နည်းစနစ်အပြောင်းအလဲကြောင့် ခြေစွမ်းပြနိုင်မည် ဟု ဂတ်စတာဗို ယုံကြည်

နည်းစနစ်အပြောင်းအလဲကြောင့် ခြေစွမ်းပြနိုင်မည် ဟု ဂတ်စတာဗို ယုံကြည်
ရခိုင်အသင်းဘက်သို့ အနိုင်ဂိုးသွင်းယူနေသည့် ဂတ်စတာဗိုအား တွေ့ရစဉ် (ဓာတ်ပုံ-ရှမ်းယူနိုက်တက်)

ဇွန် ၁၂ ၊ ရန်ကုန်။             ။ ရှမ်းယူနိုက်တက်အသင်းတွင် ကစားနေသည့် ဘရာဇီးတိုက်စစ်မှူး ဂတ်စတာဗိုက အသင်းတွင် နည်းစနစ်အပြောင်းအလဲကြောင့် ခြေစွမ်းပြပိုကောင်းလာမည်ဟု ယုံကြည်ကြောင်း ရခိုင်အသင်းနှင့် ပွဲအပြီးတွင် ပြောသည်။ ဂတ်စတာဗိုသည် ရခိုင်အသင်းနှင့်ပွဲတွင် နောက်ချန်တိုက်စစ်မှူး နေရာ၌ ကစားခဲ့ပြီး ပွဲချိန် ၃၈ မိနစ်တွင် အသင်းအတွက် အနိုင်ဂိုးသွင်းယူခဲ့ကာ ယင်းဂိုးဖြင့်သာ ရခိုင်အသင်းကို ၁-၀ ဖြင့် အနိုင်ရခဲ့သည်။

“ ပထမအကျော့တုန်းက ကွင်းလယ်မှာ ကစားရတယ်။ ကွင်းလယ်ပိုင်းဆိုတော့ ခံစစ်ကို ကူရတဲ့ တာဝန်လည်း ရှိတယ်။ ဒုတိယအကျော့ကျတော့ ကစားရတဲ့ နေရာ ပြောင်းသွားတယ်။ တိုက်စစ်မှုးနောက်က လိုက်ကစားရတဲ့ နောက်ချန်တိုက်စစ်မှူး ပေါ့။ ကစားရတာ ပိုလွတ်လပ်လာတယ်။ ကိုယ်စိတ်ကြိုက် ကစားလို့ ရတယ်။ ဒါကြောင့် အခွင့်အရေးတွေ ရပြီး ဂိုးသွင်းနိုင်တာပါ။ ဒီလိုနေရာပြောင်းကစားရတဲ့အတွက် ကျွန်တော့်အနေနဲ့ ပိုပြီး ခြေစွမ်းပြလာနိုင်မယ်လို့ ယုံကြည်ပါတယ် " ဟု ဂတ်စတာဗိုက ဆိုသည်။

ဘရာဇီးကစားသမား ဂတ်စတာဗိုသည် ၂၀၁၆ ဘောလုံးရာသီမှ ရှမ်းယူနိုက်တက်အသင်းသို့ ပြောင်းရွေ့လာသည့် ကစားသမားတစ်ဦးဖြစ်ပြီး နောက်ဆုံးနှစ်ပွဲတွင် သုံးဂိုးထိ သွင်းယူကာ အသင်းအတွက် စုစုပေါင်း ငါးဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့သည်။ ရှမ်းယူနိုက်တက်အသင်းသည် လိဂ်ပွဲစဉ် ၁၃ ပွဲကစားပြီးချိန်တွင် လေးပွဲနိုင် ခြောက်ပွဲသရေ သုံးပွဲရှုံး ရလဒ်ဖြင့် ရမှတ် ၁၈ မှတ် ရရှိကာ အမှတ်ပေးဇယား အဆင့် ခြောက်နေရာတွင် ရပ်တည်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly