ကျူးကျော်မှာနေပြီး ငါးဘာသာဂုဏ်ထူးနဲ့ တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့တဲ့ မောင်ကောင်းပြည့်

ကျူးကျော်မှာနေပြီး ငါးဘာသာဂုဏ်ထူးနဲ့ တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့တဲ့ မောင်ကောင်းပြည့်
(ဓာတ်ပုံ- သူရ )

ရန်ကုန်၊ ဇွန် ၁၇ ။                  ။ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ အနယ်နယ်အရပ်ရပ်က ရွေ့ပြောင်းလာကြပြီး ကျူးကျော် နေထိုင်နေသူတွေများ ပြားလာတာနဲ့အလျောက် အဲဒီ ကျူးကျော်နေထိုင်သူမိသားစုဝင်တွေထဲမှာ ပညာသင်အရွယ် ကလေးငယ်တွေကလည်း ထောင်ပေါင်းများစွာရှိနေကြပါတယ်။ မိဘတွေက ဆင်းရဲချို့တဲ့စွာ သာမန်လက်လုပ် လက်စားဘဝနဲ့ ရုန်းကန် စားသောက်နေကြရပေမယ့် အဲဒီ ဘဝတွေထဲမှာတော့ ထူးချွန်ထက်မြက်တဲ့ ကလေးတွေဟာလည်း ရှိနေတတ်ပါတယ်။

အခုလည်း တက္ကသိုလ်တန်းကို ငါးဘာသာ ဂုဏ်ထူးနဲ့ ထူးချွန်စွာ အောင်မြင်ခဲ့တဲ့ ကလေးငယ်တစ်ယောက်။ သူကတော့ ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်ထဲက ကျူးကျော်တဲမှာ နေထိုင်တဲ့ သာမာန်လက်လုပ်လက်စား မိဘကနေ ပေါက်ဖွားလာပေမယ့် ထူးချွန်တဲ့ကလေး မောင်ကောင်းပြည့်ပါ။ မောင်ကောင်းပြည့်က လှိုင်သာယာမြို့နယ် ပန်းလှိုင်တံတားဘေးက ကျူးကျော် တဲမှာ နေထိုင်တဲ့ ထန်းတက်သမား ဖခင်ရဲ့ ရှာဖွေကျွေးမွေးမှုကြောင့် ကြီးပြင်းလာခဲ့တာဖြစ်ပါတယ်။ မောင်ကောင်းပြည့်ကို မဇ္ဈိမက သွားရောက်တွေ့ဆုံ မေးမြန်းမှုကို ပြန်လည်ဖော်ပြလိုက်ပါတယ်။

မေး ။   ။ ပထမဆုံးအနေနဲ့ ညီလေးရဲ့ နာမည်နဲ့ မိသားစုဝင်တွေနဲ့ကို မိတ်ဆက်ပေးပါဦး။
ဖြေ ။   ။ ကျွန်တော့ နာမည်ကတော့ ကောင်းပြည့်ပါ။ အဖေနာမည်က ဦးဝင်းနိုင်၊ အမေက ဒေါ်ဝိုင်းကြည်။ မိသားစုဝင်ကတော့ ၉ယောက်ရှိပါတယ်။

မေး ။   ။ ညီလေးအနေနဲ့  တက္ကသိုလ်ဝင်တန်းကို ၅ဘာသာ ဂုဏ်ထူးနဲ့ အောင်မြင်ခဲ့တယ်ဆိုတော့ ညီလေးရဲ့ ခံစားမှုလေးကိုလည်း ပြောပြပေးပါဦး။

ဖြေ ။   ။ ပျော်ရွင်မိတာပေါ့။ ၅ ဘာသာပါတယ် ဆိုတာ သိရတော့ တော်တော်လေး ဝမ်းသာပါတယ်။
မေး ။   ။ ညီလေး အနေနဲ့ မူလတန်းက စပြီးတော့ အခုလို တက္ကသိုလ်ဝင်တန်းအောင်မြင်တဲ့အထိ ဘယ် ကျောင်းတွေမှာ ပညာသင်ကြားခဲ့လဲ။

ဖြေ ။   ။ မူလတန်းကနေ ၈တန်းအထိတော့ အမက ၁၂ မူလွန်ကျောင်း(လှိုင်သာယာ)မှာ တက်တယ်။ ၉တန်း ကနေ ၁၀ တန်းကိုတော့  အထက ၂(လှိုင်သာယာ)မှာ တက်ပါတယ်။

မေး ။   ။ အခုလို ၅ဘာသာ ဂုဏ်ထူးနဲ့ အောင်မြင်ခဲ့တယ်ဆိုတော့ ညီလေးအနေနဲ့ ဘာတွေ ဆက်လုပ်သွားမလဲ။ အသက်မွေးဝမ်းကျောင်း ပညာရပ်အနေနဲ့ ဘယ်လိုင်းကို ရွေးချယ်ဖို့ စိတ်ကူးထားလဲ။
ဖြေ ။   ။ ဆေးတက္ကသိုလ်ကို မှီရင်တော့ တက်ဖြစ်မယ်ပေါ့။ မမှီရင်တော့ ရေကြောင်းတက္ကသိုလ် ဖြစ်ဖြစ် ပညာရေး တက္ကသိုလ် ဖြစ်ဖြစ် တက်ဖြစ်မယ်။

မေး ။   ။ ၁၀ တန်းတက်ခဲ့တဲ့ တစ်လျောက်မှာကော ညီလေးအနေနဲ့ ဘယ်လို အခက်အခဲတွေနဲ့ ကြုံတွေ့ခဲ့ရလဲ။
ဖြေ ။   ။ စာတွေနဲ့ ပတ်သက်ပြီးတော့ အခက်အခဲတော့ အရမ်းကြီးလည်းမရှိပါဘူး။ ဆရာတွေရှင်းပြတာတွေနဲ့ နားလည်ပါတယ်။

မေး ။   ။ အခုချိန်မှာ မိဘကို ကျေးဇူးဆပ်ခွင့်ရမယ်။ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတစ်ခုခုနဲ့ လုပ်ကိုင်ပြီး မိဘကို ပြန်လုပ်ကျွေးခွင့်ရမယ်ဆိုရင် ညီလေးအနေနဲ့ ဘာလုပ်ချင်လဲ။
ဖြေ ။   ။ လုပ်ချင်တာကတော့ ကိုယ်ပိုင်မြေကွက်လေး ဝယ်ချင်တယ်။ ကိုယ်ပိုင်မြေကွက်လေးဝယ်ပြီးတော့ စီးပွားရေး လေးတစ်ခုလောက် လုပ်ချင်တယ်။ ကျူရှင်တို့ ဘာတို့လည်း ဖွင့်ချင်တယ်။

မေး ။   ။ ၁၀တန်း ဖြေပြီးကတည်းက အခုလက်ရှိမှာကော ညီလေးအနေနဲ့ ဘာတွေလုပ်နေလဲ။
ဖြေ ။   ။ ၁၀ တန်းအောင်ခဲ့တဲ့ ကျူရှင်မှာပဲ အချိန်ပိုင်း ဂိုက်လေး ပြန်လုပ်ပေးနေတယ်။ ဆရာမှက ပြန်ခေါ်ထားတာပေါ့နော်။ လစာတော့ မသတ်မှတ်ရသေးပါဘူး။

မေး ။   ။ ၁၀ တန်းမှာ ထူးထူးချွန်ချွန်နဲ့ ၅ဘာသာ ဂုဏ်ထူးနဲ့ အောင်ခဲ့တယ်ဆိုပေမယ့် တစ်ခြားလေ့လာသင်ယူစရာတွေ အများကြီးလည်း ရှိသေးတယ်ပေါ့နော်။ အဲဒီတော့ ညီလေးအနေနဲ့ လတ်တလောမှာ ကျောင်းစာအပြင် ဘာတွေ လေ့လာသင်ယူသွားဖို့ရှိလဲဆိုတာ ပြောပြပေးပါဦး။
ဖြေ ။   ။ အင်္ဂလိပ်စာက နည်းနည်း အားနည်းတော့ အင်္ဂလိပ်စာ သင်တန်းလေးတော့ တက်မယ်လို့ စိတ်ကူးထားတယ်။ တခြားကတော့ ကွန်ပျူတာတို့ ဘာတို့လည်း အလျဉ်းသင့်ရင်တော့ တက်ဖြစ်မယ်ထင်တယ်။

မေး ။   ။ ဒီနှစ်မှာ ၁၀ တန်းတက်နေတဲ့ သူငယ်ချင်းတွေကိုကော ညီလေးအနေနဲ့ ဘယ်လိုအကြံပြုစကားတွေ ပြောချင်လဲ။
ဖြေ ။   ။ ၁၀ တန်းကို တက်ဖြစ်အောင် တက်ပါလို့။ ပြီးတော့ ၁၀တန်းကို စာကြိုးစားပြီးတော့ နိုင်ငံတော်ကို အကျိုးပြုနိုင်အောင်လုပ်ပါလို့ပဲ ပြောချင်ပါတယ်။ ကျောင်းတက်နေစဉ်မှာ စာကိုပဲ ဂရုတစိုက် လုပ်ပေါ့နော်။ ဒီနေ့ပေးလိုက်တဲ့စာကို ဒီနေ့ပဲ ပြီးအောင်လုပ်ပေါ့။ တစ်ခြား ကိစ္စတွေ ဘာတွေလည်း မလုပ်ပါနဲ့ပေါ့။ တစ်ခြား ကိစ္စဆိုတာက ရည်းစား ကိစ္စတို့ဘာတို့၊ Facebook တို့ဘာတို့ မသုံးပါနဲ့လို့။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly