မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းတွင် စန်းစန်းမော်နှင့် မြဖူးငုံတို့ကို ပြန်လည် ရွေးချယ်

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းတွင် စန်းစန်းမော်နှင့် မြဖူးငုံတို့ကို ပြန်လည် ရွေးချယ်
မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း နောက်ခံလူ စန်းစန်းမော်ကို တွေ့ရစဉ်။ (ဓာတ်ပုံ-MFF)

ဇွန် ၁၇ ၊ ရန်ကုန်။             ။ အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်ပြင်ဆင်မှုများပြုလုပ်နေသည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းတွင် လက်ရွေးစင် ကစားသမားဟောင်းများ ဖြစ်သည့် စန်းစန်းမော်နှင့် မြဖူးငုံတို့ကို ပြန်လည်ရွေးချယ်လိုက်သည်။

အသက် ၃၅ နှစ်အရွယ်ရှိ နောက်ခံလူ စန်းစန်းမော်သည် ပြီးခဲ့သည့် ၂၀၁၅ အိုလံပစ်ပြိုင်ပွဲ ဒုတိယအဆင့်ခြေစစ်ပွဲအပြီးတွင် လက်ရွေးစင်ကစားသမားဘဝမှ အနားယူခဲ့သူ တစ်ဦး ဖြစ်သည်။ စန်းစန်းမော်သည် မူလက အာဆီယံဖူဆယ်ကလပ် ချန်ပီယံရှစ်ပြိုင်ပွဲအတွက် မြန်မာအမျိုးသမီးဖူဆယ်အသင်းတွင် ရွေးချယ်ခံထားရသော်လည်း လက်ရွေးစင်အသင်း၏ ရွေးချယ်မှုကြောင့် ဖူဆယ်အသင်းမှ နုတ်ထွက်ခဲ့သည်။ အသက် ၂၆ နှစ်အရွယ်ရှိ ဂိုးသမား မြဖူးငုံမှာမူ ယခုနှစ် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း လူစာရင်းတွင် ပါဝင်ခဲ့သော်လည်း ဒဏ်ရာပြဿနာကြောင့် အသင်းလူစာရင်းမှ နုတ်ထွက်ခဲ့ကာ ကစားသမားဘဝမှ အနားယူခဲ့သူ ဖြစ်သည်။ ယင်းကစားသမားနှစ်ဦးသည် လက်ရှိတွင် ဇွန်လ ၁၃ ရက်မှ စတင်ကာ အာဆီယံပြိုင်ပွဲအတွက်   ပြင်ဆင်နေသည့် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းနှင့် ပူးပေါင်းလေ့ကျင့်မှုများ ပြန်လည် ပြုလုပ်လျက်ရှိသည်။

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် လာမည့် ဇူလိုင်လ ၂၇ တွင် အိမ်ရှင်အဖြစ် ကျင်းပပြုလုပ်မည့် အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲတွင် သြစတြေးလျ ယူ-၂၀ အသင်း၊ မလေးရှားအသင်း၊ တီမောအသင်း တို့နှင့် အုပ်စု (ခ) တွင် တစ်အုပ်စုတည်း ကျရောက်လျက်ရှိသည်။ အဆိုပါ အာဆီယံအမျိုးသမီးပြိုင်ပွဲအား မန္တလေးမြို့ မန္တလာသီရိအားကစားကွင်းတွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ပြီး   မြန်မာအမျိုးသမီးအသင်းအနေဖြင့် အုပ်စုအဖွင့်ပွဲအဖြစ် ဇူလိုင် ၂၇ ရက်တွင် တီမောအသင်းနှင့် စတင်ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly