လုပ်ငန်းခွင်သေဆုံးမှုပမာဏကို တစ်နှစ်လျှင် ၂၅ရာခိုင်နှုန်းလျှော့ချရန် စင်ကာပူဆောက်လုပ်ရေး ကဏ္ဍခေါင်းဆောင်များ ကတိပြု

လုပ်ငန်းခွင်သေဆုံးမှုပမာဏကို တစ်နှစ်လျှင် ၂၅ရာခိုင်နှုန်းလျှော့ချရန် စင်ကာပူဆောက်လုပ်ရေး ကဏ္ဍခေါင်းဆောင်များ ကတိပြု

စင်ကာပူ၊ ဇူလိုင်-၇ ။       ။ စင်ကာပူနိုင်ငံမှ ဆောက်လုပ်ရေးကုမ္ပဏီကြီး ၁၀ခုသည် ၂၀၁၀ခုနှစ်က ချမှတ်ထားခဲ့သည့် လုပ်ငန်း ခွင်သေဆုံးမှုကို နှစ်စဉ် ၂၅ရာခိုင်နှုန်းလျှော့ချရန် ရည်မှန်းချက်ကို နောက်သုံးနှစ်အထိ အလုပ်သမား ၁၀၀၀၀၀လျှင် ၁ဒသမ ၈ ယောက်နှုန်းထက် လျော့နည်းသည်အထိ လျှော့ချသွားရန် ထပ်မံကတိပြုခဲ့ကြသည်ဟုဆိုသည်။

စင်ကာပူကန်ထရိုက်တာအသင်း၊ ဆောက်လုပ်ရေးနှင့် သစ်လုပ်ငန်းသမဂ္ဂနှင့် အိမ်ခြံမြေအသင်းတို့ ပါဝင်သည့်ဆောက်လုပ်ရေး လုပ်ငန်းအုပ်စုများက ဇူလိုင်လ ၇က်နေ့တွင် လုပ်ငန်းခွင်လုံခြုံမှုတိုးတက်စေရန် အစီအစဉ်များကို ကြေညာခဲ့ကြသည်။

ဤအစီအစဉ်များက ဆောက်လုပ်ရေးစီမံကိန်းတစ်ခု၏ လုပ်ငန်းလည်ပတ်ပုံနှင့် ပတ်သက်သည့် အဓိကနယ်ပယ်၆ခုအပေါ်တွင် အခြေပြုထားသည်။

-စီမံကိန်းအစမှာပင် ရှင်းလင်းပြတ်သားသည့် လုပ်ငန်းခွင်လုံခြုံရေးရည်မှန်းချက်များ ချမှတ်ထားခြင်း။

-ကန်ထရိုက်တာများနှင့် တစ်ဆင့်ကန်ထရိုက်များကို တင်ဒါများ ချပေးသည့်အခါတွင် လုပ်ငန်းခွင်လုံခြုံရေးအလေ့အကျင့်များကိုပါ ထည့်သွင်းစဉ်းစားခြင်း။

- စီမံကိန်း၏ ဒီဇိုင်းနှင့် စီမံကိန်းဆွဲသည့်အဆင့်မှာကတည်းက အန္တရာယ်များကို ထည့်သွင်းစဉ်းစားထားခြင်း။

- အလုပ်သမားများအား လုံခြုံဘေးကင်းသည့် အလေ့အထများ ပျိုးထောင်သင်တန်းပေးခြင်း။

- အကျင့်စရိုက်အပြုအမူများ ပြောင်းလဲလာအောင် သဘောတရားများ ထည့်သွင်းပေးခြငး။

- လုပ်ငန်းခွင်လုံခြုံဘေးကင်းမှု အလေ့အထများ ထွန်းကားလာအောင် မြှင့်တင်ပေးခြင်း။  

အစိုးရပိုင်းအနေဖြင့်လည်း လုပ်ငန်းခွင် လုံခြုံဘေးကင်းကျန်းမာရေး အက်ဥပဒေအရ နောက်လတွင် လုံခြုံဘေးကင်းရေး လုပ်ထုံး လုပ်နည်းဒီဇိုင်းကို ကြေညာမည်ဖြစ်သည်ဟု အလုပ်သမားဝန်ကြိး လင်ဆွီဆေးက ဆောက်လုပ်ရေး လုပ်ငန်းခွင် လုံခြုံဘေးကင်း ကျန်းမာရေး ထိပ်သီးဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

ယမန်နှစ်မေလက ပြဌာန်းခဲ့သည့် လုပ်ထုံးလုပ်နည်းများမှာ ၂၀၁၆ခုနှစ် သြဂုတ်လတွင် စတင်အသက်ဝင်မည်ဖြစ်ပြီး စင်ကာပူဒေါ်လာ ၁၀သန်းနှင့်အထက် တန်ဖိုးရှိသည့် ဆောက်လုပ်ရေးစီမံကိန်းတစ်ခုတွင် ပါဝင်ပတ်သက်နေသူမှန်သမျှ၏ အခန်းကဏ္ဍနှင့် တာဝန်ဝတ္တရားများကို အပ်နှင်းထားမည်ဖြစ်သည်။

ထို့အပြင် အစိုးရက ဆောက်လုပ်ရေးလုပ်ငန်းကဏ္ဍနှင့် ပူးပေါင်းပြီး လိုအပ်ချက်ကို ပြည့်မှီစေရန်အတွက် ၂၀၁၈ခုနှစ်တွင် လုံခြုံဘေးကင်းရေးဒီဇိုင်း ကျွမ်းကျင်သူ ၁၀၀၀ကို လေ့ကျင့်ပျိုးထောင်ပေးကာ အဓိကစီမံကိန်းများတွင် စမ်းသပ်အလုပ်လုပ်စေ မည်ဖြစ်သည်။

''ခိုင်မာစွဲမြဲတဲ့သန္နိဌာန်နဲ့ တစိုက်မတ်မတ်သာလုပ်ဆောင်သွားမယ်ဆိုရင် ဆောက်လုပ်ရေးကဏ္ဍတစ်ခုလုံးဟာ အလုပ်သမားတွေ အတွက် ပိုလွယ်၊ ပိုအန္တရာယ်ကင်း၊ ပိုစမတ်ကျတဲ့နေရာ ဖြစ်လာလိမ့်မယ်။ ကျွန်တော်တို့အားလုံး သေကြေဒဏ်ရာရမှုလုံးဝမရှိတဲ့ သုညရည်မှန်းချက်ကို အရောက်လှမ်းကြပါစို့''ဟု မစ္စတာလင်က ပြောကြားခဲ့သည်။

၂၀၁၀ခုနှစ်နောက်ပိုင်းတွင် လုပ်ငန်းခွင်သေဆုံးမှုနှုန်းမှာ အလုပ်သမားတစ်သိန်းလျှင် ယခင်က ၈ဒသမ၁ယောက် ရှိခဲ့ရာမှ ၅ ဒသမ ၅ယောက်အထိ၊ ကဏ္ဍတစ်ခုလုံးအနေဖြင့် စုစုပေါင်း ၂၇ယောက်အထိ ကျဆင်းသွားခဲ့သည်။

သို့ရာတွင် ၂၀၀၉ခုနှစ်နောက်ပိုင်း လုပ်ငန်းခွင်သေဆုံးမှုမှန်သမျှတွင် ဆောက်လုပ်ရေးကဏ္ဍမှာ အများဆုံးဖြစ်နေသေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly