နေပြည်တော်တွင် တက္ကသိုလ်ဖွင့်လှစ်နိုင်ရန် လွှတ်တော်အမတ်များ ကြိုးပမ်းနေ

နေပြည်တော်တွင် တက္ကသိုလ်ဖွင့်လှစ်နိုင်ရန် လွှတ်တော်အမတ်များ ကြိုးပမ်းနေ
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(ဇွန်လ ၁၇ရက်၊ ၂၀၁၆ခုနှစ်)။ ။ ပြည်ထောင်စုအစိုးရရုံးစိုက်ရာ နေပြည်တော်ကောင်စီအတွင်း  တက္ကသိုလ်တစ်ခု ဖွင့်လှစ်နိုင်ရန် ကြိုးပမ်းနေသည်ဟု နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ပြည်သူ့လွှတ်တော်အမတ်များက ဇွန်လ ၁၇ရက်၊ ညနေပိုင်းတွင် မဇ္ဈိမကို ပြောသည်။

လက်ရှိအချိန်တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဇေယျာသီရိမြို့နယ်တွင် စိုက်ပျိုးရေးတက္ကသိုလ်၊ သစ်တောတက္ကသိုလ်နှင့် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်ဟူ၍ တက္ကသိုလ် ၃ခုသာရှိပြီး တက္ကသိုလ်ဝင်တန်းအောင်ပြီးသည့် ဒေသခံ ကျောင်းသား၊ ကျောင်းသူအများစုမှာ အနီးဆုံးတက္ကသိုလ်များဖြစ်သည့် ကျောက်ဆည်၊ ရမည်းသင်းနှင့် မန္တလေးမြို့များတွင် သွားရောက်ပြီး ပညာသင်ကြားနေရခြင်းကြောင့် ယခုကဲ့သို့ လွှတ်တော်အမတ်များက ကြိုးပမ်းနေခြင်း ဖြစ်သည်။

နေပြည်တော်တွင် တက္ကသိုလ်တစ်ခုဖွင့်လှစ်နိုင်ရန်အတွက် နေပြည်တော်ကောင်စီဥက္ကဌ၊ ဒေါက်တာမျိုးအောင်နှင့်လည်း ဆွေးနွေးထားပြီးဖြစ်သည်ဟု ပျဉ်းမနားမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဦးသန်းစိုးအောင်က မဇ္ဈိမကို ပြောသည်။

"နိုင်ငံတစ်ကာအဆင့်မှီတဲ့ နေပြည်တော်တက္ကသိုလ်တစ်ခု ဖြစ်လာဖို့အထိ ကျွန်တော်တို့ ရည်မှန်းထားပါတယ်။ နေပြည်တော်ကောင်စီဥက္ကဌကြီးကတော့ ဒီကိစ္စကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အထိ စာတင်ပါလို့ ပြောတယ်" ဟု ဦးသန်းစိုးအောင်က ပြောသည်။

နေပြည်တော်တွင် တက္ကသိုလ်ဖွင့်လှစ်နိုင်ရေးနှင့်ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ စာတင်မည်ဖြစ်ပြီး လွှတ်တော်ရှိ ပညာရေးမြှင့်တင်မှုကော်မတီနှင့် ဆက်လက်ဆွေးနွေးသွားမည်ဟုလည်း ဦးသန်းစိုးအောင်က ဆိုသည်။

ပုဗ္ဗသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဦးရည်မွန်(ခ)မောင်တင်သစ်ကမူ "နိုင်ငံတော်ရဲ့ မြို့တော်လေဗျာ။ တက္ကသိုလ်တစ်ခုကတော့ လိုတယ်လေ။ တက္ကသိုလ်ကိုအကြောင်းပြုပြီးတော့ ဒေသခံတွေလည်း အလုပ်အကိုင်အခွင့်အလမ်းတွေ ပွင့်လာစရာလည်း အကြောင်းရှိတယ်" ဟု မဇ္ဈိမကို ပြောသည်။

နေပြည်တော်ကောင်စီနယ်မြေတွင် မြို့နယ်ပေါင်း(၈)မြို့နယ်ရှိပြီး လူဦးရေ ဆယ်သိန်းကျော် နေထိုင်လျက်ရှိသည်။ ၂၀၁၆ ပညာသင်နှစ်တွင် နေပြည်တော်တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူဦးရေ တစ်သောင်းခွဲကျော်အနက် ကျောင်းသား၊ ကျောင်းသူ ငါးထောင်ကျော် အောင်မြင်ခဲ့သည်။

နေပြည်တော်တွင် တက္ကသိုလ်တစ်ခု ဖွင့်လှစ်နိုင်ရန် ကြိုးပမ်းနေမှုအပေါ် ပျဉ်းမနားမြို့ ဒေသခံတစ်ဦးက "ဖြစ်လာရင်တော့ ကောင်းတာပေါ့။ အရောင်းအဝယ်တွေလည်း ပိုကောင်းလာတာပေါ့။ တစ်ခြားမြို့မှာ သွားတက်ရတာထက်စာရင် ကိုယ့်မြို့နဲ့ကိုယ် ဖြစ်လာရင် စရိတ်စကလည်း သက်သာတာပေ့ါ" ဟု မှတ်ချက်ပြုသည်။

နေပြည်တော်တွင် ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်တစ်ခု ဖွင့်လှစ်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်မည်ဟု တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက ၂၀၁၅ခုနှစ်၊ နိုဝင်ဘာရွေးကောက်ပွဲတွင် အမတ်လောင်းများက မဲဆွယ်ခဲ့ဖူးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags