စစ်ဘေးရှောင် ဒုက္ခသည်များနဲ့ မိုးရာသီ

စစ်ဘေးရှောင် ဒုက္ခသည်များနဲ့ မိုးရာသီ
ရှမ်းပြည်နယ် တောင်ပိုင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ, ရှမ်းပြည်နယ်တပ်မတော် ( RCSS/SSA) ထိန်းချုပ်ရာနယ်မြေ လွယ်တိုင်းလျန်ဒေအတွင်းရှိ အွန်လန်းဆွမ် ဒုက္ခသည်စခန်းရှိ ဒုက္ခသည်များအား ဒီဇင်ဘာလ ၂ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - သိင်္ဂီထွန်း

ယခုအခါ မြန်မာပြည်တဝှမ်း မုတ်သုံရာသီအတွင်းမို့ နေရာအနှံ့ မိုးရွာလျက်ရှိပါတယ်။ ကောလင်းလို နေရာမှာဆိုရင် မြို့လုံးကျွတ် ရေမြုပ်တဲ့အထိ ရေကြီးရေလျှံမှု ဖြစ်ခဲ့ပါတယ်။ ကျန်တဲ့ နေရာ အတော်များများမှာ ရေကြီးရေလျှံတဲ့သတင်းတွေ ကြားလာကြရပါတယ်။ ဥပမာ ပဲခူးမြို့က ရပ်ကွက်တချို့ ရေးကြီးနေပါတယ်။

ဒီလို မိုးရာသီ မိုးများစွာရွာသွန်းတဲ့ ကချင်ပြည်နယ်အတွင်းက စစ်ဘေးရှောင်ဒုက္ခသည် တစ်သောင်း ကျော် ဝန်းကျင်ဟာ စစ်ဘေးဒုက္ခသည်ဘဝအပေါ် သဘာဝဘေးကို ထပ်မံခံစားကြရ တော့မှာ သေချာ ပါတယ်။ ဖြစ်သလို ရေထိုင်နေကြရတဲ့ ပလပ်စတစ်မိုးအိမ်တွေ၊ သက်ကယ်မိုး တဲတွေ ဟာ မိုးဒဏ်ကို ခံနိုင်တဲ့ အနေအထား မရှိပါဘူး။ အထူးသဖြင့် အိပ်စက်ရန်နေရာနဲ့ မစင်စွန့်ရန် နေရာ များကအစ အကြီးမားဆုံးကြုံတွေ့ရတဲ့ ပြဿနာများဖြစ်လာခဲ့ပါတယ်။ ဒီကြားထဲ နိုင်ငံတကာ ကူညီ ကယ်ဆယ်ရေးအထေက်အပံ့ကလည်း ယခင်နှစ်ကလောက် မရရှိတော့တာကို ကြုံနေကြရပါတယ်။

မြန်မာပြည် ကချင်ပြည်နယ်မှာ အစိုးရနဲ့ ကချင်လက်နက်ကိုင်အဖွဲ့များ အပစ်အခတ်ရပ်စွဲနိုင် ခဲ့တာ ၁၇ ကြာ ရှိခဲ့ပါတယ်။ ဒါပေမယ့် ၂၀၁၁ ခုနှစ် ဇွန်လမှာ တိုက်ပွဲများပြန်လည်ဖြစ်ပွားလာခဲ့ပြီး အဲဒီ ၂၀၁၁ ခုနဲ့ ၂၀၁၆ ခု ဇွန်လအထိ တိုက်ပွဲကြီးငယ်ပေါင်း ထောင်ကျော်ရှိခဲ့တယ်လို့လည်း သိရပါတယ်။ စစ်ပွဲတွေပြန်လည်ဖြစ်ပွားလာလို့ လက်နက်ကိုင် နှစ်ဘက်အဖွဲ့များအားလုံးမှာ အသေအပျောက် အထိ အခိုက်တွေ ရှိလာခဲ့သလို စစ်ဘေးရှောင်ဒုက္ခသည်အရေအတွက်ဟာလည်း နေ့ချင်းညချင်း များလာခဲ့ပါတယ်။

စစ်ဘေးရှောင်ဒုက္ခသည်များအရေး အစိုးရနဲ့ ကချင်လက်နက်ကိုင်အဖွဲ့များ တွေ့ဆုံညှိနှိုင်း သဘောတူညီချက်တွေ ရှိတော့ ရှိခဲ့ပါတယ်။ ၂၀၁၃ ခု အောက်တိုဘာလအတွင်းက နှစ်ဘက်တွေ့ ဆုံကြပြီး ဒုက္ခသည်များ နေရပ်ရင်းပြန်နိုင်ရေး ဆောင်ရွက်ကြရန် သဘောတူခဲ့ကြပါတယ်။ သည်ကြား ထဲ မကြာခဏဆိုသလို တိုက်ပွဲများဖြစ်ပွားလာနေ၊ ဒုက္ခသည်အရေအတွက်  ပိုမိုများပြားလာနေတာက လွဲပြီး မည်သည့်သဘောတူညီချက်ကိုမျှ မဆောင်ရွက်နိုင်ခဲ့ကြပါဘူး။ ပြီးခဲ့တဲ့ ဦးသိန်းစိန်အစိုးရ လက်ထက်မှာလည်း ထပ်မံထိတွေ့ ဆွေးနွေးမှုတွေ ရှိပေမယ့်လည်း မည်သည့်သဘောတူညီချက်ကိုမျှ အကောင်အထည်ဖေါ် ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ကြပါဘူး။

စစ်မက်ဖြစ်ပွားလာတဲ့အခါ ဖြစ်ပွားရာနေရာတွေမှာ တအားဥပဒေစိုးမိုးမှုဆိုတာလည်း ပျက်ပြား လာရတာ ဓမ္မတာပါပဲ။ ရာဇဝတ်မှုတွေ ထူပြောလာမှာကလည်း ဓမ္မတာပါပဲ။ တချိန်တည်းမှာ ကျန်းမာ ရေး ပညာရေး လူမှုရေးအခက်အခဲတွေ အတွဲလိုက်ကြုံကြရမှာဖြစ်ပြီး အဲဒီ ဒုက္ခသည်စခန်းတွေ အချိန်ကြန့်ကြာလာတာနဲ့အမျှ တိုင်းပြည်အပေါ် ဝန်ထုပ်ဝန်းတွေ ပိုဖြစ်လာစေမှာလည်း အမှန်ပါပဲ။ အဆိုးဆုံး အကျိုးသက်ရောက်မှုကတော့ ကိုယ့်နိုင်ငံသားအချင်းချင်းကြား တစ်ဦးအပေါ်တစ်ဦး ယုံကြည်လေးစားမှု၊ အပြန်အလှန်နားလည်မှုတွေ မလွဲမသွေ ပျက်ပြားသွားရမယ့် အချက်ဖြစ်ပါတယ်။ ဒီအချက်ဟာဖြင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနဲ့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို အမြစ်က လှန်ပြီးအတူးခံရသလို ဖြစ်စေတဲ့ အကျိုးသက်ရောက်မှုပါပဲ။

အစိုးရသစ်လက်ထက်မှာ ၂၁ ပင်လုံညီလာခံသစ် ဖြစ်အောင်လုပ်ဖို့ဆိုပြီး ငြိမ်းချမ်းရေးဖေါ် ဆောင်ဖို့ အစိုးရကိုယ်တိုင်က ဦးဆောင်လှုပ်ရှားလာတာတော့ ရှိပါတယ်။ အစိုးရနဲ့ အပစ်အခတ်ရပ် စဲပြီး ငြိမ်းချမ်းရေးသဘောတူ လက်မှတ်ရေးထိုးထားပြီး အဖွဲ့တွေအပြင် လက်မှတ်မရေးထိုးထားရ သေးတဲ့ ကျန်လက်နက်ကိုင်အဖွဲ့များနဲ့လည်း မကြမီတွေ့ဆုံဆွေးနွေးဖို့ ကြိုစားနေကြတာ ရှိပါတယ်။
ဘယ်လိုပဲ သဘောတူညီချက်တွေရရ၊ ဘယ်လိုပဲ လက်မှတ်တွေထိုးထိုး၊ တကယ်ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ အကောင်အထည်ပေါ်လာဖို့ဆိုတာ စစ်ပွဲတွေနဲ့ တိုက်ရိုက်ပတ်သက်သူ၊ စစ်ပွဲတွေအ ပေါ် တိုက်ရိုက်ဆုံးဖြတ်ပိုင်ခွင့် ရှိသူများကိုယ်တိုင်က သဘောတူမှ လက်မှတ်ထိုးမှ လိုက်နာမှ အကောင်အထည်ဖေါ်မှသာ အောင်မြင်ဖြစ်ထွန်းနိုင်မှာပါ။

ဒါကြောင့်မို့ မိမိတို့နိုင်ငံအတွင်း စစ်ပွဲတွေကြောင့် စစ်ဘေးရှောင်ဒုက္ခသည်များအရေး အမြန် ဖြေရှင်းအောင်မြင်ဖို့ စစ်ပွဲတွေ ရပ်တန့်စေချင်ပါတယ်။ စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ရှိစေချင်ပါ တယ်။ အထူးသဖြင့် စစ်ပွဲတွေနဲ့ တိုက်ရိုက်ပါဝင်ပတ်သက်နေတဲ့ စစ်ပွဲတွေနဲ့ တိုက်ရိုက်အဆုံးအဖြတ် ပေးနိုင်တဲ့ လက်နက်ကိုင် အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များအားလုံး ပါဝင်တဲ့ တွေ့ဆုံဆွေးနွေး ညှိနှိုင်းမှု တွေ အမြန်ဆုံး ပေါ်ပေါက်ပြီး သေနတ်သံတွေ ထာဝရချုပ်ငြိမ်း ဒုက္ခသည်တွေ နေရပ်ရင်းပြန်နိုင်ဖို့ အမြန်ဆုံးကြိုးပမ်းကြပါရန် မဇ္ဈိမက အလေးအနက်ထား တိုက်တွန်းလိုက်ပါ်တယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly