စီးပွားရေးအသာစီးရရန် တရုတ်က မြန်မာနိုင်ငံကို ဆိုက်ဘာသူလျှိုလုပ်ဟု Security Week သတင်းဖော်ပြ

စီးပွားရေးအသာစီးရရန် တရုတ်က မြန်မာနိုင်ငံကို ဆိုက်ဘာသူလျှိုလုပ်ဟု Security Week သတင်းဖော်ပြ

စီးပွားရေးအသာစီးရရန်အတွက် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် အခြားသောနိုင်ငံများကို ဆိုက်ဘာသူလျှိုထောက်လှမ်းမှုများကို တရုတ်အစိုးရလက်အောက် ဖွဲ့စည်းထားသည့် ဟက်ကာအုပ်စုက လုပ်ဆောင်လျက်ရှိနေသည်ဟု ယူဆရကြောင်း Security Week သတင်းတွင် ဖော်ပြထားသည်။

နယ်သာလန်က လုံခြုံရေးကုမ္ပဏီတစ်ခုဖြစ်သော Fox-IT က Mofang ဟု အမည်ပေးထားသည့် တရုတ်ဆိုက်ဘာသူလျှိုများက မြန်မာ၊ အိန္ဒိယ၊ ဂျာမနီ၊ ကနေဒါ၊ အမေရိကန်၊ စင်ကာပူ၊ တောင်ကိုရီးယားနှင့် အခြားသောနိုင်ငံများကို ၂၀၁၂ ဖေဖော်ဝါရီမှစကာ ဟက်ကာတိုက်ခိုက်လာခဲ့ခြင်းဖြစ်သည်။ တိုက်ခိုက်မှုများက အစိုးရ၊ စစ်တပ်၊ အရေးကြီးသောအခြေခံအဆောက်အအုံများ၊ လက်နက်ကိုင်အဖွဲ့အစည်းများအပေါ်တွင် ပစ်မှတ်ထားသည်ဟု ဆိုထားသည်။

Mofang ၏ တိုက်ခိုက်မှုအများစုက မြန်မာနိုင်ငံအတွင်းက အဖွဲ့အစည်းများကို ပစ်မှတ်ထားသော်လည်း တစ်ခုသောတိုက်ခိုက်မှုသည် ဆိုက်ဘာသူလျှိုလုပ်ဆောင်ခြင်းဖြင့် နိုင်ငံ၏ စီးပွားရေးအကျိုးအမြတ်ကို ရယူရန် လုပ်ဆောင်ခဲ့ခြင်းဖြစ်ဖွယ်ရှိသည်။

အကဲဖြတ်ဆဲ ဆိုက်ဘာသူလျှိုလုပ်မှုတစ်ရပ်က မြန်မာနိုင်ငံက ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ဆက်စပ်သည့် ဆိုက်ဘာထောက်လှမ်းမှုဖြစ်သည်။ ကျောက်ဖြူအထူးစီးပွားရေးဇုန်သည် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပြီးနောက် ၂၀၀၉ ခုနှစ်မှစကာ တရုတ်က အမျိုးသားရေနံကော်ပိုရေးရှင်း CNPC မှ ရင်းနှီးမြုပ်နှံနေသည့် အထူးစီးပွားရေးဇုန်ဖြစ်သည်။

စင်ကာပူအခြေစိုက် CPG ကော်ပိုရေးရှင်းသည် ကျောက်ဖြူအထူးစီးပွားရေးဇုန်၌ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများနှင့် ပတ်သက်သည့် အကြံပြုတင်ဒါအောင်မြင်ကြောင်း ၂၀၁၄ မတ်လအတွင်း၌ မြန်မာအစိုးရက ကြေညာခဲ့သည်။ ထိုတစ်နှစ်တည်းတွင် CPG နှင့် မြန်မာအစိုးရတို့က ကျောက်ဖြူဇုန်အတွင်း အခြေခံအဆောက်အအုံတည်ဆောက်ရေးဆိုင်ရာ တင်ဒါအား ခေါ်ယူခဲ့သည်။ ၂၀၁၆ ခုနှစ်အစောပိုင်းတွင် တရုတ် CITIC အုပ်စုက တင်ဒါအနိုင်ရကြောင်း ကြေညာခံရသည်။

တင်ဒါအနိုင်ရကြောင်း CITIC ကြေညာခြင်း မခံရမီ ၂၀၁၅ နှစ်လယ်၌ Mofang က မြန်မာအစိုးရ အဖွဲ့အစည်းများနှင့် CPG တို့ကို ဆိုက်ဘာတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။ ထိုဟက်ကာတိုက်ခိုက်မှုဖြင့် သတင်းအချက်အလက်များရယူကာ တရုတ်ကုမ္ပဏီ CITIC တင်ဒါအနိုင်ရရန်အတွက် အကူအညီဖြစ်စေခဲ့ခြင်းဖြစ်ကြောင်း ပညာရှင်များက ယူဆထားသည်။

တရုတ်နိုင်ငံသည် ဆိုက်ဘာသူလျှိုလုပ်မှုများဖြင့် ယှဉ်ပြိုင်မှုများတွင် အသာစီးရရန် သတင်းအချက်အလက်များ ခိုးယူနေကြောင်း မကြာခဏ စွပ်စွဲခံရသော်လည်း စီးပွားရေးအကျိုးအမြတ်အတွက် ဆိုက်ဘာထောက်လှမ်းသူလျှိုလုပ်မှုများနှင့် ပတ်သက်ပြီး စွပ်စွဲခံရမှုက နည်းပါးသည်။

Fox-IT သည် အသုံးပြုနေသော နည်းပညာပိုင်းများတွင် Mofang နှင့် အခြေခံဆက်စပ်မှုရှိနေသည့် ကုမ္ပဏီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly