မြန်မာသည် အာရှနှင့် အာဆီယံအောင်မြင်ဖြစ်ထွန်းမှုတွင် အရေးပါသောနိုင်ငံဖြစ်

မြန်မာသည် အာရှနှင့် အာဆီယံအောင်မြင်ဖြစ်ထွန်းမှုတွင် အရေးပါသောနိုင်ငံဖြစ်
(ဓာတ်ပုံ- လှိုင်မျိုးထွန်း၊ မဇ္ဈိမ)

လက်ရှိမြန်မာနိုင်ငံ၏ ဒီမိုကရေစီအစိုးရသို့ အသွင်ကူးပြောင်းရေးဖြစ်စဉ်များသည် အလားအလာကောင်းများရှိသည်ဟု မြင်တွေ့ရပြီး မြန်မာသည် အာရှ၏ ဖြစ်တည်မှုနှင့် အာဆီယံနိုင်ငံများ၏အောင်မြင်မှုအဖြစ် အရေးပါနေသည်ဟုအာရှဖွံ့ဖြိုးရေးဘဏ်-ADB ဥက္ကဌမစ္စတာတကဲဟိကိုနာကာအို က ဇွန်လ ၁၅ ရက်နေ့တွင် ပြုလုပ်သောသတင်းစာရှင်းလင်းပွဲတွင် ပြောဆိုလိုက်သည်။
“ မြန်မာနိုင်ငံဟာအာဆီယံနိုင်ငံတွေနဲ့ နိုင်ငံတကာအသိုင်းအဝန်းမှာ ပိုပြီးအရေးပါလာနေပါတယ်၊ မူဝါဒချမှတ်မှုတွေဟာ မှန်ကန်နေမယ်ဆိုရင် ပြည်သူတွေလည်းဖွံ့ဖြိုးလာနိုင်ပါတယ်၊ တစ်ဘက်နေပြန်ကြည့်ရင်တော့ မူဝါဒတွေဟာ မကောင်းဘူး၊ မမှန်ကန်ဘူးဆိုရင်တော့ တိုးတက်မှုကိုမခံစားရဘူးပေါ့ဗျာ။ မြန်မာဟာတည်ငြိမ်အေးချမ်းတဲ့ နိုင်ငံဖြစ်လာမယ်ဆိုရင် သူဟာအာရှရဲ့ ဖြစ်တည်မှု၊ အာဆီယံရဲ့ အကျိုးဖြစ်ထွန်းမှုတွေမှာတကယ့်ကိုအရေးပါလာတဲ့ နိုင်ငံဖြစ်လာမှာပါ”ဟုမဇ္ဈိမသတင်းထောက်၏ NLD အစိုးရသက်တမ်း ၅ နှစ်အပြီး မြန်မာနိုင်ငံအပေါ် ADB ရပ်တည်မှုကဘာဖြစ်လာမလဲဆိုသည့် မေးခွန်းကိုမစ္စတာတကဲဟိကို က ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
အာရှဖွံ့ဖြိုးရေးဘဏ်-ADB အနေနှင့် မြန်မာနိုင်ငံသည် ကောင်းမွန်သည့် ရပ်တည်ချက်နှင့် မှန်ကန်သည့်မူဝါဒများ ရှေ့ဆက်ဖြစ်ထွန်းနေလျှင် နိုင်ငံကိုဆက်လက် အားပေးထောက်ပံ့သွားမည်ဖြစ်ပြီးအာရှဖွံ့ဖြိုးရေးဘဏ်အနေနှင့် မြန်မာနိုင်ငံသည် တိုးတက်ဖြစ်ထွန်းမှုများအတွက် အလားအလာကောင်းများစွာရှိနေသည်ကို ရှုမြင်လျက်ရှိသည်ဟုဥက္ကဌမစ္စတာတကဲဟိကို က ပြောဆိုသည်။ မြန်မာနိုင်ငံ၏ ပထဝီအနေအထားတည်ရှိမှုက အရေးပါလျက်ရှိပြီး နိုင်ငံတွင် ရှည်လျားသောပင်လယ်ကမ်းရိုးတန်းပိုင်ဆိုင်ခြင်းနှင့် သဘာဝအရင်းအမြစ်များရှိနေခြင်းက တိုင်းပြည်ဖွံ့ဖြိုးတိုးတက် မှုအတွက် အလားအလာများရှိနေသည်ဟု ADB ဥက္ကဌကသုံးသပ်ထားသည်။
သို့ရာတွင် မြန်မာနိုင်ငံအစိုးရအနေနှင့် စွမ်းရည်အသုံးချမှု၊ ကျွမ်းကျင်လုပ်သား၊ အခြေခံအဆောက်အဦးတည်ဆောက်ရေး နှင့် ငြိမ်းချမ်းရေးတည်ဆောက်ရေးလုပ်ငန်းစဉ်များကစိန်ခေါ်စရာများအဖြစ် ရင်ဆိုင်နေရသည်ဟုပါ အဆိုပါ သတင်းစာရှင်းလင်းပွဲအတွင်းအာရှဖွံ့ဖြိုးရေးဘဏ် ဥက္ကဌမစ္စတာတကဲဟိကိုနာကာအို က ပြောသည်။
“မြန်မာကတရုတ်၊အိန္ဒိယနဲ့ အရှေ့တောင်အာရှနိုင်ငံတွေကိုလမ်းဖြတ်မှာရှိတာကြောင့် အာရှအတွက် တကယ့်ကိုအရေးပါ ပါတယ်၊ ပထဝီအနေအထားက တကယ့်ကိုအရေးပါတယ်ဆိုပေမယ့် နိုင်ငံတွင်းမှာကစိန်ခေါ်မှုတွေရှိလျက်ပါ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကရှေ့ဆက်သွားနေတုန်းပါ၊ မပြီးသေးပါဘူး၊ စိုက်ပျိုးရေးကဏ္ဍမှာလည်းအခွင့်အလမ်းတွေရှိတယ်ဆိုပေမယ့် တိုးတက်ဖို့လုပ်ရဦးမှာဖြစ်သလိုကျေးလက်ဒေသဖွံ့ဖြိုးမှုအတွက်လည်းအရေးထားရမှာဖြစ်ပါတယ်”
အာရှဖွံ့ဖြိုးရေးဘဏ်-ADB အနေနှင့် မြန်မာနိုင်ငံတွင်းအကူအညီပေးရေးလုပ်ငန်းစဉ်များကို၂၀၁၂ ခုနှစ်တွင် ပြန်လည်စတင်ခဲ့ပြီးယခင်သမ္မတဦးသိန်းစိန်အစိုးရလက်ထက်တွင်လည်းပုဂ္ဂလိကအခန်းကဏ္ဍမြှင့်တင်မှုလုပ်ငန်းများ၊ အခြေခံအဆောက်အဦးတည်ဆောက်ရေးလုပ်ငန်းများအတွက် ချေးငွေနှင့် ငွေကြေးထောက်ပံ့မှုများကူညီပေးခဲ့သည်။ အာရှဖွံ့ဖြိုးရေးဘဏ် ADB အနေနှင့် အစိုးရသစ်လက်ထက်တွင် ၂၀၁၇ ခုနှစ်မှ စတင်ကာ ၅ နှစ်တာကာလအတွင်းသက်သာသောအတိုးနှုန်းဖြင့် ချေးငွေများထပ်ပေးရန် စီစဉ်ထားပြီးအဆိုပါ ချေးငွေအတွက် ပျှမ်းမျှ တစ်နှစ်ကိုအမေရိကန်ဒေါ်လာသန်း၃၅၀ အထိချေးပေးမည်ဟုဥက္ကဌမစ္စတာတကဲဟိကိုနာကာအို က သူ၏ ဇွန်လ ၁၃ ရက်နေ့တွင် စတင်ခဲ့သောတတိယအကြိမ်မြောက် မြန်မာနိုင်ငံခရီးစဉ်အတွင်း နိုင်ငံခေါင်းဆောင်များနှင့် တွေ့ဆုံစဉ်ပြောဆိုထားသည်။ အာရှဖွံ့ဖြိုးရေးဘဏ် ADBသည် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်အတွက် မြန်မာနိုင်ငံ၏ GDP ကို ၈.၄ ရာခိုင်နှုန်းတိုးတက်မည်ဟုခန့်မှန်းပြောဆိုထားဖူးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly