အဝတ်အစားနွမ်းလို့ မခေါ်တဲ့ပွဲတွေတောင် ရှိခဲ့ဖူးတယ်ဆိုတဲ့ အမျိုးသမီး Rapper နှစ်ဦးအကြောင်း

15 June 2016
အဝတ်အစားနွမ်းလို့ မခေါ်တဲ့ပွဲတွေတောင် ရှိခဲ့ဖူးတယ်ဆိုတဲ့ အမျိုးသမီး Rapper နှစ်ဦးအကြောင်း

ကိုယ့်ပတ်ဝန်းကျင်မှာ မြင်နေရတဲ့ အမျိုးသမီးထုရဲ့ နာကျင်မှုတွေ ခွဲခြား ဆက်ဆံခံရတာတွေကို Rap စာသားတွေ ရွတ်ဆိုပြီး မီးမောင်းထိုးပြလိုက်တဲ့ YAK အဖွဲ့ ဆိုတဲ့ ဂီတအဖွဲ့ ရှိပါတယ်။ ဒီအဖွဲ့မှာ သဇင်နဲ့ အေးအေးအောင်ဆိုတဲ့ အမျိုးသမီး နှစ်ဦးသာပါဝင်ပြီး သူတို့နှစ်ဦးဟာ Hip Hop ဂီတကိုသာ နှစ်ပေါင်းများစွာ ရူးသွပ်ရင်း ဂီတလမ်းကို လျှောက်လှမ်းလာခဲ့သူတွေဖြစ်ပါတယ်။ ကိုယ်နှစ်သက်ရာကို ဇွဲသန်သန်နဲ့ ခက်ခက်ခဲခဲ ဆက်လျှောက်နေကြတဲ့ မိန်းကလေး Rapper တွေလည်းဖြစ်ပါတယ်။ ဒီအကြောင်းတွေကို Rapper တစ်ဦးဖြစ်တဲ့ အေးအေးအောင် က အခုလို စတင် ရင်ဖွင့်ပြောပြပါတယ်။

ဒီအတိုင်းပဲ အသက်ကြီးတဲ့အထိ ဆက်လုပ်သွားမယ်လို့လည်း ခံယူချက်ရှိပါတယ်။ ကိုယ်ဖြစ်နေတဲ့ အဖြစ်အပျက်တွေအားလုံးကို အဲသလိုမျိုး ဆိုပြရတာ တင်ပြရတာ ပိုကြိုက်တယ်။ ပြီးတော့ ကိုယ်ရဲ့ Life Style နဲ့လည်း လိုက်မယ်လို့ ထင်တယ်ပေါ့နော်။ အဲဒီအတွက် ဒီ Hip Hop ကိုပဲ Hip Hop တောင်မှ …..ညီမတို့သွားနေတဲ့ Wayအတိုင်းပဲ ဆိုရတာကို ပိုပြီးတော့ နှစ်သက်တယ် ပိုပြီးတော့မှ ခုံမင်တယ်။ အမြဲတမ်းပဲ

YAK အဖွဲ့ဝင် နောက်တစ်ဦးဖြစ်တဲ့ သဇင်က လည်း သူတို့ဂီတအဖွဲ့နာမည် ဘယ်လိုရွေးချယ်ခဲ့ကြတယ်ဆိုတာ အခုလို ရှင်းပြပါတယ်။

သဇင်တို့က ဒီ Yak ဆိုတဲ့ နာမည်လေးကို ယူလိုက်ရတာက သူငယ်ချင်းတစ်ယောက်ရဲ့ အမက Zoology မှာ ကထိကပေါ့နော်။ သူက အဖွဲ့နာမည် ပေးမယ်ဆိုတော့ လိုက်ရှာရင်းနဲ့ Yak စာမရီငှက်လို့ အဓိပ္ပာယ်ရတယ်ပေါ့နော်။ မြန်မာ အင်္ဂလိပ် အဘိဓာန်မှာပါတယ်။ စာမရီငှက်ဆိုတာက ဟိုးအရင်တုန်းက အရမ်းမြင့်မြတ်တဲ့ ငှက်ပေါ့။ သူ့ရဲ့ အမွှေးအတောင်ကို ဘုရင်မင်းမြတ်ရဲ့ မင်းမြတ်တန်ဆာငါးပါးမှာ သူ့အမွှေးအတာင်တစ်ခုကို သုံးရတယ်။ အဲသလောက်အထိ မြင့်မြတ်တယ်ပေါ့။ သဇင် ဗုဒ္ဓဝင်တွေ ဖတ်ဖူးတာကြတော့ ဘုရားတောင်မှ စာမရီငှက် ဘယ်နှစ်ဘဝ ဖြစ်ခဲ့ဘူးတယ်လို့ အဲ့လိုမျိုး ဗုဒ္ဓဝင်မှာ ရေးထားတာပေါ့။ google မှာ ရှာရင်တော့ တိဗက်မှာရှိတဲ့ အမွှေးရှည်တဲ့ နွားပေါ့။

သူတို့တေးသံရှင်နှစ်ဦး လက်တွဲမိသွားတာကိုလည်း အေးအေးအောင်က အခုလို ရှင်းပြပါတယ်။

အရင်ကတည်းက သူငယ်ချင်းမဟုတ်ဘူး။ အရင်တုန်းက ကိုယ့်ဘာသာကိုယ် မလုပ်ဖူးဘူး။ ကိုယ်ရှိသလောက် စွမ်းအားလေးနဲ့ ပြိုင်ကြည့်မယ်ဆိုပြီးတော့ တက်သစ်လူမြင်ကဏ္ဍမှာ ညီမ ဝင်ပြိုင်တဲ့အခါမှာ ရွေးတဲ့အထဲမှာပါတယ်။ ပါတော့ အဲ့ဒီအချိန်မှာ သူငယ်ချင်းတစ်ယောက်ကနေပြီးတော့ အဲ့လို မယ်လိုဒီလေးဆိုဖို့ သီချင်းလာဆိုပေးပါဆိုပြီးတော့ ပြောတယ်။ ပြောတော့ အဲဒီအဖွဲ့တစ်ဖွဲ့ Hip Hop အဖွဲ့တစ်ဖွဲ့မှာ ညီမ သွားဆိုပေးတယ်။ သွားဆိုပေးရင်းကနေပြီးတော့ ညီမရဲ့ သွင်းထားတဲ့အသံက သူငယ်ချင်းကနေတစ်ဆင့် သဇင်ဆီကို ရောက်သွားတာ။ အဲဒီမှာ ရောက်တော့မှ သဇင်က ညီမဆီကို ပြန်ဆက်သွယ်တာ။

သူတို့အဖွဲ့စတင် စင်တင်သီဆိုခဲ့ကြရတဲ့ အတွေ့အကြုံကိုလည်း သဇင် က အခုလို ရှင်းပြပါတယ်။

သဇင်တို့နှစ်ယောက် စဖွဲ့ပြီးတော့ Show ပွဲကြီးတစ်ပွဲ ပထမဆုံး စဆိုရတယ်။ Nwe Year ကို အင်းယားလိပ် မြတ်ခင်းပြင်ပေါ်မှာ အဲ့တုန်းက သဇင်တို့လုပ်တာ သီချင်းက နှစ်ပုဒ်ပဲရှိသေးတယ်။ ယောကျ်ားမကောင်းကြောင်း တစ်ပုဒ်ပေါ့နော်။ အဲဒီယောကျ်ားမကောင်းကြောင်းမှာ ချစ်ချစ်ချစ် ချစ်ခဲ့ပြီးမှ အပြစ်မြင်တက်တဲ့ ယောကျ်ားတွေအကြောင်းဆိုပြီးတော့မှ အောက်က အရမ်း အားပေးတာ။ အဲဒီအချိန်တုန်းက တခြားသူတွေလည်း ဆိုနေပြီပေါ့နော်။ တခြား မိန်းကလေး Rap အဖွဲ့တွေလည်း ရှိတယ်။ သဇင်တို့နှစ်ယောက်ဆိုတော့ နဲနဲ သတိထားမိသွားတယ်။ နောက်ပိုင်း အတွဲခွေတွေ Hip Hop Crazy , Hip Hop United တို့ အဲဒါတွေမှာ သဇင်တို့ ဆိုဖြစ်တယ်။ အဲလိုဆိုရင်းနဲ့မှ ဂျေးမီကနေ  သီချင်းလုပ်မယ်ဆိုပြီးတော့မှ ကမ်းလှမ်းတော့ ပေါင်းပြီးတော့မှ လုပ်ဖြစ်တယ်ပေါ့နော်။

ပေါင်းပြီးကတည်းက သီချင်းကိုပဲ တောက်လျှောက်လုပ်တာပေါ့နော်။ လုပ်နေပြီးတော့ အလုပ်တစ်ခုလုပ်မှ ဖြစ်တော့မယ်ဆိုပြီးတော့ အရမ်း ခက်ခဲနေပြီ။ အလုပ်တစ်ခု လုပ်မှဖြစ်တော့မယ်ဆိုတဲ့ အချိန်မှာ ဒီ KGK မှာ သင်တန်းလာတက်တာပေါ့နော်။ သင်တန်းတက်တော့ ဆရာက Studio မှာ အင်ဂျင်နီယာ တစ်ယောက်လိုတယ် နင် ဝင်လုပ်ပေါ့။ လစာကတော့ အများကြီး မပေးနိုင်ဘူး။ အတွေ့အကြုံရအောင် ဝင်လုပ်ဆိုတော့ သဇင် ဝင်လုပ်တယ်။ ပြီးတော့ နောက်တစ်ခုက ဘာလဲဆိုတော့ သီချင်း လုပ်ဖို့အတွက်က သဇင်က ဒီဟာကို ကျွမ်းကျင်မှ ဖြစ်မယ်လေ။ ဘာလို့လဲဆိုတော့ လုပ်ပေးမယ့်သူမရှိဘူး။ သီချင်းနဲ့ပတ်သက်ပြီးတော့ ဒီဟာကို ကိုယ့်ဘာသာကိုယ် နိုင်နိုင်နင်းနင်း လုပ်နိုင်ဖို့အတွက်ရော ကိုယ်ကိုယ်တိုင်လည်း အသံဖမ်းတာကို ဝါသနာပါတယ်ဆိုတော့ ဒီအလုပ်မှာပဲ တစ်ခါတည်း ဝင်လုပ်ဖြစ်တယ်ပေါ့နော်။

သူ့ရဲ့ ဂီတအတွေ့အကြုံတချို့ကိုလည်း အေးအေးအောင် က အခုလို ပြောပြပါတယ်။

အတွေ့အကြုံတွေကတော့ အရမ်းများတယ် အလုပ်နဲ့ပတ်သက်ရင်လေ ၁၀ တန်းဖြေပြီးကတည်းက အလုပ်လုပ်ရတာဆိုတော့ အိမ်က ဆယ်တန်းဖြေပြီးကတည်က ကိုယ့်ကို တက္ကသိုလ်ဆက်တက်ဖို့ ပိုက်ဆံတွေဘာတွေ ဘာမှမပေးတော့ဘူး။ ကိုယ့်စားရိတ်ကိုယ်ရှာပြီး ကျောင်းတွေဘာတွေတက်တာ။ အခု ဒရွင်းဘုတ်ဝင်တာကြတော့ တစ်နှစ်ပြည့်တော့မယ်ပေါ့။ ဒရင်းဘုတ်ကြတော့ အနုပညာနဲ့ ဆက်စပ်မိသွားတာပေါ့။ ကိုယ်က အဆိုတော်တွေဘာတွေလည်း လိုက်ချိတ်ရတယ်။ ပွဲရှိတဲ့အခါကျရင်။ ကိုယ်လည်း အဆင်ပြေတဲ့အခါကျရင် ဝင်ဆိုတဲ့အခါလည်း ရှိတာပေါ့နော်။ အခုမှ တော်တော်လေး အဆင်ပြေသွားတယ်။

သူတို့ဟာ မိန်းကလေးတွေ ငယ်ရွယ်သူတွေဖြစ်တယ် ဒီလို သီချင်းသီဆိုမှုနဲ့ပတ်သက်ပြီး သူတို့မိဘတွေက သူတို့အပေါ်ဘယ်လိုသဘောထားခဲ့ကြသလဲဆိုတာကိုလည်း သဇင်က ရှင်းပြပါတယ်။

သဇင်သီချင်းဆိုတာ ဝါသနာပါတာကတော့ အိမ်က သိတယ်။ ဒါပေမယ့် သူတို့က Supporting လည်း မလုပ်ဘူး။ ရှုံ့ချတာလည်းမလုပ်ဘူး။ သူဝါသနာပါတာ သူလုပ် အဲလိုသဘောမျိုး။

အေးအေးအောင်ကလည်း အခုလို ရှင်းပြပါတယ်။

အိမ်မှာက ဘယ်သူ့မှအားမပေးဘူး။ အဒေါ်တွေဆို ဘာတွေလုပ်နေမှန်းမသိဘူး။ တစ်ယောက်တည်းကို ရှုတ်ယှက်ခက်နေတာပဲ။ မျက်စိတွေလည်း နောက်တယ်။ ဘာတွေဝင်မှန်းလည်း မသိဘူး။ တက်တူးတွေကလည်းထိုး   အမြဲတမ်း နားငြီးတာပေါ့နော်။ Supporting မပေးတဲ့အပြင် ရှုတ်ချတာပေါ့နော်။ ဘာတွေလုပ်မှန်းကို မသိဘူးပေါ့။ ဒါပေမယ့် အခုနောက်ပိုင်းကျတော့ တဖြည်းဖြည်း သူတို့ TV Channel တွေမှာ လွှင့်တာလည်းတွေ့တယ်။ အင်တာဗျူးတွေမှာလည်း တွေ့တယ်။ အခု အခွေထွတ်ပြီးတဲ့အခါမှာတော့ သူတို့အနေနဲ့ ဘာမှတော့ မပြောတော့ဘူး။

မိန်းကလေး Rapper အဖြစ် ကြုံတွေ့ရတဲ့ အတွေ့အကြုံတွေကိုလည်း သဇင်နဲ့ အေးအေးအောင်က အခုလို ရှင်းပြပါတယ်။

သဇင်တို့ ဆိုပုံ ဆိုပေါက်တွေကလည်း ယောကျ်ားလေးတွေလိုမျိုး ဖြစ်နေတာပေါ့နော်။ အဲဒီအခါကျတော့ တချို့က မကြိုက်ကြဘူး။ သူတို့ကိုကြည့်မယ့်အစား ယောကျ်ားတွေကိုပဲ ကြည့်မယ်ပေါ့နော်။ အဲသလိုမျိုး ပြောကြတယ်။ ဝေဖန်ကြတယ်။ ဒါပေမယ့် ဒါကလည်း YAK စလုပ်ကတည်းက ဒီ စတိုင်ပဲပေါ့နော်။ ကိုယ်နှစ်သက်ပြီးတော့ အားကျခဲ့ရတာကလည်း ယောကျ်ားကြီးတွေပဲလေ။ မြန်မာပြည်မှာကော နိုင်ငံခြားမှာကော အဲလိုမျိုးဆိုတော့ ကိုယ်တွေကိုယ်တိုင်ကလည်း နုဖတ်ပြီး ကိုယ့်ဘဝကလည်း နုဖတ်နေလို့ မရဘူးလေ။ ဒီပုံစံအတိုင်းပဲ သဇင်တို့ကတော့ သွားနေတာပေါ့နော်။ သူတို့တွေက အဲ့လိုမျိုး ယောကျ်ားတွေကိုပဲ ကြည့်လိုက်မယ်တို့ နင်တို့ နုနုရွရွလုပ်ပါဦး နှုတ်ခမ်းနီဆိုးပါဦး မိတ်ကပ်လိမ်းပါဦးတို့ အဲလိုမျိုးတွေ ရှိတယ်ပေါ့နော်။ တစ်ခါတစ်လေလည်း မိန်မလို ဝတ်ပါဦးလို့။

ရှိုးပွဲသွားတဲ့အခါ နှိမ်တာ ကိုယ်တွေကို ကြည့်တဲ့မျက်လုံးတွေဘာတွေပေါ့နော်။ ခံစားချက်တွေ ပေါက်ကွဲပြီးတော့ အမှန်အတိုင်းပြောရရင် ညီမတို့ …….ပွန်းဖေ့ဆိုတာကို ရေးဖြစ်သွားတယ်။

ဒီလိုအတွေ့အကြုံများထဲမှာ အဝတ်အစားနဲ့ပတ်သက်ပြီးလည်း သူတို့အတွေ့အကြုံကို အခုလို ရှင်းပြကြပါသေးတယ်။

သဇင်တို့ကို အဝတ်အစား နွမ်းလို့ သူတို့တွေ မခေါ်တဲ့ ပွဲတွေတောင် ရှိခဲ့ဘူးတယ်။

ညီမ(အေးအေးအောင်)တို့မှာ အဲလို အဝတ်အစား တောက်ပြောင်ဖို့ထက် အဓိက ညီမတို့နှစ်ယောက်စလုံး ပြောဖြစ်တာက စင်ပေါ်ရောက်လို့ရှိရင် ညီမတို့နှစ်ယောက်က သီချင်းဆိုအပိုင်းကိုပဲ ပိုပြီးတော့မှ အာရုံစိုက်မယ်ဆိုပြီးတော့ အဲလိုစိတ် နှစ်ယောက်စလုံးမှာရှိတယ်။ ငါတို့ ဟိုပွဲလည်း ဒီအဝတ်အစားဝတ် ဒီပွဲလည်း ဟိုအဝတ်အစားဝတ်လို့ ငါတို့မှာ စိတ်ဓာတ်ကျစရာမလိုဘူး။ ငါတို့ သူများထက်မိုက်အောင် သီချင်းကို ဘယ်လိုဆိုမလဲဆိုတဲ့ သီချင်းကို အာရုံစိုက်တာ များတဲ့အတွက် ညီမတို့ အဲဒီအတွက်လည်း ကိုယ့်ကိုကိုယ် ဘာမှ စိတ်ဓာတ်ကျစရာ မရှိပါဘူး။ မရှိလို့ မဝတ်တာပေါ့။ အဲလိုစိတ်မျိုး ညီမတို့ဆီမှာ မရှိဘူးကွာ။ ရှိရင်ဝတ်မယ်။ မရှိရင် မဝတ်ဘူး။ ရှိရင်စားမယ်။ မရှိရင်မစားဘူး။ အဲလိုမျိုးပေါ့ အဲလိုစိတ်မျိုးတော့ ရှိတယ်။

သဇင်

တစ်နှစ်မှာ ရှိုးပွဲလေး သုံးပွဲလောက်ဆိုရလည်း အဲ့ဒါကို ဖိးလ်ဖြစ်ပြီးတော့ ငါက သီချင်းဆိုချင်တာပေါ့နော်။ နောက်တစ်ခုက ဘာလဲဆိုရင် သဇင်တို့ရဲ့ Single Album ထွက်ချင်တယ်။ Album ထွက်ပြီးတော့မှ နားရင်လည်း နားမယ်ပေါ့။ အိမ်ကို နားချနေတာပေါ့။ အိမ်ကတော့ အခု တဖြေးဖြေးနဲ့ သူတို့လည်း မိဘတွေဝတ္တရားအရ ဘာမှတော့ မပြောဘူးပေါ့လေ။ ကိုယ်က ရတဲ့ပိုက်ဆံ သူတို့ကိုပေးပေါ့။ အခွေထွက်တော့လည်း ထပ်ပြီး မစွန့်လွှတ်နိုင်ပြန်ဘူး။ ဆိုချင်ပြန်ရော။ ဘယ်အချိန်ထိတော့ ဆိုဖြစ်နေဦးမလဲတော့ မသိဘူးပေါ့။

သူတို့နှစ်ဦး သီချင်းဆိုစဉ် ဝတ်စားဆင်ယဉ်မှုအကြောင်းကိုလည်း အေးအေးအောင်က အခုလို ရှင်းပြပါတယ်။

ညီမတို့ကို ရိုက်ပေးတဲ့ Photo ရိုက်ပေးတဲ့ IMA ဆိုတဲ့တစ်ယောက်ပေါ့။ ပြင်သစ်က သူက။ သူနဲ့တိုင်ပင်ပြီးတော့ လူတိုင်းက အကုန်လုံးက ဘလင်းရင်းတွေကြီးပဲ Rapper တွေက မြန်မာပြည်မှာ ငါတို့ကြည့်လိုက်လို့ရှိရင် အကုန်လုံးက အိင်္ကျီအပွတွေဝတ် အဲ့လိုပဲ ရိုက်မယ့်အစား နင်တို့ ဒီ မြန်မာပြည်ရဲ့ Mood  ပေါ့ Traditional ပါအောင်လို့ နင်တို့ တစ်ခုခု စဉ်းစားကြည့်ပါလားလို့ ဆိုတဲ့အချိန်မှာ ညီမတို့နှစ်ယောက်လည်း နဲနဲစဉ်းစားကြည်တယ်။ မဆိုးဘူးပေါ့။ သူ့စိတ်ကူးလေးလည်း မဆိုးဘူးပေါ့။ အဲလိုရိုက်လိုက်ရင် ကောင်းမယ်လို့ထင်တယ်။

အဲ့ဒီ MTV World က သဇင်တို့နှစ်ယောက်ကို Documantry လာရိုက်တယ်။ သဇင်တို့နှစ်ယောက်တည်း မဟုတ်ဘူး။ ဒီ Hip Hop တွေကော Rock တွေကော ပန့်တွေကော ရိုက်တဲ့အချိန်မှာ သူက သဇင်တို့နှစ်ယောက်နဲ့ သီးသန့် သီချင်းတစ်ပုဒ် ထပ်ရိုက်ချင်တယ်တဲ့။ သူတို့က အဓိက အပြောင်းအလဲကာလ ဖြစ်နေတယ်လေ။ ဖြစ်နေတော့ သူတို့က နိုင်ငံရေးနဲ့ပတ်သက်တဲ့ သီချင်းကို လိုချင်တာ။ သဇင်တို့က နိုင်ငံရေးတော့ သိပ်ကောင်းကောင်း နားမလည်ဘူးပေါ့နော်။ နိုင်ငံရေးကို သိပ်မနားလည်ပဲနဲ့ ဆရာကြီးဝင်လုပ်ပြီး ရေးချင်တာမျိုးလည်း မလုပ်ချင်ဘူး။ တစ်ခုခုကို Support ပေးနိုင်မယ့်ဟာမျိုးဆိုတော့ အမျိုးသမီးထုအတွက်ဆိုပြီးတော့ အမျိုးသမီးထုအတွက်ဆိုရင် ငါတို့ရေးမယ်။ လုပ်ကြည့်မယ်ဆိုပြီးတော့ အဲဒီသီချင်းလေးကို ဖန်တီးဖြစ်ခဲ့တယ်။ သူတို့ကလည်း ကြိုက်တယ်။

ညီမ ဘယ်လိုမျိုး စဉ်းစားလဲဆိုတော့ ကိုယ့်ပတ်ဝန်းကျင်မှာ ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေကော နောက်ပြီးတော့ လက်ရှိ မြင်တွေ့ရတဲ့ အမျိုးသမီးတွေ အနှိမ်ခံရတဲ့ အကြောင်းတွေကော ဆွေမျိုးသားချင်းတွေထဲမှာကော သူငယ်ချင်းတွေထဲမှာကော အကုန်းလုံးပေါ့ အမျိုးသမီးထုပေါ့ ဒီမှာကော နိုင်ငံခြားမှာကော တစ်ကမ္ဘာလုံးမှာ အဲသလို အနှိမ်ခံရတဲ့ ကိစ္စတွေကို စိတ်ထဲမှာ မကျေနပ်ဘူး ဝမ်းလည်းနည်းတယ်။ အဲဒါကို စဉ်းစားပြီးတော့မှာ ပိတ်နှောင်ခဲ့တဲ့ အတိတ်အမှောင်ထုထဲက ရုန်းထွတ် ပေါ့နော်။ အဲလိုမျိုး ကိုယ့်ရဲ့အစွမ်းအစနဲ့ ကိုယ်လုပ်။ ဘယ်နေရာမှာပဲဖြစ်ဖြစ် Prostitue တစ်ယောက်ပဲဖြစ်ဖြစ် ကိုယ်တတ်နိုင်တာကို ကိုယ့်ရဲ့ဘဝ ဘယ်လောက်ပဲ နိမ့်ကျနေပါစေ Rapeလုပ်ခံထားရတဲ့ မိန်မတစ်ယောက်ပဲဖြစ်ဖြစ် ကိုယ် ဘယ်တော့မှ ဇွဲမလျော့ပဲနဲ့ ကိုယ့်ကိုကိုယ် ကောင်းအောင် လုပ်ရမယ်ဆိုတဲ့ဟာကို ထည့်ပေးချင်တာ။ ဒါပေမယ့်  မြန်မာအမျိုးသမီးဆိုပေမယ့် အမျိုးသမီးထု အားလုံးအတွက်ပါပဲ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags