နိုင်ငံတွင်းရှိစီးပွားရေးလုပ်ငန်းများအတွက် ကာကွယ်ခြင်းထက် ထောက်ပ့ံပေးခြင်းကိုဦးစားပေးလုပ်ကို်င်သွားမည်။

နိုင်ငံတွင်းရှိစီးပွားရေးလုပ်ငန်းများအတွက် ကာကွယ်ခြင်းထက် ထောက်ပ့ံပေးခြင်းကိုဦးစားပေးလုပ်ကို်င်သွားမည်။
ဓာတ်ပုံ-မန်းရန်နိုင်ထွန်း

နိုင်ငံတွင်း လာရောက်ရင်းနှီးမြှုပ်နှံသည့် နိုင်ငံခြားသား စီးပွားရေးလုပ်ငန်းရှင်များအတွက် ကာကွယ်ခြင်းထက် ထောက်ပံ့ခြင်းကို ဦးစားပေးလုပ်ဆောင်မည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းကက ပြောသည်။
“ ကျွန်တော်တို့အစိုးရအနေနဲ့ ဘယ်သူ့ကိုမှ ခွဲခြားပြီးအခွင့်အရေး (Chance) မပေးပါဘူး၊ နိုင်ငံသားအားလုံးကိုအခွင့်အလမ်း (Opportunity) တွေကိုတန်းတူပေးသွားမှာပါ” ဝန်ကြီးက သူ၏ ဝန်ကြီးသက်တမ်းရက်ပေါင်း ၉၀ အတွင်း ပြည်တွင်းလုပ်ငန်းရှင်များနှင့် ပထမဦးဆုံးတွေ့ဆုံချိန်မှာပြောဆိုလိုက်ခြင်းဖြစ်သည်။

အဆိုပါတွေ့ဆုံပွဲအခမ်းအနားကို ဇွန်လ ၁၃ ရက်နေ့၊ နံနက်ပိုင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်စက်မှုအသင်းချုပ်တွင် အချိန် ၃ နာရီနီးပါး ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ယင်းတွေ့ဆုံပွဲအခမ်းအနားတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းအနေနှင့် နိုင်ငံသားတိုင်းစီးပွားရေးလုပ်ကိုင်ကြဖို့ကို တိုက်တွန်းထားပြီး ထိုကဲ့သို့လုပ်ကိုင်သည့်နေရာတွင် အစိုးရအနေနှင့် လုပ်ငန်းများကိုအကာအကွယ် ပေးခြင်း (Protection) ထက် ထောက်ပံ့ကူညီခြင်း (Supporting) ကိုပိုပြီးဦးတည်လုပ်ကိုင်သွားမည်ဟုပြောဆိုထားသည်။
“ကျွန်တော်တို့ တတ်နိုင်သမျှ ထောက်ပံ့ကူညီပေးသွားပါ့မယ်၊ လုပ်ငန်းရှင်တွေရဲ့ အမြင့်ဆုံးစွမ်းဆောင်ရည်တွေအထိ လုပ်ကိုင်ပေးသွားမှာဖြစ်ပါတယ်၊ ကျွန်တော့်အနေနဲ့ အကာအကွယ်ပေးတယ်ဆိုတာထက်၊ အထောက်အပံ့ပေးတာမျိုးကို ပိုပြီး အားသားပါတယ်။ အဲဒီ့တော့ ကျွန်တော်တို့အစိုးရအနေနဲ့ မြန်မာနိုင်ငံလုပ်ငန်းရှင်တွေ ကိုထောက်ပံ့ ကူညီပါရစေလို့ ပြောချင်ပါတယ်” ဟု ဝန်ကြီးက ဆိုသည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ အထွေထွေအတွင်းရေးမှူးဖြစ်သူ ဦးရဲမင်းအောင်က ယခင်အစိုးရလက်ထက်တုန်းကလည်း စီးပွားရေးလုပ်ငန်းများကို အထောက်အပံ့ပေးသွားရန် ပြောဆိုခဲ့ဖူးပြီး လက်တွေ့တွင် အချက်ကျကျ ဖြစ်ပေါ် လာခြင်းမရှိခဲ့တာကြောင့် လက်ရှိအစိုးရအနေဖြင့် အပြောနှင့်အလုပ် လက်တွေ့ဖြစ်လာဖို့ မျှော်လင့်သည်ဟု ပြောဆိုထားသည်။
“ထောက်ပံ့ကူညီမှု(Supporting)ပေးတယ်ဆိုတာကောင်းပါတယ်၊ ဒီလိုမျိုး Supporting ပေးတယ်ဆိုတဲ့နေရာမှာ technical support ရှိတယ်။ ဥပဒေပြုရေးတွေ ရှိတယ်။ ငွေကြေးပံပိုးပေးတာရှိတယ်။ ဈေးကွက်အခွင့်အလမ်း ထောက်ပံ့ပေးတာရှိတယ်။ တစ်ချိန်တည်းမှာပဲ ဒီလေးခုကိုလက်တွေ့ကျကျပေးဖို့လိုအပ်တယ်။ အရင်ဝန်ကြီးတွေလည်း ဒီလိုပဲပြောတာပါပဲ။ ပြောပြီးနောက်ပိုင်းလက်တွေ့ဖြစ်လာတဲ့ အနေအထားကို အားမရဘူး” ဟု ဦးရဲမင်းအောင်က ပြောသည်။

ဦးရဲမင်းအောင်အနေနှင့် မြန်မာနိုင်ငံလယ်ယာစိုက်ပျိုးရေးကဏ္ဍအတွက် ဖွံ့ဖြိုးတိုးတက်ဖို့ကိုအစိုးရသစ်ထက်မှာပိုပြီး ဖြစ်ထွန်းအောင်မြင်ဖို့ မျှော်လင့်သည်ဟု မဇ္ဈိမကို ပြောဆိုထားပြီးရင်းနှီးမြှုပ်နှံခြင်းများအတွက် တိုင်းပြည်အကျိုးကျေးဇူးရှိမည်ဆိုလျှင် နိုင်ငံခြားသားရင်းနှီးမြှုပ်နှံဖို့ဖြစ်စေ အကျိုးတူပူးပေါင်းထားသည့် လုပ်ငန်းဖြစ်စေ မည်သည့် ရင်းနှီးမြှုပ်နှံမှုမျိုးကိုမဆို အစိုးရက စိစစ်ခွင့်ပြုပေးသွားဖို့ တောင်းဆိုထားသည်။

“ လက်ရှိမြန်မာနိုင်ငံအခြေအနေကပိတ်ကစားရမယ့်အခြေအနေမဟုတ်ဘူး၊ ဖွင့်ကစားရတော့မယ်..”
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဖြစ်သူ ဦးကျော်ဝင်းအနေနှင့် အစိုးရသစ်လက်ထက် ပြန်လည်ဖွဲ့စည်းထားသော မြန်မာနိုင်ငံရင်းနှီးမြှုုပ်နှံမှုကော်မရှင်(MIC)၏ ဥက္ကဌတာဝန်ကို ယူထားသူဖြစ်ပြီးယင်းအနေနှင့် မြန်မာနိုင်ငံဆင်းရဲမှု သက် ဆိုးရှည်နေရခြင်းအတွက် ယခင်အစိုးရလက်ထက်များတွင် တစ်ဦးတည်လုပ်ပိုင်ခွင့်ပေးထားခြင်းသည် အဓိကအချက်ဖြစ် သည်ဟုပြောဆိုထားပြီးယခု NLD အစိုးရလက်ထက်မှာ နိုင်ငံသားတိုင်းစီးပွားရေးလုပ်ကိုင်ခွင့်ပေးဖို့ အစီအမံများပြုလုပ် ထားပြီးမကြာမီထုတ်ပြန်သွားဖို့ရှိသည်ဟု ယင်းတွေ့ဆုံပွဲအပြီးမီဒီယာများနှင့် တွေ့ဆုံစဉ် ပြောဆိုခဲ့သည်။

“လောလောဆယ်တော့ အတည်ပြုချက်မရသေးတော့ ကျွန်တော်ပြောလို့မရသေးပါဘူး၊ အနီးစပ်ဆုံးဒီလထဲအတွင်းထွက်လာနိုင်ပါလိမ့်မယ်၊ အချုပ်ပြောရရင်တော့ နိုင်ငံသားအားလုံးစီးပွားရေးလုပ်ခွင့်ရမယ့် မူဝါဒဖြစ်လိမ့်မယ်..”ဟု ဝန်ကြီးကမီဒီယာများ၏ မေးမြန်းမှုကိုဖြေကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးနှင့် လုပ်ငန်းရှင်များတွေဆုံပွဲအခမ်းအနားတွင် မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များအသင်း၊ ကျောက်မျက်လုပ်ငန်းရှင်များအသင်း၊ ရွှေလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဆန်စပါး အဖွဲ့ချုပ်၊ လက်လီလုပ်ငန်းရှင်များအသင်း၊ ခရီးသွားလုပ်ငန်းရှင်များအသင်းစသည်တို့ကို ကိုယ်စားပြုသည့် လုပ်ငန်းရှင်များနှင့် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များတက်ရောက်ခဲ့ကြပြီးအခွန်ကိစ္စရပ်များနှင့် အစိုးရကလုပ်ကိုင်ပေးစေချင်သည့် အကြောင်းအရာများကိုဆွေးနွေးခဲ့ကြသည်။

ပြည်တွင်းထိပ်တန်းကျောက်မျက်ရတနာရောင်းချသည့်လုပ်ငန်းများကိုလုပ်ကိုင်နေသည့် ရွှေနန်းတော် စိန်ရွှေရတနာလုပ်ငန်းစု၏ ဦးဆောင်သူဖြစ်သည့် ဒေါက်တာအောင်ကျော်ဝင်းက မဇ္ဈိမ၏ မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းများ၏ အနာဂတ်မှေးမှိန်နေပြီလားဆိုသည့်မေးခွန်းကို ငြင်းဆိုထားပြီးသူတို့ အနေနဲ့ နိုင်ငံတကာတွင်တိုးတက်နေသည့် ကျောက်မျက်ရတနာ ပို့ကုန်သွင်းကုန်လုပ်ငန်းများကို လေ့လာပြီး နိုင်ငံတွင်းမှာအလုပ်ရုံဆွေးနွေးပွဲများကျင်းပပေးနိုင်ရန် တင်ပြတောင်းဆိုသွားမည်ဟုပြောပြသည်။

“ ကျွန်တော်တို့ရဲ့ ကျောက်မျက်ရတနာလုပ်ငန်းတွေကမမှေးမှိန်ပါဘူး၊ အခုမှအစလို့ပြောလို့ရပါတယ်၊ ဒါပေမယ့် ကိုယ်တွေလုပ်ငန်းရှင်ချည်းပဲတိုးတက်အောင်လုပ်ဖို့မတတ်နိုင်ပါဘူးသက်ဆိုင်ရာ အစိုးရဝန်ကြီးဌာနတွေပူးပေါင်းပြီးတော့ အလုပ်ရုံဆွေးနွေးပွဲတွေကနေအဖြေရှာရမှာဖြစ်ပါတယ်”ဟု ဒေါက်တာအောင်ကျော်ဝင်းက မဇ္ဈိမကိုပြောဆိုထားပြီး လက်ရှိကျောက်မျက်လုပ်ငန်းကဏ္ဍတွင် အကြမ်းထည်ရောင်းချခြင်းမှ အချောထည်လုပ်ငန်းများပိုမိုတိုးတက်စေဖို့ မျှော်မှန်းပြီးတင်ပို့ရောင်းချခြင်းများအတွက် ပို့ကုန်သွင်းကုန်မူဝါဒများကို အတိအကျချမှတ်ပေးရန် လိုအပ်သည်ဟု သုံးသပ်ထားသည်။
လက်ရှိမြန်မာနိုင်ငံအနေနှင့် အကူးအပြောင်းကာလအလွန်တွင် ဖြစ်ပေါ်လာနိုင်မည့် အကျိုးကျေးဇူးများနှင့်အတူ ပြည်တွင်း ငြိမ်းချမ်းရေး၊ အခြေခံအဆောက်အဦးဖွံ့ဖြိုးရေးနှင့် အခြားစိန်ခေါ်စရာများစွာကလွန်ဆွဲလျက်ရှိသည်။ တစ်ဖက်တွင်လည်းအမျိုးသားအကျိုးစီးပွားနှင့် ပြည်ပရင်းနှီးမြှုပ်နှံမှုများအကြားမည်ကဲ့သို့ အဖြေရှာသွားမည်ဆိုသည့် မေးခွန်းကရှိနေသလို အကျိုးခံစားခွင့်ရရှိဖို့က စိန်ခေါ်စရာများက ပြည်သူနှင့် အစိုးရကြားမှာရှိနေသည်။

ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်နှင့် အပြည်ပြည်ဆိုင်ရာဘဏ္ဍာရေးရန်ပုံငွေအဖွဲ့တို့၏ မြန်မာနိုင်ငံအကျိုးစီးပွားခံစားချက်များအပေါ် ကြိုတင်ခန့်မှန်းချက်များကအားရစရာကောင်းတယ်ဆိုပေမယ့် ငွေကြေးဖောင်းပွခြင်းပြဿနာ၊ ပြင်ပကြွေးမြီပြဿနာနှင့် ပုဂ္ဂလိကအခန်း ကဏ္ဍဖွံ့ဖြိုးရေးကိစ္စများကလည်း အသားတကျလုပ်ကိုင်သွားရဦးပေမည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly