အစိုးရ နှင့် ဝ၊ မိုင်းလားအဖွဲ့တို့ တွေ့ဆုံပြီ

အစိုးရ နှင့် ဝ၊ မိုင်းလားအဖွဲ့တို့ တွေ့ဆုံပြီ

ချင်းမိုင်၊ ဇွန် ၁၇ ။                   ။ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ အကြိုပြင်ဆင်ရေးကော်မတီသည် ဝ ပြည်သွေးစည်း ညီညွတ်ရေး တပ်(UWSA)၊ မိုင်းလား (NDAA)တို့နှင့် ဇွန်လ ၁၇ ရက် ညနေပိုင်းတွင် မိုင်းလားမြို့၌ တွေ့ဆုံဆွေးနွေးခဲ့သည်။

ဒေါက်တာ တင်မျိုးဝင်းဦးဆောင်၍ ဒုဗိုလ်ချုပ်ကြီး(ငြိမ်း) ဦးခင်ဇော်ဦး၊ ဦးသိန်းဇော်နှင့် ဦးမိုးဇော်ဦးတို့ ပါဝင်သော ကော်မတီသည် ယနေ့ မွန်းလွဲပိုင်း ၁ နာရီတွင် ကျိုင်းတုံမြို့သို့ ရောက်ရှိလာကာ ၃ နာရီချိန်တွင် မိုင်းလားတပ်ဖွဲ့ သို့မဟုတ် ဝ တပ်ဖွဲ့နှင့် တွေ့ဆုံမည် ဖြစ်သော်လည်း မည်သည့်အဖွဲ့နှင့် တွေ့ဆုံသည်ဟို မသိရသေးကြောင်း ကော်မတီမှ အတွင်းရေးမှူး ဦးလှမောင်ရွှေက ပြောသည်။

“ကျနော်သိတလောက် သူတို့က နေ့လည် ၁ နာရီလောက်ရောက်တယ်။ မိုင်းလားကို ၂ နာရီခွဲလောက်မောင်းရတယ်။ ကျနော်ထင်တာတော့ ၃ နာရီလောက်ရောက်မယ်။ ရောက်တာနဲ့ သူတို့အနေနဲ့ အစည်းအဝေးလုပ်မယ်လို့ နားလည်တယ်။ ဘယ်အဖွဲ့နဲ့ အရင်လုပ်တယ်ဆိုတာတော့ မသိဘူး၊ မနက်ဖြန်တော့ နောက်တဖွဲ့ပေါ့နော်”ဟု သူက မဇ္ဈိမကို ပြောသည်။

ဒေါက်တာတင်မျိုးဝင်း ဦးဆောင်သော ကော်မတီအဖွဲ့သည် ယနေ့ည မိုင်းလားတွင် တစ်ညသာ အိပ်ပြီး ဇွန်လ ၁၈ ရက် နံနက်ပိုင်းတွင် အဖွဲ့တစ်ဖွဲ့နှင့် ထပ်မံ တွေ့ဆုံဆွေးနွေး၍ ရန်ကုန်မြို့သို့ ပြန်မည်ဟု သိရသည်။

ကော်မတီအဖွဲ့သည် ဆွေးနွေးပွဲတွင် မိုင်းလားနှင့် ဝ အဖွဲ့များ လာမည့် သြဂုတ်လတွင် ကျင်းပမည့် ၂၁ ရာစုပင်လုံ ညီလာခံ တက်ရောက်ရန် ဖိတ်ခေါ်မည် ဖြစ်ကြောင်း သိရသည်။

မိုင်းလားအဖွဲ့မှ ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ အထွေထွေအတွင်းရေးမှူး ဦးကြည်မြင့်က နိုင်ငံတော် အတိုင်ပင်ခံ ဖိတ်ခေါ်သည့် ၂၁ ပင်လုံ ညီလာခံကို ထောက်ခံကြိုဆိုကြောင်းနှင့် ငြိမ်းချမ်းရေးကို ဆက်လက် ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း ဇွန်လ ၁၅ ရက်က မဇ္ဈိမကို ပြောဆိုထားသည်။

တစ်ချိန်ထဲမှာပဲ မြန်မာ့တပ်မတော်ဘက်မှ လက်နက်စွန့်ရေး ပြောဆိုနေသော ရက္ခိုင်တပ်မတော်(AA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်(TNLA)နှင့် ကိုးကန့် တပ်(MNDAA)တို့လည်း တွေ့ဆုံဆွေးနွေးရန် မျှော်လင့်နေသော်လည်း ယနေ့ ညနေပိုင်းထိ အကြောင်းကြားလာခြင်း မရှိသေးကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly