မြန်မာ့လက်ရွေးစင်အသင်း လက်ထောက်နည်းပြများ အသင်းနှင့် လမ်းခွဲ

မြန်မာ့လက်ရွေးစင်အသင်း လက်ထောက်နည်းပြများ အသင်းနှင့် လမ်းခွဲ
အေဗရာမိုဗစ်နှင့် လက်ထောက်နည်းပြ ကာကိုဗစ်တို့ကိုလေ့ကျင့်ရေးကွင်း၌ တွေ့ရစဉ်။(ဓာတ်ပုံ- ရွှေဘုတ်)

ဇူလိုင် ၇၊ ရန်ကုန်။ ။ ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲဝင်ရောက်ယှဉ်ပြိုင်ကစားနေသည့် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းနှင့် အသင်းမှ လက်ထောက်နည်းပြနှစ်ဦးတို့ လမ်းခွဲလိုက်သည်ဟု မြန်မာ့လက်ရွေးစင်အသင်း မီဒီယာတာဝန်ခံ ကိုရဲမင်းဝင်းက ပြောသည်။

အဆိုပါနည်းပြနှစ်ဦးမှာ ဆာဘီးယားလူမျိုး များဖြစ်သည့် လက်ထောက်နည်းပြ မီလိုဗန်ကာကိုဗစ်နှင့် ဂိုးနည်းပြ ပရီဒရတ်ဒင်ဆစ်တို့ ဖြစ်ကြပြီး ၎င်းတို့မှာ နည်းပြချုပ် အေဗရာမိုဗစ်နှင့်အတူ ၂၀၁၄ ခုနှစ်ကတည်းက လက်ရွေးစင်အသင်းတွင် တာဝန်ထမ်းဆောင်ခဲ့သည့် လက်ထောက်နည်းပြနှစ်ဦး ဖြစ်သည်။

“ လက်ရွေးစင်အသင်း လက်ထောက်နည်းပြနှစ်ဦးကို စာချုပ်သက်တမ်းမတိုးတော့ပါဘူး။ သူတို့နေရာကို မြန်မာနည်းပြတွေနဲ့ အစားထိုးမယ် လို့ ကြားပါတယ်။ ဦးကြည်လွင်တို့လည်း ဖြစ်မယ်ဆို ဖြစ်နိုင်ပါတယ်။ တရားဝင်တော့ မဟုတ်သေးပါဘူး။ သိရတာနဲ့ သတင်းထုတ်ပြန်ပေးမှာပါ။ ဒီလထဲမှာတော့ အပြီးသတ် ခန့်အပ်ဖို့ စီစဉ်နေပါတယ်။ လက်ရွေးစင်အသင်းအနေနဲ့တော့ သြဂုတ်လမှာ ပြန်စပြီးတော့ လေ့ကျင့်မှုတွေ ပြုလုပ်သွားမှာပါ ” ဟု ကိုရဲမင်းဝင်းက မဇ္ဈိမသို့ ပြောသည်။

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းသည် လက်ရှိတွင် လိဂ်ပွဲစဉ်များရှိသည့် အတွက် လေ့ကျင့်မှုများ ရပ်နားထားပြီး လာမည့် သြဂုတ်လတွင် နည်းပြအပြောင်းအလဲနှင့် ကစားသမားအပြောင်းအလဲ ကြီးကြီးမားမား ပြုလုပ်ရန်လည်း စီစဉ်ထားသည်။ မြန်မာအသင်းသည် ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စုအဆင့်၌ လာအိုအသင်းကို သရေ၊ တောင်ကိုရီးယားအသင်းကို ရှုံးနိမ့်ခဲ့ကာ ရမှတ် တစ်မှတ်သာ ရရှိထားပြီး လာမည့် စက်တင်ဘာလတွင်မှ ခြေစစ်ပွဲများ ပြန်လည်ကစားရမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly