ဘဏ္ဍာငွေအလွဲသုံးစားလုပ်ခဲ့သည်ဟု စွပ်စွဲခံရပြီးနောက် တိုကျို အုပ်ချုပ်ရေးမှူး ရာထူးမှ နှုတ်ထွက်

ဘဏ္ဍာငွေအလွဲသုံးစားလုပ်ခဲ့သည်ဟု စွပ်စွဲခံရပြီးနောက် တိုကျို အုပ်ချုပ်ရေးမှူး ရာထူးမှ နှုတ်ထွက်

ဇွန် ၁၅ ။             ။ အခွန်အကောက်မှရရှိသည့် ပြည်သူပိုင်ငွေများကို အလွဲသုံးစားပြုလုပ်ခဲ့သည်ဟု သတင်းများထွက်ပေါ်ခဲ့ပြီးနောက်ပိုင်း ဂျပန်နိုင်ငံ တိုကျို အုပ်ချုပ်ရေးမှူး ယိုအီချီမက်ဆူဇိုသည် ဇွန်လ ၁၅ ရက်က ရာထူးမှ နှုတ်ထွက်သွားခဲ့သည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဘဏ္ဍာငွေများကို မိသားစုခရီးစဉ်များနှင့် ကိုယ်ကျိုးကိစ္စရပ်များတွင် အသုံးပြုထားခဲ့သည်ဟု  ဝေဖန်ပြစ်တင်မှုများခံခဲ့ရပြီး ယခုကဲ့သို့ တိုကျို အုပ်ချုပ်ရေးမှူး နှုတ်ထွက်သွားခြင်းက ၂၀၂၀ ပြည့်နှစ် အိုလံပစ်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် စီစဉ်ထားသည့် ဂျပန်နိုင်ငံအတွက် အရှက်ရစရာကိစ္စရပ်တစ်ခုဖြစ်လာခဲ့ရသည်။

၂၀၂၀ အိုလံပစ်ပြိုင်ပွဲ လက်ခံကျင်းပခွင့်ရရှိထားပြီးနောက်ပိုင်း ယိုအီချီမှာ ဒုတိယမြောက်နှုတ်ထွက်သွားသည့် တိုကျို အုပ်ချုပ်ရေးမှူး ဖြစ်လာခဲ့သည်။ ၎င်းမတိုင်မီ အုပ်ချုပ်ရေးမှူးမှာလည်း အထက်ပါကဲ့သို့ ငွေကြေးအလွဲသုံးစားမှုသတင်းများကြောင့် နှုတ်ထွက်ခဲ့ရခြင်းဖြစ်သည်။ သို့သော် ၎င်း နှုတ်ထွက်သွားခြင်းက အိုလံပစ်ပြိုင်ပွဲအတွက် ပြင်ဆင်နေမှုများအပေါ် တစ်စုံတစ်ရာ ထိခိုက်စေနိုင်မည်မဟုတ်ကြောင်း တာဝန်ရှိသူများက ပြောသည်။

အသက် ၆၇ နှစ်ရှိ ယိုအီချီ သည် ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်က အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲတွင် ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၏ အာဏာရပါတီ၏ ထောက်ခံမှုဖြင့် အနိုင်ရရှိထားခဲ့သူဖြစ်သည်။ သို့သော် တာဝန်ထမ်းဆောင်ချိန်အတွင်း အစိုးရငွေကြေးများကို ကိုယ်ကျိုးအတွက် အသုံးပြုထားသည်ဟု ထပ်ခါတလဲလဲ စွပ်စွဲခံခဲ့ရပြီး ဖြေရှင်းချက်ပေးရန်လည်း ငြင်းဆန်ထားခဲ့ပြီးနောက် ယခုကဲ့သို့ နှုတ်ထွက်သွားခဲ့ခြင်းဖြစ်သည်။

အလားတူ လွှတ်တော်တွင် ကျင်းပပြုလုပ်ရန် စီစဉ်ထားသည့် ယိုအီချီအပေါ် အယုံအကြည်မရှိကြောင်းအဆိုကိုတင်သွင်းဆုံးဖြတ်မည့် ကိစ္စမတိုင်ခင် နာရီပိုင်းအလိုတွင် ယခုကဲ့သို့ နှုတ်ထွက်သွားခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly