ဟံသာဝတီအသင်း၏ အိမ်ကွင်းလက်ကျန်ပွဲစဉ်တိုင်းကို အနိုင်ကစားသွားမည် ဟု ဦးထွန်းထွန်းလင်း ဆို

ဟံသာဝတီအသင်း၏ အိမ်ကွင်းလက်ကျန်ပွဲစဉ်တိုင်းကို အနိုင်ကစားသွားမည် ဟု ဦးထွန်းထွန်းလင်း ဆို
တောင်ငူကွင်း၌ ဟံသာဝတီနှင့် မကွေးအသင်းတို့ ယှဉ်ပြိုင်ကစားနေစဉ် (ဓာတ်ပုံ-MNL)

ဇွန် ၁၇ ၊ ရန်ကုန်။             ။ ယခုနှစ် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ဒုတိယအကျော့တွင် ပထမဆုံးအိမ်ကွင်း စတင်လက်ခံကျင်းပသည့် ဟံသာဝတီအသင်းအနေဖြင့် အိမ်ကွင်းလက်ကျန်ပွဲစဉ်တိုင်းကို ပရိသတ်အတွက် အနိုင်ကစားသွားမည် ဟု အသင်းမန်နေဂျာ ဦးထွန်းထွန်းလင်းက ဆိုသည်။

ပဲခူးတိုင်းကိုယ်စားပြု ဟံသာဝတီအသင်းသည် ယခုနှစ် ဘောလုံးရာသီ ဒုကျော့အိမ်ကွင်းပွဲစဉ်များအဖြစ် တောင်ငူကွင်းကို ယာယီအိမ်ကွင်းအဖြစ် ငှားရမ်းအသုံးပြုသွားမည် ဖြစ်ပြီး ပဲခူးတိုင်းကွင်းကို လာမည့်ဘောလုံးရာသီတွင် ကျင်းပခွင့်ရရန် ပြင်ဆင်မှုများပြုလုပ်လျက်ရှိသည်။ ဟံသာဝတီအသင်းသည် ပြီးခဲ့သည့် လိဂ်ပွဲစဉ် ၁၃ တွင် အိမ်ကွင်းအဖွင့်ပွဲအဖြစ် တောင်ငူကွင်းတွင် မကွေးအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သော်လည်း ၁-၄ ဖြင့် ရှုံးနိမ့်ခဲ့သည်။

“ ကျွန်တော်တို့ အခု ဗိုလ်ချုပ်အောင်ဆန်းဒိုင်းမှာ မနောမြေအသင်းကို နိုင်ပွဲရလိုက်တာ အရမ်းကောင်းပါတယ်။ အသင်းက လိဂ်မှာ လေးပွဲဆက်တိုက် ရှုံးနိမ့်ထားတော့ ယုံကြည်မှုပျောက်နေတာပါ။ ဒီနိုင်ပွဲက ကစားသမားတွေကို ယုံကြည်မှု ပြန်ရစေပါတယ်။ ပြီးခဲ့တဲ့ အိမ်ကွင်းပွဲ အဖွင့်ပွဲမှာ မကွေးအသင်းကို ရှုံးခဲ့တဲ့အတွက် လာအားပေးတဲ့ ပရိသတ်တွေကို စိတ်မကောင်းပါဘူး။ ဒါပေမယ့် နိုင်နိုင်ရှုံးရှုံး ကျွန်တော်တို့ အသင်းကို အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အဲဒီ့အတွက် အိမ်ကွင်းလက်ကျန် ပွဲစဉ်တိုင်းကို ပရိသတ်တွေအတွက် အနိုင်ကစားသွားမှာပါ။ ” ဟု ဦးထွန်းထွန်းလင်းက ပြောသည်။

ဟံသာဝတီယူနိုက်တက်အသင်းသည် မြန်မာနေရှင်နယ်လိဂ် ဒုတိယအကျော့ အိမ်ကွင်းလက်ကျန်ပွဲစဉ်များအဖြစ် ဧရာဝတီအသင်း၊ ချင်းအသင်း၊ ရခိုင်အသင်း၊ ဆောက်သမ်းမြန်မာအသင်း၊ ဇွဲကပင်အသင်း တို့နှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly