မြန်မာပြည် မြို့ပြဖွံ့ဖြိုးရေးအတွက် ကူညီချင်တယ်လို့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးပြော

မြန်မာပြည် မြို့ပြဖွံ့ဖြိုးရေးအတွက် ကူညီချင်တယ်လို့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးပြော
ပြင်သစ်နိုင်ငံခြားရေးနှင့် နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီး H.E. Mr.Jean-Marc AYRAULT (ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(ဇွန်လ ၁၇ရက်၊ ၂၀၁၆ခုနှစ်)။ ။ မြန်မာနိုင်ငံ၏ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ကူညီဆောင်ရွက်ဖို့ အသင့်ရှိနေသည်ဟု ပြင်သစ်သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးနှင့် နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီး H.E. Mr.Jean-Marc AYRAULTက ဇွန်လ ၁၇ရက်တွင် ပြောကြားလိုက်သည်။

မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းပန်းဆက်သွယ်ရေး၊ အိမ်အဆောက်အဦဆောက်လုပ်ခြင်းနှင့် မြို့ပြဖွံ့ဖြိုးရေး စီမံခန့်ခွဲမှုများကို ကူညီလိုသည်ဟု ပြင်သစ်နိုင်ငံခြားရေးနှင့် နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးက နေပြည်တော်တွင် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံအပြီးပြုလုပ်သည့် ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

"မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ကူညီတဲ့အနေအထားမှာ မြန်မာပြည်ရဲ့ မြို့ကြီးပြကြီးတွေကို ကူညီချင်ပါတယ်။ အထူးသဖြင့်တော့ ရန်ကုန်မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းတွေကို ကျွန်တော်တို့ ကူညီချင်ပါတယ်။
ပြင်သစ်မှာရှိတဲ့ ပါရီမြို့တော်ဝန်ရုံးဟာ ဆိုလို့ရှိရင်လည်း အထူးသဖြင့် ရန်ကုန်မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းတွေမှာ ပါဝင်ကူညီဆောင်ရွက်ဖို့ အဆင့်သင့်ရှိနေပါတယ်" ဟု H.E. Mr.Jean-Marc AYRAULTက ပြောသည်။

ရန်ကုန်မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းပန်းဆက်သွယ်ရေးမှအစပြု၍ တိုက်တာအဆောက်အဦဆိုင်ရာ လုပ်ငန်းများမှာလည်း များစွာပြုပြင်ပြောင်းလဲစရာရှိနေသည်ဟု ပညာရှင်များက ထောက်ပြထားသည်။

မြန်မာနိုင်ငံနှင့် စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်လိုသည့် ကိစ္စရပ်များကိုလည်း  ပြင်သစ်နိုင်ငံခြားရေးနှင့် နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးက သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို အောက်ပါအတိုင်း ဖြေကြားသည်။

"ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်ချင်တာဆိုလို့ရှိရင် ကဏ္ဍပေါင်းစုံမှာ လုပ်ချင်ပါတယ်။ အထူးသဖြင့် စွမ်းအင်ကဏ္ဍဖြစ်ပါတယ်။ သဘာဝအခြေခံအဆောက်အဦတွေ ဆောက်လုပ်တဲ့လုပ်ငန်းလည်း ပါပါတယ်။ နောက်ပြီးတော့ ကျန်းမာရေးကဏ္ဍမှာလည်း ဖွံ့ဖြိုးတိုးတက်အောင် ကျွန်တော်တို့ကူညီချင်ပါတယ်" ဟု ၎င်းက ဆိုသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံလိုသည့် ပြင်သစ်ကုမ္ပဏီများမှာ ယခင်ထက် ပိုမိုများပြားလာပြီဟုလည်း H.E. Mr.Jean-Marc AYRAULT က ပြောသည်။ အဆိုပါ ပြင်သစ်ကုမ္ပဏီများမှာလည်း မြန်မာနိုင်ငံ၏ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့အတွက် အလေးထားသည့် ကုမ္ပဏီများဖြစ်သည်ဟု ၎င်းက ထောက်ပြပြောဆိုခဲ့သေးသည်။

မြန်မာနိုင်ငံနှင့် ပြင်သစ်နိုင်ငံအကြား အလွန်ကောင်းမွန်သည့်ဆက်ဆံရေးရှိနေပြီး စီးပွားရေးနှင့် ဖွံ့ဖြိုးရေးအတွက် တစိုက်မတ်မတ်ကူညီပေးသည့် ပြင်သစ်နိုင်ငံအား ကျေးဇူးတင်ရှိကြောင်းလည်း မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသည်။

ပြင်သစ်နိုင်ငံအနေဖြင့်မူ ဒေါ်အောင်ဆန်းစုကြည်နှင့် တသားတည်းရှိနေပြီး မြန်မာနိုင်ငံတွင် အဓိကအခန်းကဏ္ဍတွင် ပါဝင်နေသော ဒေါ်အောင်ဆန်းစုကြည်၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများအား အမြဲတမ်းထောက်ခံ၊ ပံ့ပိုးသွားမည်ဟု H.E. Mr.Jean-Marc AYRAULT က သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

ဝန်ကြီးနှစ်ဦး၏ တွေ့ဆုံမှုတွင်  လူ့အခွင့်အရေးကာကွယ်မြှင့်တင်ရေး ကိစ္စ၊ ပြင်သစ်နိုင်ငံမှ ပံ့ပိုးပေးနေသည့် လူသားအရင်းအမြစ်နှင့် အရည်အသွေးမြှင့်တင်ရေးဆိုင်ရာ သင်တန်းများ ကိစ္စ၊ မြန်မာနိုင်ငံရှိ မြို့တော်များ အတွက် မြို့ပြစီမံကိန်းများဆိုင်ရာကိစ္စ၊ ဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စ စသည်တို့ကို အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

ပြင်သစ်နိုင်ငံခြားရေးနှင့် နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီး H.E. Mr.Jean-Marc AYRAULT သည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံအပြီးတွင် သမ္မတအိမ်တော်သို့ သွားရောက်ကာ သမ္မတဦးထင်ကျော်နှင့်လည်း တွေ့ဆုံခဲ့သေးသည်။

အဆိုပါ တွေ့ဆုံမှုတွင်မူ  နှစ်နိုင်ငံဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ပိုမိုမြှင့်တင်ရေး၊ ပညာရေး၊ ယဉ်ကျေးမှုကဏ္ဍများ ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာနိုင်ငံ၏ လက်ရှိ ဆောင်ရွက်နေသည့်ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များနှင့် လူအခွင့်အရေး မြှင့်တင်နိုင်ရန်အတွက် ဆောင်ရွက်နေမှုများ၊ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁) ရာစု ပင်လုံ အကြိုပြင်ဆင်နေမှုများနှင့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်မှုလုပ်ငန်းများအား ဆွေးနွေးခဲ့ကြသည်ဟု သမ္မတရုံးက သတင်းထုတ်ပြန်ထားသည်။

ဝန်ကြီး H.E. Mr.Jean-Marc AYRAULT သည် မြန်မာနိုင်ငံသို့ ဇွန်လ ၁၆ရက်တွင် စတင်ရောက်ရှိခဲ့ခြင်းဖြစ်ပြီး ဇွန်လ ၁၉ရက်နေ့တွင်မူ ၎င်း၏ မြန်မာနိုင်ငံခရီးစဉ် ပြီးဆုံးမည်ဖြစ်သည်ဟု သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags