုင်းလူမှုရေးဝန်ကြီးဒေါက်တာလှမြတ်သွေးက လိုအပ်ချက်များရှိပါက တိုက်ရိုက်တင်ပြရန် နှင့် ငွေကြေးလုံးဝ မကောက်ခံရန် သတိပေးပြောကြားခဲ့သည်။

ပုသိမ်မြို့၊ တိုင်းပညာရေးမှူးရုံးတွင် ပုသိမ်မြို့ပေါ်ကျောင်းအုပ်များအား ဇွန်လ၁၇ရက်နေ့တွင်တွေ့ဆုံပြီး၊ ငွေကြေးကောက်ခံမှုများ မလုပ်ရန် အဓိကပြောကြားခဲ့သည်။

"အားနည်းချက်တွေ တိုက်ရိုက်ပြောပါ၊အောက်ခြေမှာနိုင်တဲ့ မိဘများကို မတောင်းပါနဲ့ ကျောင်းအကျိုးတော်ဆောင်များမှတဆင့်၊ အုပ်ချုပ်ရေးမှူးများမှတဆင့် လုံးဝမတောင်းပါနဲ့ ကျွန်မ သည်းခံမှာမဟုတ်ဘူး" ဟု ဒေါက်တာလှမြတ်သွေးက ပြောသည်။

၎င်းက ဆက်လက်ပြီး "KGတန်း ဒီနှစ် စတင်တဲ့ နေရာတွေ၊ အခန်းတွေသီးသန့်မပေးနိုင်ဘူးတာတွေ့ရတဲ့ ဒါကို မဖြစ်ဖြစ်တဲ့နည်းနဲ့ အောက်ခြေမှာစီစဉ် ဖန်တီးထားတာတွေ့ပါတယ်။ သက်ဆိုင်ရာကျောင်းအုပ်များမြို့နယ် ပညာရေးမှူး၊ ခရိုင်ပညာရေးမှူးများက ကျွန်မတို့အထိ တင်ပြပေးဖို့တောင်းဆိုပါတယ်" ဟု ပြောသည်။

လိုအပ်ချက်ရှိပါက ကျောင်းသားမိဘများထံက တောင်းခံခြင်းထက် သက်ဆိုင်ရာ တာဝန်ရှိသည့် ပညာရေးစနစ်ကို ဖော်ဆောင်နေသည့် ဌာနများကိုသာ တင်ပြတောင်းခံသင့်ကြောင်း ၎င်းက ပြောသည်။

ကျောင်းများအတွက် ခုံမှစပြီး သင်ထောက်ကူပစ္စည်းလိုအပ်ချက်များကို ကျောင်းအုပ်များက စိစစ်ပေးရန် နှင့် ဌာနပညာရေးမှူးများမှတစ်ဆင့် တင်ပြတောင်းခံရန် တိုက်တွန်းခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly