အိန္ဒိယတွင် လာဘ်ပေးရန် ငြင်းဆန်သည့် အမျိုးသမီးကို ရဲနှစ်ဦးက မီးရှို့သတ်ဟုဆို

အိန္ဒိယတွင် လာဘ်ပေးရန် ငြင်းဆန်သည့် အမျိုးသမီးကို ရဲနှစ်ဦးက မီးရှို့သတ်ဟုဆို

အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဥတာပရာဒေ့ရှ်ပြည်နယ်တွင် လာဘ်ပေးရန်ငြင်းဆန်သည့်အမျိုးသမီးတစ်ဦးကို ရဲစခန်းအတွင်း ရဲနှစ်ဦးက မီးရှို့လိုက်သည်ဟု စွပ်စွဲမှု ထွက်ပေါ်ပြီးနောက် ယင်းအမျိုးသမီးဖြစ်သူ သေဆုံးခဲ့သည့် ဖြစ်ရပ်ဖြစ်ပွားသည်။

အသက် ၄၀ အရွယ်ရှိ နီတူဒွီဝီဒီဆိုသူသည် ရာဇဝတ်တရားသူကြီးအား ရဲများက ရူပီ တစ်သိန်းတောင်းကြကြောင်းကို မသေဆုံးမီ ပြောသွားခဲ့ခြင်းဖြစ်သည်။

ရဲစခန်းတွင် ပြစ်မှုဆိုင်ရာတစ်ခုအတွက် စစ်ဆေးမေးမြန်းဖမ်းဆီးထားသည့် လင်ယောက်ကျားဖြစ်သူအတွက် နီတူက ရဲစခန်းသို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။

လာဘ်ငွေမပေး၍ မီးရှို့သည်ဟူသောစွပ်စွဲချက်ကို ပြောဆိုစွပ်စွဲခံရသည့် ရဲနှစ်ဦးက ငြင်းဆန်ပြီး နီတူက ကိုယ်ကိုကိုသာ မီးရှို့ခြင်းဖြစ်သည်ဟုပြောသည်။

၎င်းရဲနှစ်ဦးကို ရာထူးချထားပြီး ဥတာပရာဒေ့ရှ်ပြည်နယ်ဝန်ကြီးချုပ် အက်ဟီလက်ရှ်ယာဒက်က အဆိုပါအမှုအခင်းအား စုံစမ်းစစ်ဆေးရန် အမိန့်ထုတ်ပြန်လိုက်သည်။

အဆိုပါ မှုခင်းဖြစ်စဉ်သည် ဘာရာဘန်ကီမြို့တွင် ဇူလိုင် ၆ ရက်က ဖြစ်ပွားခြင်းဖြစ်ကြောင်း အကြီးတန်းရဲအရာရှိတစ်ဦးက ဘီဘီစီသို့ပြောသည်။

နီတူက ကိုယ်ခန္ဓာ ၈၀ ရာခိုင်နှုန်း မီးလောင်သွားခြင်းဖြစ်ပြီး ပြည်နယ်မြို့တော် လက်နောင်းဆေးရုံတွင် တင်ထားကုသနေရာ ဇူလိုင် ၇ ရက်တွင် သေဆုံးသွားခြင်းဖြစ်သည်။

မသေဆုံးမီ တရားသူကြီးတစ်ဦးနှင့် သတင်းထောက်များကို နီတူက ပြောခဲ့ရာတွင် လာဘ်ငွေပေးရန် ငြင်းဆန်သဖြင့် ရဲက တိုက်ခိုက်ခြင်းဖြစ်ကြောင်း ပြောခဲ့ခြင်းဖြစ်သည်။

ဟိန္ဒူသတင်းစာတစ်စောင်မှ သတင်းထောက်တစ်ဦးဖြစ်သူ နီတူ၏ သားဖြစ်သူက မိခင်ဖြစ်သူကို ကျုးလွန်တိုက်ခိုက်သူများကို အပြစ်ပေးနိုင်ပါမှ မိခင်ဖြစ်သူအတွက် စိတ်ဖြေသာရာရမည့်ဖြစ်၍ တရားမျှတမှု ပေါ်ပေါက်လိုကြောင်း ပြောခဲ့သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly