ပရီးမီးယားလိဂ်မှာ ကစားခဲ့ဖူးတဲ့ ကမ္ဘောဇတိုက်စစ်မှူး ကာလက်ဖိုလန်ပြောတဲ့ မြန်မာနိုင်ငံနဲ့ အာရှအကြောင်း

ပရီးမီးယားလိဂ်မှာ ကစားခဲ့ဖူးတဲ့ ကမ္ဘောဇတိုက်စစ်မှူး ကာလက်ဖိုလန်ပြောတဲ့ မြန်မာနိုင်ငံနဲ့ အာရှအကြောင်း

တိုက်စစ်မှူး ကာလက်ဖိုလန်အတွက် သူ့ရဲ့ဘောလုံးသမားဘဝကို ပြန်လည်စတင်ဖို့ ကောင်းမွန်တဲ့ နေရာတစ်ခုကို တွေ့ရှိသွားခဲ့ပါပြီ။ အဲ့ဒီနေရာမှာ ရှိနေတဲ့ တစ်စုံတစ်ခုသော အရာက ဒဏ်ရာတွေနဲ့ရုန်းကန်ခဲ့ရတဲ့ သူ့ရဲ့နာကျင်စရာ အင်္ဂလိပ်ဘောလုံးလောကကို မေ့ပျောက်နိုင်စေပါတယ်။ ဒီနေရာက သူရှာဖွေနေတဲ့ နေရာမျိုးဆိုတာ ဖိုလန် အတိအကျ သိနေပါတယ်။

အဲ့ဒီနေရာကတော့ 'ဘားမား' လို့ခေါ်တဲ့ မြန်မာနိုင်ငံပဲ ဖြစ်ပါတယ်။ အင်္ဂလိပ်စာရေးဆရာ နိုဗယ်ဆုရှင် Rudyard Kipling ကတော့ ဘားမားလို့ပဲ ခေါ်ဝေါ်သုံးစွဲ ခဲ့ပါတယ်။ မြန်မာနိုင်ငံက အာရှနိုင်ငံတွေထဲမှာ အဆင်းရဲဆုံးနိုင်ငံတစ်နိုင်ငံဖြစ်သလို ကမ္ဘာပေါ်က အဆင်းရဲဆုံးနိုင်ငံ စာရင်းဝင်တဲ့ နိုင်ငံတစ်ခု ဖြစ်ပါတယ်။ စစ်အုပ်ချုပ်ရေးအောက်မှာ နှစ်များစွာ နေခဲ့ရပြီး အနောက်ကမ္ဘာနဲ့ ခြားနားနေခဲ့တာ နှစ်ပေါင်းများစွာကြာမြင့်ခဲ့ပါပြီ။ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်ကမှ ဒီမိုကရေစီ အစိုးရတစ်ရပ် ပေါ်ပေါက်လာပြီး ကူးလူးဆက်ဆံမှုတွေ ပြန်လည် ပြုလုပ်လာတာ ဖြစ်ပါတယ်။

ခရီးသွားနေတဲ့ တိုက်စစ်မှူးလို့ တင်စားခံရတဲ့ အသက် ၃၂ နှစ်အရွယ်ရှိ ကာလက်ဖိုလန်ဟာ အင်္ဂလိပ်ကလပ်အသင်း ရှစ်သင်း၊ အမေရိကန်၊ မလေးရှား စတဲ့ နိုင်ငံတွေမှာ ကစားခဲ့ပြီးတဲ့နောက် ၂၀၁၄ ဒီဇင်ဘာလမှာ ကမ္ဘောဇအသင်းကို ရောက်ရှိလာခဲ့ပါတယ်။

'မြန်မာနိုင်ငံဟာ အရှုပ်အထွေးတွေနဲ့ ရှေ့ဆက်နေတဲ့ တိုင်းပြည်ပါ။ ဒါပေမဲ့ တိမ်မြုပ်နေတဲ့ ရတနာတစ်ပါးလည်း ဖြစ်ပါတယ်။ နိုင်ငံခြားသား ခရီးသွားတွေဟာ ဒီတိုင်းပြည်ကို အခြားအာရှနိုင်ငံတွေနဲ့ နှိုင်းယှဉ်ပြီး မတို့မထိကြပါဘူး။ မြန်မာဟာ ယဉ်ကျေးမှုတွေ အများကြီး ရှိတဲ့နိုင်ငံ ဖြစ်ပါတယ်။

ကျွန်တော့်ရဲ့ မလေးရှားကလပ်အသင်း T-Team FC နဲ့ မြန်မာနိုင်ငံကို ရာသီကြိုခြေစမ်းပွဲ လာရောက်ကစားတဲ့ အချိန်မှာ ဒီနိုင်ငံကို နှစ်သက်သဘောကျသွားခဲ့ပါတယ်။ မှန်ကန်တဲ့ အခွင့်အရေးတစ်ခုကို ရှာဖွေနေတဲ့ အချိန်မှာ ဒီကို ပြောင်းရွှေ့လာဖို့ ခေါ်ယူခံခဲ့ရပါတယ်။

မြန်မာနိုင်ငံက ကျွန်တော် နောက်ဆုံးရောက်ခဲ့တဲ့ အချိန်ကထက် ပြောင်းလဲမှုတွေ အများကြီးဖြစ်နေပြီ ဖြစ်ပေမယ့် ရိုးရာယဉ်ကျေးမှုတွေအများကြီး ယနေ့တိုင် ရှိနေဆဲပါပဲ။ ဖိနပ်မပါပဲ လမ်းလျှောက်သွားနေတဲ့ ဘုန်းကြီးတွေကို အချိန်တိုင်းမှာ ခင်ဗျားတွေ့နိုင်ပါတယ်။

စက်ဘီးတစ်စီးဝယ်ပြီး ကျွန်တော် နေရာအနှံ့ လျှောက်သွားခဲ့ပါတယ်။ အလွန်အိုဟောင်းနေတဲ့ ရန်ကုန်မြို့ကြီးကို ကျွန်တော်တွေ့ခဲ့ရပါတယ်။ လမ်းလျှောက်သွားပြီး စူးစမ်းလေ့လာရတာကိုလည်း ကျွန်တော် နှစ်သက်ပါတယ်။ အချို့နေရာတွေမှာတော့ ရယ်စရာကောင်းတဲ့ အဖြစ်အပျက်တွေနဲ့ တွေ့ခဲ့ရပါတယ်။ လူတစ်ချို့က ရပ်ပြီး ကျွန်တော့်ကို စူးစိုက်ကြည့်နေပါတယ်။ ကျွန်တော်က ပြုံးပြပြီး မြန်မာစကားအချို့နဲ့ ပြောဆိုနှုတ်ဆက်ဖို့ ကြိုးစားပါတယ်။ သူတို့ဟာ အလွန်ဖော်ရွေပြီး ခင်မင်စရာကောင်းတဲ့ လူတွေပါ။ မြန်မာနိုင်ငံအကြောင်းကို ပြောရမယ်ဆိုရင်တော့ အလွန် မိတ်ဆွေသူငယ်ချင်းဆန်တဲ့ နေရာ ဖြစ်ပါတယ်' လို့ ဖိုလန်က ပြောပါတယ်။

မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲဟာ ၂၀၀၉ ခုနှစ်က စတင်ခဲ့တာ ဖြစ်ပြီး အခုအချိန်မှာ အသင်း ၁၂ သင်းပါဝင် ယှဉ်ပြိုင်ကစားလျက်ရှိနေပါတယ်။ ပွဲစဉ်အများအပြားကို ရန်ကုန်မြို့မှာပဲ ကစားပါတယ်။ ဒါပေမဲ့ ကြီးမားတဲ့ ရန်ကုန်မြို့ဟာ ၂၀၀၆ ခုနှစ်ကတည်းက စတင်ပြီး မြန်မာပြည်ရဲ့ မြို့တော် မဟုတ်တော့ပါဘူး။

ဖိုလန်ဟာ ရှမ်းပြည်နယ်ကိုယ်စားပြု တောင်ကြီးအခြေစိုက် ကမ္ဘောဇအသင်းအတွက် ကစားပေးနေတာပါ။ ရှမ်းပြည်နယ်တောင်ပိုင်းက အေးချမ်းတဲ့ မြို့လေးမှာ ဖြစ်ပါတယ်။

'နိုင်ငံခြားသားအများစုကတော့ ရန်ကုန်က ဟိုတယ်တွေမှာ နေထိုင်ကြပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဟာ အမြဲတမ်းသွားလာနေရတာပါပဲ။ တစ်ခါတစ်ရံမှာ အိမ်ကွင်းပွဲစဉ်ကစားဖို့ တောင်ကြီးကို ခရီးသွားရပါတယ်။ တောင်ကြီးကို သွားရတဲ့ အခါတွေမှာတော့ ကျွန်တော်တို့ဟာ အရာရာနဲ့ မိုင်ပေါင်းများစွာ ဝေးကွာသွားခဲ့ပါတယ်။ အင်တာနက်က လွဲလို့ အခြား ကူးလူးဆက်ဆံမှုတွေ အားနည်းသွားလို့ပါ။ တောင်ကြီးမြို့က အင်းလေးလို့ခေါ်တဲ့ ထင်ရှားတဲ့ရေအိုင်နဲ့လည်း နီးပါတယ်။ အင်းလေးဒေသက လူတွေက ရေအိုင်ထဲမှာပဲ ဝါးတွေနဲ့တည်ဆောက်ထားတဲ့ အိမ်လေးတွေပေါ်မှာ နေထိုင်ကြပါမယ်။ သူတို့ရဲ့ ဆက်ဆံရေး ချိတ်ဆက်မှုက ရေထဲမှာပါပဲ' လို့ ဖိုလန်က သူ့ရဲ့ အတွေ့အကြုံတွေကို ပြောပြပါတယ်။

တကယ်တော့ ဖိုလန်ဟာ မြန်မာနေရှင်နယ်လိဂ်မှာ လာရောက်ကစားနေတဲ့ နိုင်ငံခြားသား ကစားသမားတွေထဲက အဆင့်အတန်းမြင့်မားတဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။ သူဟာ လူငယ်ကစားသမားဘဝကို လိဒ်ယူနိုက်တက်အသင်းမှာ စတင်ခဲ့တာဖြစ်ပြီး ၂၀၀၁ ခုနှစ်မှာ လိဒ်ယူနိုက်တက်အသင်းကြီးမှာ ပါဝင်ကစားခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ ဝီဂန်၊ ဟားလ်စီးတီး၊ ကော်လိုရာဒိုပိုင်းရိတ်၊ ဘာမင်ဂမ်စတဲ့ အသင်းတွေမှာ ကစားခဲ့ပါတယ်။ ၂၀၀၇ ခုနှစ်မှာ ဟားလ်စီးတီးအသင်းဟာ ဖိုလန်ကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်တစ်သန်းနဲ့ ဝီဂန်အသင်းထံကနေ ဝယ်ယူခဲ့ပါတယ်။ အဲ့ဒီကာလက ဖိုလန်ရဲ့ အကောင်းဆုံးကာလတွေလို့ ဆိုရမှာပါ။ ဟားလ်စီးတီးအသင်းကို ပရီးမီးယားလိဂ်ကို တန်းတက်အောင် ကူညီပေးနိုင်ခဲ့ပြီး အိုင်ယာလန်လက်ရွေးစင်အသင်းမှာလည်း ပါဝင်ခွင့်ရခဲ့ပါတယ်။ (အင်္ဂလန်မှာ မွေးဖွားသူဖြစ်ပေမယ့် အဘိုး၊ အဘွားတွေရဲ့ ဇာတိကို ရွေးချယ်ခဲ့ခြင်းဖြစ်ပါတယ်) ဒီလိုအောင်မြင်နေတဲ့ ကာလတွေမှာတောင် ဖိုလန်ဟာ ဒဏ်ရာတွေနဲ့ မကြာခဏ လုံးပန်းခဲ့ရပါတယ်။ ဘာမင်ဂမ်အသင်းကို ရောက်ရှိခဲ့တဲ့ ၂၀၁၂ ခုနှစ်မှာတော့ ဖိုလန်ဟာ တစ်ပွဲမှ မကစားခဲ့ရဘဲ ထူးခြားတဲ့ ခြေထောက်အာရုံကြောဆိုင်ရာပြဿနာနဲ့ ရင်ဆိုင်ရပြီး အနားယူခဲ့ရပါတယ်။

ဖိုလန်ရဲ့ ခြေထောက်ဟာ ခြောက်လ၊ ခုနှစ်လလောက်အထိ လှုပ်ရှားနိုင်ခြင်း မရှိခဲ့ဘဲ ရေခဲခန်းကုထုံးနဲ့ ကုသခဲ့ပါတယ်။ ဒီလိုကုသရာမှာလည်း တော်တော်လေးကို ခံစားခဲ့ရပါတယ်။ သူ့ရဲ့ခြေထောက်တွေဟာ လအနည်းငယ်အထိ ထုံကျင်နေခဲ့တယ်လို့ ဖိုလန်က ပြောပါတယ်။

လအတော်ကြာ အနားယူပြီးတဲ့နောက် ဖိုလန်ဟာ မလေးရှားကလပ် T-Team နဲ့ ကစားသမားဘဝကို ၂၀၁၂ ဒီဇင်ဘာမှာ ပြန်လည် စတင်ခဲ့ပါတယ်။ ဒါပေမဲ့ မလေးရှားမှာလည်း ရုန်းကန်ခဲ့ရပြီး ၁၀ ပွဲပါဝင်ကစားခဲ့ရာမှာ တစ်ဂိုးမှ မသွင်းနိုင်ခဲ့လို့ အင်္ဂလန်ကို ပြန်သွားခဲ့ပါတယ်။ ဘရက်ဖို့ဒ်အသင်းနဲ့ သုံးလစာချုပ်ချုပ်ဆိုခဲ့ပြီး ခြောက်ပွဲပါဝင်ကစားခဲ့ပါတယ်။ အဲ့ဒီမှာလည်း ဂိုးမရတာကြောင့် အာရှဘောလုံးလောကကို ပြန်သွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဖိုလန်ဟာ ဒဏ်ရာက ပြန်ကောင်းလာတဲ့အချိန်မှာ တော်တော်လေးကို ရုန်းကန်ခဲ့ရတာပါ။ သူမလေးရှားကနေ ပြန်လာတဲ့ အချိန်မှာ ဘလက်ပူးလ်အသင်းက စိတ်ဝင်တစားရှိခဲ့လို့ ရာသီအကြိုကာလတစ်ခုလုံး လေ့ကျင့်ခန်းတွေ တွဲဖက်ပြုလုပ်ခဲ့ပေမယ့် တကယ်တမ်းစာချုပ်ချုပ်ဖို့ ကမ်းလှမ်းတဲ့ အခါကျတော့ လအလိုက်ပဲ စာချုပ်ဖို့ ကမ်းလှမ်းခဲ့ပါတယ်။ ဒါကို လက်မခံခဲ့ဘဲ သုံးလချုပ်မယ့် ဘရက်ဖို့ဒ်ကို ရွေးခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့နှလုံးသားက ဘရက်ဖို့ဒ်အသင်းမှာ ရှိမနေဘူးလို့ ဖိုလန်က ဝန်ခံခဲ့ပြီး အာရှကို လာဖို့ ဆုံးဖြတ်ခဲ့တာပါ။ အမေရိကန်ကလပ်အချို့က ကမ်းလှမ်းခဲ့ပေမယ့် မြန်မာနိုင်ငံက ကမ္ဘောဇကို ရွေးခဲ့တာ ဖြစ်ပါတယ်။

လိဒ်အသင်းနှင့် ပရော်ဖက်ရှင်နယ်စာချုပ်စတင်ချုပ်ဆိုခဲ့စဉ်က ကစားသမားဘဝအဆုံးမှာ တရုတ် ဒါမှမဟုတ် ဟောင်ကောင်မှာ ကစားဖို့ ဆန္ဒရှိခဲ့တယ်လို့ ဖိုလန်က ဝန်ခံခဲ့ပါတယ်။

ဒါပေမဲ့ အခုတော့ ဖိုလန်ဟာ ကမ္ဘာဇအသင်းနဲ့အတူ မြန်မာနေရှင်နယ်လိဂ်မှာ ကစားရင်း လက်ရှိဘဝကို ပျော်ရွှင်နှစ်သက်နေပါပြီ။ ဘောလုံးကစားရင်း အနုပညာနဲ့ ဓာတ်ပုံပညာ အလုပ်တွေကိုလည်း စိတ်ဝင်တစား လုပ်ကိုင်လျက်ရှိနေပါတယ်။

ဖိုလန်က သူ့ရဲ့ လက်ရှိဘဝကို ဘယ်လိုနှစ်ခြိုက်ကြောင်း အခုလို ပြောပါသေးတယ်။ 'ကျွန်တော့်ရဲ့ဘောလုံးသမားဘဝနဲ့ အတွေ့အကြုံအသစ်တွေ သင်ယူရတာကို နှစ်သက်ကျေနပ်မိပါတယ်။ အာရှမှာ လာကစားရတာက ဒီကလူတွေ ဘယ်လို နေထိုင်ကြသလဲဆိုတာကို မြင်တွေ့ရပါတယ်။ ဒါက ဘဝမှာ အရေးကြီးတဲ့ သင်ခန်းစာတွေကို ရရှိစေပါတယ်။ ဒီကလူတွေဟာ ရှိတာနဲ့ ရောင့်ရဲတင်းတိမ်ကြပါတယ်။ သူတို့အတွက် ရုပ်ဝတ္ထုပစ္စည်းတွေ အများကြီး မလိုအပ်ပါဘူး။ သူတို့ဟာ တဲအိမ်လေးတွေမှာ နေကြပြီး စက်ဘီးနဲ့ ခရီးသွားကြပါတယ်။ ဒါက ကျွန်တော်တို့ရဲ့ အမြင်တွေကို ပွင့်လင်းစေပါတယ်' လို့ ဖိုလန်ကဆိုပါတယ်။

အာရှကို ရောက်ရှိချိန်က ဘာမှ မကြာသေးပေမယ့် ဖိုလန်ဟာ ဘုန်းတော်ကြီး ဒလိုင်းလားမားရဲ့ ဆုံးမစကားတွေနဲ့လည်း ထိတွေ့ခဲ့ပြီးဖြစ်ပါတယ်။

ဒလိုင်းလားမားရဲ့ အဆိုကတော့ 'ဒါက ကျွနိုပ်ရဲ့ရိုးရှင်းတဲ့ ဘာသာတရားကိုးကွယ်မှုပါပဲ။ ရှစ်ခိုးဝတ်ပြုဖို့အတွက် ဘုရားကျောင်းတွေ မလိုအပ်ပါဘူး။ မတူညီတဲ့ ဘာသာတရား အတွေးအမြင်တွေကို ငြင်းခုံနေစရာလည်း မလိုပါဘူး။ ကျွနိုပ်တို့ရဲ့ကိုယ်ပိုင်ဦးနှောက်၊ ကိုယ်ပိုင်နှလုံးသားတွေက ကျွနိုပ်တို့ရဲ့ ဘုရားကျောင်းပါပဲ။ သနားကြင်နာမှုကတော့ ကျွနိုပ်ရဲ့ ဖလော်ဆော်ဖီဖြစ်ပါတယ်' လို့ ဆိုထားခြင်း ဖြစ်ပါတယ်။ ဒီအဆိုအမိန့်ကို ဖိုလန်က သဘောကျကြောင်း ဆိုခဲ့ပါတယ်။

အာရှရဲ့နေရောက်ခြည်က ခင်ဗျားရဲ့ ခံစားချက်တွေကို ပြောင်းလဲစေနိုင်သလို အာရှဒေသဟာ ကောင်းမွန်တဲ့ စွမ်းအင်တွေကို ထုတ်လုပ်ပေးနိုင်တယ်လို့လည်း ဖိုလန်က ဖွင့်ဟခဲ့ပါတယ်။

ကိုးကား ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly