ပုလဲမြို့နယ်တွင် သူနာပြုဆရာမတစ်ဦးအား ဆရာဝန်ကြီးက ပါးရိုက်ဟုဆို

ပုလဲမြို့နယ်တွင် သူနာပြုဆရာမတစ်ဦးအား ဆရာဝန်ကြီးက ပါးရိုက်ဟုဆို

မုံရွာ၊ ဇွန် ၁၆ ။             ။ အစည်းအဝေးလုပ်ရန် နေရာကိစ္စနှင့် ပတ်သက်ပြီး စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ဆေးရုံအုပ်ကြီး ဒေါက်တာကြည်ဝင်းက အထက်တန်းသူနာပြုဆရာမတစ်ဦးကို ပါးရိုက်မှု ဇွန် ဇွန် ၁၅ရက်က ဖြစ်ပွားခဲ့သည်ဟု ကာယကံရှင်က မဇ္ဈိမကို ပြောသည်။

"ဝန်ထမ်းတွေရော လူနာတွေရော သက်သေရှိပါတယ်၊ အကြောင်းမဲ့ ပါးလာရိုက်တယ်၊ အခု အမှုဖွင့်ထားပါတယ်။" ဟု ပါးရိုက်ခြင်း ခံခဲ့ရသူ အထက်တန်းသူနာပြုဆရာမက ပြောသည်။

ဆရာဝန်ကြီး၏ အကြောင်းကို ဆေးရုံဝန်ထမ်းဆရာမ တစ်ဦးမှ FB ပေါ်တင်ခဲ့ခြင်းကို အကြောင်းပြု၍ ဆရာဝန်ကြီးက အစည်းအဝေးအား ၎င်းး၏ အိမ်တွင်ခေါ်ခဲ့ရာ လက်ထောက်ဆရာဝန်က အများကိစ္စဖြစ်၍ ဆေးရုံ ရုံးခန်းတွင်စည်းဝေး ရန် ပြောကြားလိုက်ကြောင်း၊ ယင်းကြောင့် ဆရာဝန်ကြီးရောက်ရှိလာချိန်တွင် အထက်တန်းသူနာပြုဆရာမကြီးမှ ဆေးရုံ တွင်လုပ်ရန် ထောက်ခံပြောဆိုခဲ့ကြောင်း သိရသည်။

အထက်တန်းသူနာပြုဆရာမကြီးမှ ယင်းသို့ ပြောကြားနေစဉ် အကြောင်းမဲ့ ပါးရိုက်ကာ ဆေးရုံဝန်းထဲမှ ပြန်လည်ထွက်ခွာသွား ခဲ့ ကြောင်း အရိုက်ခံရသူ သူနာပြုဆရာမက ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး ဆရာဝန်ကြီး ဒေါက်တာကြည်ဝင်းအား မဇ္ဈိမက ဖုန်းဖြင့် ဆက်သွယ် မေးမြန်းရာ"တိုင်းကျန်းမာနဲ့ဆက်သွယ်ထားပါတယ်။ ခွင့်ပြုချက်ရရင် မီဒီယာရှင်းလင်းပွဲ လုပ်ပါ့မယ်။ အဲ့ဒီကျမှ အကြောင်းစုံဖြေကြားပေးပါ့မယ်။" ဟုသာ ဖြေကြားခဲ့သည်။

အဆိုပါဆေးရုံသည် ၂၅ ခုတင်ဆံ့ ဆေးရုံဖြစ်ပြီး သူနာပြုဆရာမ(၈)ဦး၊ ဆရာဝန် (၃)ဦး တာဝန်ထမ်းဆောင်နေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly