ဂျပန်တွင် ဖခင်ဖြစ်သူကို သားက ထမင်းစား တူဖြင့် ထိုးသတ်မှု ဖြစ်ပွား

ဂျပန်တွင် ဖခင်ဖြစ်သူကို သားက ထမင်းစား တူဖြင့် ထိုးသတ်မှု ဖြစ်ပွား

ဇွန် ၁၆ ။             ။ ဂျပန်နိုင်ငံတွင် စကားများရန်ဖြစ်ကြသော မိဘနှစ်ဦးကြား ဝင်ရောက်ဖြန်ဖြေရာမှ သားဖြစ်သူက အဖေဖြစ်သူကို ထမင်းစားတူဖြင့် ထိုးသတ်လိုက်မိသည်ဟု ဇွန်လ ၁၆ ရက် သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ နိုင်ငံအနောက်ပိုင်း အိုဆာကာမြို့ရှိ နေအိမ်တစ်အိမ်တွင် ယခုဖြစ်စဉ်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းနှင့် တူဖြင့်အထိုးခံခဲ့ရသူမှာ သေဆုံးသွားခဲ့ပြီဖြစ်ကြောင်း ရဲများက ပြောသည်။

ဇွန်လ ၁၅ ရက် ညပိုင်းက အသက် ၈၀ အရွယ် ဖခင်ဖြစ်သူ၏ လည်မျိုကို အရှည် စင်တီမီတာ ၃၀ ရှိ သစ်သားတူဖြင့် ထိုးသတ်လိုက်မိကြောင်း အသက် ၅၁ နှစ်ရှိပြီဖြစ်သည့် ဂျပန်နိုင်ငံသား မီချီကာဇူ အီခူချီက ဝန်ခံသွားသည်။

" သူ့ အဖေနဲ့ အမေ စကားများကြတာကို ဝင်တားဖို့ လုပ်တာကနေ သူစိတ်မထိန်းနိုင်ဘဲ အဖေလုပ်သူကို သတ်လိုက်မိတယ်လို့ အီခူချီက ဝန်ခံပါတယ်" ဟု အိုဆာကာ ရဲတပ်ဖွဲ့မှ အရာရှိတစ်ဦးက ပြောသည်။

" သူက အဲဒီအချိန်မှာ ဒေါသထွက်နေပြီး သူ့အဖေရှေ့မှာ တူကိုင်ပြီး ရမ်းခဲ့ပေမယ့် နောက်ပိုင်း သူ့ကိုယ်သူ သတိမထားမိဘဲ ထိုးမိသွားတယ်လို့ ပြောပါတယ်" ဟု ၎င်းအရာရှိက ထပ်လောင်းပြောကြားသည်။

ဖခင်ကို တူဖြင့် ထိုးသတ်ခဲ့သည့် တရားခံဖြစ်သူ အီခူချီမှာ မိဘနှစ်ဦးနှင့် အကိုမိသားစုတို့နှင့် အတူနေထိုင်သူဖြစ်ကာ ဖြစ်စဉ်ဖြစ်ပွားပြီးပြီးချင်းမှာပင် ဖခင်ကိုအချိန်မီကယ်တင်ရန် လူနာတင်ကားခေါ်ဆောင်ခဲ့သော်လည်း အသက်မှီခဲ့ခြင်းမရှိဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly