မြန်မာ့ငြိမ်းချမ်းရေးတွင် တရုတ်၏ ဖိစီးမှု

မြန်မာ့ငြိမ်းချမ်းရေးတွင် တရုတ်၏ ဖိစီးမှု

မီဒီယာ လက်လှမ်းမမီရာ ရှေ့တန်းစစ်မျက်နှာများတွင် မြန်မာစစ်တပ်က တိုင်းရင်းသားလက်နက်ကိုင်များအား တိုက်ခိုက်နေရာ၌ လက်နက်တပ်ဒရုန်းများ အသုံးပြုနေသည်ကို ညွှန်ပြနေသည့် ဓာတ်ပုံက ပြီးခဲ့သည့် သီတင်းပတ်အတွင်း အင်တာနက်တွင် ပျံ့နှံ့ခဲ့သည်။ ဖြစ်နိုင်ခြေမှာ အတွင်းလူတစ်ဦးက မိုဘိုင်းဖုန်းဖြင့် ရိုက်ကူးကာ ဖေ့ဘုတ်ပေါ်တင်လိုက်သည့် ဓာတ်ပုံဖြစ်နိုင်ပြီး ယင်းပုံသည်   နိုင်ငံမြောက်ပိုင်း လေဆိပ်ကွင်းတစ်ခုတွင် တရုတ်လုပ် CH-3A မောင်းသူမဲ့ တိုက်ခိုက်ရေးဒရုန်းယာဉ်တစ်စင်း ပျံသန်းရန် စစ်သားများ ပြင်ဆင်နေပုံဖြစ်သည်။

လွန်ခဲ့သည့် လအနည်းငယ်အတွင်းကလည်း မြန်မာနိုင်ငံမြောက်ပိုင်းတွင် မိုဘိုင်းဖုန်းဓာတ်ပုံတစ်ပုံက ၂၀၁၄ ခုနှစ်အတွင်း HIS-Jane အဖွဲ့၏ ထုတ်ပြန်ထားသော အစီရင်ခံစာကို အတည်ပြုပေးနေသည်။ နိုင်ငံအတွင်း အကြီးဆုံးလက်နက်ကိုင်အုပ်စုဖြစ်သည့် UWSA တပ်ဖွဲ့က တရုတ်လုပ် FN-6 man-portable air defence systems သို့မဟုတ် MANPADS ကို အသုံးပြုနေသည်ဆိုသော ထုတ်ပြန်ချက်ဖြစ်သည်။ UWSA ဝလက်နက်ကိုင်တပ်ဖွဲ့ ထိန်းချုပ်ရာ ရှမ်းပြည်နယ်မှ ယင်းဓာတ်ပုံက ဖော်ပြနေသည်မှာ တင့်ကားဖျက် ပုခုံးထမ်းဒုံးကျည်များဖြင့် ဝတပ်များ စစ်ရေးလေ့ကျင့်နေကြပုံဖြစ်သည်။

ထိုပုံနှစ်ပုံဖြင့် ရိုးရိုးရှင်းရှင်း တွေးရလျှင် တရုတ်လက်နက်ထုတ်လုပ်သည့် လုပ်ငန်းအတွက် အကျိုးအမြတ်ဖော်ယူမှုအဖြစ် တရုတ်လုပ် ဒရုန်းယာဉ်များကို ပစ်ချနိုင်သည့် တရုတ်ဒုံးကျည်များ ဝနှင့် ဝမဟာမိတ်တပ်ဖွဲ့များ ဝယ်ယူထားနိုင်သည်ဆိုပြီး ကောက်ချက်ဆွဲနိုင်သည်။ သို့သော် နယ်စပ်ရေးရာ ရှုပ်ထွေးမှုများလည်း ရှိနေသည်။ လက်တွေ့အမြင်အားဖြင့် တရုတ်နိုင်ငံသည် မြန်မာစစ်တပ် သို့မဟုတ် တပ်မတော်နှင့် ကောင်းမွန်သော ဆက်ဆံရေးကို ထိန်းသိမ်းထားသလို တစ်ဖက်တွင်လည်း အဓိက တိုင်းရင်းသားအတိုက်အခံအဖွဲ့များနှင့်လည်း ဆက်ဆံရေး မပြတ်စေဘဲ နှစ်ဖက်စလုံးကို ချိန်ခွင်လျှာတင်ထားပြီး စစ်လက်နက်နည်းပညာများ ပေးအပ်လျက်ရှိနေရာ NLD အစိုးရလက်ထက် လာမည့်လတွင် ဖော်ဆောင်ယူမည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အခရာကျသည့် အခန်းကဏ္ဍကို တရုတ်က ဖော်ဆောင်ထားခြင်းဖြစ်နိုင်သည်။

ပြီးခဲ့သည့်လများအတွင်း အာရှရေးရာတရုတ်အထူးသံ Sun Guoxiang မြန်မာနိုင်ငံသို့ အထူးလာရောက်ခြင်းနှင့် တရုတ်သံအမတ်ကြီး Hong Liang နေပြည်တော်တို့ လာရောက်ခြင်းတို့ဖြင့် မြန်မာနိုင်ငံတွင် ရရှိထားသည့် သြဇာလွှမ်းမိုးနိုင်မှုကို တရုတ်နိုင်ငံအနေဖြင့် ပျက်ပြယ်ခြင်းမရှိအောင် အမြဲအားထုတ်မှုတစ်ရပ်အဖြစ် ရှုမြင်နိုင်သည်။ နော်ဝေ၊ ဆွစ်ဇာလန်၊ အီးယူနှင့် ဂျပန်နိုင်ငံတို့ကဲ့သို့ မြန်မာ့ငြိမ်းချမ်းရေးတွင် အထောက်အကူပြုပေးလျက်ရှိသည့် အခြားသောနိုင်ငံများထက် မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးဖြစ်ထွန်းခြင်း သို့မဟုတ် စစ်ပွဲဆက်လက်ဖြစ်ပွားခြင်းတို့၏ အခြေခံကျကျ သက်ရောက်မှုက အဓိကမဟာဗျူဟာနှင့် စီးပွားရေးအကျိုးအမြတ် ရှိထားသည့် တရုတ်နိုင်ငံတွင် ပိုမို၍ ရိုက်ခတ်စေမည်ဖြစ်သည်။

တပ်မတော်၏ ခေတ်မီတပ်မတော်ဖြစ်ရေး လုပ်ဆောင်မှုနှင့် တပ်မတော် အင်အားချဲ့ထွင်မှုတွင် တရုတ်က မဟာမိတ်ပြု စောင်မနေချိန် တစ်ချိန်တည်းတွင် ၁၉၉၀ နှင့် ၂၀၀၀ ခုနှစ်များအတွင်း တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြုပ်နှံမှုနှင့် ကုန်သွယ်မှုပမာဏသည်လည်း အဆများစွာ ကြီးထွားလာခဲ့သည်။ အချိန်သိပ်မကြာသေးခင်က တရုတ်အနောက်တောင်ပိုင်းဒေသ စီးပွားရေးဖွံ့ဖြိုးမှုအတွက် ရည်ရွယ်သည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းကို မြန်မာနိုင်ငံက ဖြတ်သန်းခွင့်ပေးကာ တရုတ်သို့ ပေးပို့သွယ်တန်းခဲ့သည်။ အိန္ဒိယသမုဒ္ဒရာဒေသနှင့် ဥရောပအလွန်သို့ ချိတ်ဆက်မည့် တရုတ်၏ ပထဝီနိုင်ငံရေး မဟာဗျူဟာဖြစ်သော ပိုးလမ်းမကြီးအတွက် ဗဟိုချက်ဖြစ်သည့် ရထားလမ်း၊ ကားလမ်းနှင့် ဆိပ်ကမ်းအခြေခံအဆောက်အအုံများ တည်ဆောက်ခွင့်ကို မြန်မာနိုင်ငံက နောက်ထပ်အကြီးစား ရင်းနှီးမြုပ်နှံမှုများအဖြစ် ခွင့်ပြုပေးထားပြီလည်းဖြစ်သည်။

မြန်မာနိုင်ငံတွင် တရုတ်၏ လက်တံဖြန့်ထားမှုတွင် အရေးကြီးသည့် ခံစစ်သဘောထားအမြင်တစ်ရပ်ကလည်း ရှိထားသည်။ ၁၉၅၀ ခုနှစ်များအတွင်းက နယ်စပ်တစ်လျှောက်ကို မတည်မငြိမ်ဖြစ်စေခဲ့သည့် ကူမင်တန်တပ်များသည် မြန်မာအရှေ့မြောက်ပိုင်း၌ တပ်စွဲခဲ့ကြခြင်းဖြစ်ပြီး အမေရိကန် CIA က ကူမင်တန်တပ်များအား နောက်ကွယ်က ထောက်ပံ့ခဲ့သည်က တရုတ်အတွက် မေ့နိုင်စရာရှိမည်မဟုတ်ပေ။ တရုတ်ပါဝင်သည့် စစ်အေးတိုက်ပွဲသစ်အတွက် စိုးရိမ်မှုများ ကြီးထွားနေချိန်တွင် မြန်မာနိုင်ငံသို့ အမေရိကန်နှင့် ဂျပန်တို့၏ ဗျူဟာဦးတည်ထားမှုများက တရုတ်နိုင်ငံအတွက် နယ်စပ်တစ်လျှောက် တိုင်းရင်းသားလက်နက်ကိုင်တပ်များနှင့် ပိုမိုရင်းနှီးဆက်ဆံပြီး ထောက်ပံ့မှုများ ပေးဖြစ်စေအောင် ဖြစ်ရသည်။

တပ်မတော်နှင့် အပစ်ရပ် ၂၇ နှစ်တာ အရိပ်ကိုခိုကာ ဝတပ်ဖွဲ့ကို အင်အားကြီးထွားစေခဲ့သည်။ စစ်သားစွမ်းရည် လေ့ကျင့်သင်ကြားခြင်း၊ ခေတ်မီလက်နက်တပ်ဆင်ပေးခြင်းနှင့် နယ်မြေအပိုင်ပြုစေခြင်းတို့ဖြင့် တပ်မတော်အတွက် အဟန့်အတားအဖြစ် အင်အားကြီးထွားစေရာ နှစ်ဖက်စလုံးအတွက် သတိထားနေရသည့် အနေအထားပင်ဖြစ်သည်။ တပ်မတော်က ဝတပ်ဖွဲ့ကို စစ်ရေးအရ ကြံရွယ်ခြင်းသည် နိုင်ငံအတွက် ဆယ်စုနှစ်များစွာ နောက်ကြောင်းပြန်သွားရမည့် အခြေအနေဆိုက်ရမည်ဖြစ်သည်။ ဝတပ်ဖွဲ့၏ အနေအထားကလည်း ကိုးကန့်၊ ပလောင်၊ ရှမ်းနှင့် လက်ရှိတပ်မတော်နှင့် စစ်မက်ဖြစ်ပွားနေသည့် ရခိုင်တပ်များနှင့် မဟာမိတ်ဖွဲ့ကာ နောက်ထပ်အင်အား ဖြည့်တင်းထားသည်။

ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်များကလည်း ကျေနပ်စရာမရှိသည့် နိုင်ငံရေးမိုင်းကွင်းသဖွယ် ဖြစ်နေသည်။ စစ်တပ်ကျောထောက်နောက်ခံ ဦးသိန်းစိန်အစိုးရလက်ထက်တွင် အနောက်အုပ်စုနှင့် ဂျပန်တို့၏ ရန်ပုံငွေ၊ အကြံဉာဏ် အထောက်အကူများဖြင့် တစ်နိုင်ငံလုံးအပစ်ရပ်ရေးကို ဖော်ဆောင်ခဲ့သော်လည်း အောင်မြင်မှုက ယိုပေါက်များစွာရှိခဲ့သည်။ နိုင်ငံရေးဆွေးနွေးပွဲများနှင့် တိုင်းရင်းသားအတိုက်အခံအဖွဲ့များ နောက်ဆုံးလက်နက်ဖျက်သိမ်းရေးအထိ ရည်ရွယ်သည့် NCA ကို ပြီးခဲ့သည့်နှစ်အောက်တိုဘာတွင် နောက်ဆုံးလက်မှတ်ရေးထိုးနိုင်ခဲ့သော်လည်း လက်နက်ကိုင်အဖွဲ့ငယ် ရှစ်ဖွဲ့သာ ပါဝင်လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး အဓိကအဖွဲ့များက ပါဝင်ခြင်း မရှိပေ။ တိုက်ပွဲသစ်များလည်း ဖြစ်ပွားလာခဲ့သည်။

အစိုးရသစ်လက်ထက် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအတွက် ၂၁ ရာစုပင်လုံညီလာခံကို လာမည့်လတွင် ကျင်းပတော့မည်ဖြစ်သည်။ ၁၉၄၇ ခုနှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည်၏ ဖခင် ဗိုလ်ချုပ်အောင်ဆန်း လုပ်ဆောင်ခဲ့သည့် ပင်လုံညီလာခံအား ပြန်လည်အသက်ဝင်ရေးပင်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly