ပုဂ္ဂလိက ပညာရေးဝန်ဆောင်မှု ကုမ္ပဏီတွေ အစိုးရတရားဝင်အသိအမှတ်ပြုမှု လိုင်စင်မရှိခြင်းကြောင့် အခက်အခဲရှိနေ

ပုဂ္ဂလိက ပညာရေးဝန်ဆောင်မှု ကုမ္ပဏီတွေ အစိုးရတရားဝင်အသိအမှတ်ပြုမှု လိုင်စင်မရှိခြင်းကြောင့် အခက်အခဲရှိနေ

ဒီဇွန်လ တစ်ရက်နေ့မှာပဲ မြန်မာပြည်က စီးပွားရေးပညာသင်ကြားပေးတဲ့ သင်တန်းကျောင်းတစ်ခုဖြစ်တဲ့ Strategy First ကို ဗြိတိန်ကုန်သည်ကြီးများ အသင်း မြန်မာရဲ့ နှစ်ရာမြောက် အသင်းဝင် ကုမ္ပဏီဖြစ်တယ်လို့ ကြေငြာခဲ့ပါတယ်။ ဒီဗြိတိန်ကုန်သည်ကြီးများ အသင်းကိုတော့ ၂၀၁၄ ခုနှစ် ဇူလိုင်လမှာ စတင် တည်ထောင်ခဲ့ပြီးတော့ ပြည်တွင်း ပြည်ပ စီးပွားရေးလုပ်ငန်းတွေက အလွန်ကိုစိတ်ဝင်စားလျှက် ရှိတယ်လို့ အသင်းကပြောပါတယ်။ အဲ့တော့ အခု စီးပွားရေးပညာသင်ကြားပေးတဲ့ Strategy First က ဗြိတိန်ကုန်သည်ကြီးများ အသင်းနှင့် ချိတ်ဆက်လိုက်တာ ဘာတွေကောင်းလာမလဲ ဆိုတာကိုတော့ သင်တန်းကျောင်းရဲ့ တည်ထောင်သူနှင့် ဒါရိုက်တာဖြစ်တဲ့ ဦးအောင်ချစ်ခင်ကို မေးမြန်းမှာပါ။

မဇ္ဈိမ ။  ။ အခုဦးအောင်ချစ်ခင်က မေးခွန်းတချို့ဆွေးနွေးဖြေကြားပေးဖို့ သတင်းခန်းထဲကို ရောက်နေပါပြီ။ ဟုတ်ကဲ့၊ အဲ့တော့ပေါ့နော် ဒီ Strategy First ပေါ့နော် ဒီပညာသင်ကျောင်းကနေပြီးတော့ ဗြိတိန် ကုန်သည်ကြီးများအသင်း မြန်မာနဲ့ ဘာဖြစ်လို့ ချိတ်ဆက်လိုက်တာလဲ ဆိုတာ အရင်ဆုံး ပြောပြပေးပါရှင့်။

ဦးအောင်ချစ်ခင် ။  ။ ဟုတ်ကဲ့ ကျွန်တော်တို့ကျောင်း စတင်တည်ထောင်ခဲ့တာလေ UK မှာရှိတဲ့ ဒီပညာရေး အဖွဲ့စည်းတွေ ဒီ တက္ကသိုလ်တွေနဲ့ ချိတ်ဆက်ပြီးတော့ လုပ်ခဲ့တယ်ပေါ့နော်။ ဆိုတော့ အခုနောက်ဆုံးလည်း Adamas Business School University နဲ့လည်း ချိတ်ဆက်ပြီးတော့ ကျွန်တော်တို့ MBA ပရိုဂရမ်တွေလုပ်နေတာလည်း ရှိတယ်ဆိုတော့ သူတို့ဘက်ကလည်း ဝင်မလားဆိုပြီးတော့ ကမ်းလှမ်းတယ်ပေါ့။ ကျွန်တော်တို့ကလည်း ကျွန်တော်တို့ မိတ်ဖက်တွေ အကုန်လုံးနီးပါးက ယူကေ ကဖြစ်တဲ့ အတွက် ကျွန်တော်တို့ ဝင်ခဲ့တာပါ ခင်ဗျ။

မဇ္ဈိမ ။  ။ ဟုတ်ကဲ့ ဒီအခုလိုမျိုးပေါ့ နော် အသင်းဝင်ခဲ့တယ်ဆိုတော့ ကိုယ့် အပိုင်းက ဘာတွေပေးရပြီးတော့ သူတို့ဆီကကော ဘာတွေ ပြန်ရဖို့ ရှိလည်းရှင့်။

ဦးအောင်ချစ်ခင် ။  ။ ကျွန်တော်တို့ ဘက်ကတော့ သိပ်မပေးရပါဘူး။ နှစ်စဉ်ကြေးလောက်ပါပဲ ပြီးတော့ ဒီအသင်းဘက်က ပြန်လုပ်ပေးတာတွေကတော့ networking advance တွေပေါ့နော်။ ဟိုဘက်က ကျွန်တော်တို့ နဲ့ သက်ဆိုင်တဲ့ လုပ်ငန်းတွေလာတယ်ဆို ကျွန်တော်တို့ကို မိတ်ဆက်ပေးတာမျိုးတွေ နောက် သူတို့ ပွဲတွေလုပ်တယ် ဆိုလို့ချင်ရင်လည်း ကျွန်တော်တို့ မြန်မာပြည်မှာရှိတဲ့ တခြား ကုမ္ပဏီတွေနဲ့လည်း ပြန်ပြီးတော့ ချိတ်ဆက်မိတာပေါ့လေ။ အဲ့ဒါပါပဲ။

မဇ္ဈိမ။  ။  ဒီမြန်မာပြည် စီးပွားရေးက ပြုပြင်ပြောင်းလဲရေးတွေ ဒီဥပဒေ ပြုရေးတွေ တည်ဆောက်ရေးတွေကနေပြီးတော့ အခုဆိုရင်စီးပွားဖက် ပါတနာကောင်းတွေ ရှာတဲ့ အချိန်ကိုရောက်လာပြီရှင့်၊ အဲ့တော့ ဒီဦးအောင်ချစ်ခင်တို့ရဲ့ ဒီ Strategy First မြန်မာက ဒီပညာရေးကို တိုးချဲ့လိုက်တဲ့ သဘောလား၊ ဒါနဲ့ ပတ်သက်ပြီးတော့လည်း ပြောပြပေးပါဦး။

ဦးအောင်ချစ်ခင် ။  ။ အခုချိန်ဆိုရင်တော့ တော်တော်များများက လာဖို့ စိတ်ဝင်စားတယ်ပေါ့နော်။ ဒါ ကဏ္ဍ ပေါင်းစုံကပါပဲ။ ပညာရေး ကဏ္ဍမှာလည်း ဒီလိုပါပဲ။ မြန်မာပြည်မှာ ပူးပေါင်းဆောင်ရွက်ဖို့တွေ စိတ်ဝင်းစားတဲ့ ကျောင်းတွေ တက္ကသိုလ်တွေ လာကြတာတွေ ရှိပါတယ်။ ကျွန်တော်တို့ ဘက်က ပြင်ဆင်ရတာကတော့ ကိုယ့်ဘက်က စနစ်တကျ အကုန်လုံး ဆောင်ရွက်နေတယ်ဆိုတာမျိုး ဖြစ်အောင်ပေါ့လေ။ ဒါ လုပ်ထားရပါတယ်။ ဒါ ကျွန်တော်တို့မှ မဟုတ်ပါဘူး။ လုပ်ငန်းတိုင်းပါပဲ။ စာရင်းကအစ အကုန်လုံး စနစ်တကျ ဖြစ်တယ်ဆိုတာမျိုး သူတို့က မြင်ချင်တယ်ပေါ့။ ဒါက သူများနိုင်ငံမှာ ဆိုရင်တော့ ဒါက ထုံးစံလို ဖြစ်နေတာပေါ့လေ။ ဒါတွေဟာ ဥပမာ  နောက် CSR လို့ Program မျိုးတွေ ပေါ့လေ။ အဲတာမျိုးတွေကလည်း ဒါ ကျွန်တော်တို့တွေက တစ်လျှောက် လုပ်နေတာပေါ့လေ။ တစ်ခြားလုပ်ငန်းတွေမှာ အဲဒါမျိုးတွေ အားနည်းတယ်ဆိုလို့ ရှိရင် အချိန်ဆက် မိတ်ဖက်ကောင်း ရှာတဲ့ အခါမှာ နည်းနည်း အခက်ခဲ ရှိနိုင်တယ်ပေါ့နော်။ ဘာလို့လဲဆိုတော့ ဟိုဘက်က မိတ်ဖက်ရှာတဲ့ အဖွဲ့စည်းတွေက ဒီဘက်မှာ စနစ်တကျ လုပ်ရဲ့လား။ ဥပဒေ လိုက်နာရဲ့လား ဒါမျိုးလေးတွေလည်း သူတို့ သိချင်တာမျိုးတွေ ရှိတယ် ခင်ဗျ။ နောက် ကျွန်တော်တို့ ပြည်တွင်းဘက်က အခက်ခဲတွေကလည်း ရှိတယ်။ ဥပမာ ကျွန်တော်တို့လိုမျိုး ကျောင်းတွေ ဆိုလို့ ရှိရင် ဒီ အဆင့်မြင့် ပညာပိုင်းကနေပြီးတော့ ကျွန်တော်တို့ အသိမှတ်ပြုထားတာမျိုး သိပ်ပြီး မရှိဘူး။ မရှိဘူးပေါ့နော်။ ကျွန်တော်တို့က Service (ဝန်ဆောင်မှု) ကုမ္ပဏီ အနေနဲ့ပဲ လုပ်နေတာမျိုးတွေ ရှိတယ်ဆိုတော့ ဟိုဘက်ကကျောင်းတွေက မင်းတို့ Higher Education licence ရှိလားလို့ မေးတဲ့ အခါမှာ ကျွန်တော်တို့ ဘက်က တော်တော်လေးကို ဘာမှ မရှိဘူးဖြစ်နေတာပေါ့နော်။ အဲလိုပဲ ကျွန်တော်ထင်တယ် အခြားကဏ္ဍတွေမှာလည်း အဲလို လိုအပ်ချက်လေးတွေ ရှိမယ် ထင်ပါတယ်။

မဇ္ဈိမ ။  ။ ဟုတ်ကဲ့ရှင့် အဲတော့ ပြည်တွင်းမှာတော့ ရပ်တည်လို့ ရတယ်ပေါ့နော်။ နိုင်ငံတကာနဲ့ ချိတ်ဆက်တဲ့ အခါမှာ အဓိက ဘယ်လို အခက်ခဲတွေ ရှိလဲ အဲဒါလေး ပြောပြပေးပါအုံး။

ဦးအောင်ချစ်ခင်။  ။ ဟုတ်ကဲ့ ခုနက ကျွန်တော် ပြောတဲ့ အပိုင်းပါပဲ။ ဒီဘက်ကတော့ စနစ်တကျ documentation ပိုင်းပေ့ါနော်။ စာရွက်စာတမ်းပိုင်း ဆိုင်ရာ အဲအပိုင်းမှာ လိုအပ်တာတွေ ရှိမယ်။ အဲဒီဟာလေးတွေတော့ ပြင်ဆင်ထားဖို့ လိုပါတယ်။

မဇ္ဈိမ ။  ။ ဟုတ်ကဲ့ပါရှင့် အခုဆက်ပြီးတော့ လူ့စွမ်းအား အရင်းအမြစ်ပိုင်းနဲ့ ပတ်သက်ပြီးတော့ ဒေသတွင်းနိုင်ငံတွေမှာ ဆိုရင်တောင်မှ မြန်မာနိုင်ငံက လူ့စွမ်းအား အရင်းအမြစ်နဲ့ ပတ်သက်ပြီးတော့ တော်တော် အားနည်းတယ်လို့ ပြောကြတယ် ရှင့်။ အဲတော့ ဦးအောင်ချစ်ခင်တို့က စီးပွားရေးနဲ့ ပတ်သက်ပြီးတော့ သင်ကြားပေးနေတဲ့ သင်တန်းကျောင်း တစ်ခု ဖြစ်တယ်ဆိုတော့ ဘယ်လိုလူမျိုးတွေက လာပြီးတော့ သင်တာ တွေ့ရလဲ။ ပြီးတော့ သင်တန်းသားတွေဆီက နေပြီးတော့ ပြန်ပြီးတော့ ကိုယ်သိခဲ့တာ နားလည်ခဲ့တာ ကိုယ်ရခဲ့တဲ့ ဟာလေးတွေ ရှိရင်လည်း ပြောပြပေးပါ။

ဦးအောင်ချစ်ခင် ။  ။ ကျွန်တော်တို့ ဆီမှာ လာတက်တာကတော့ ဒီ ဘွဲ့ရပြီးသား လုပ်ငန်းထဲက လူတွေ များပါတယ်။ မန်နေဂျာတွေ တစ်ချို့တွေဆိုရင်လည်း လုပ်ငန်းရှင်တွေပေါ့လေ။ သူတို့ အတွက်က ဒီအချိန်မှာ သူတို့ ထုံးစံအတိုင်း လုပ်နေတာတွေ ထက် ပိုပြီးတော့ မြင်ချင်လာတယ်။ ပြီးတော့ ပိုပြီး စနစ်တကျ လုပ်တတ်ချင်တယ်ဆိုတဲ့ အတွက် စီးပွားရေးနဲ့ ပတ်သက်တဲ့ စီမံခန့်ခွဲမှု အပိုင်းတွေကိုတော့ တော်တော်လေး စိတ်ဝင်တစား ရှိလာပြီပေါ့နော်။ လာတက်ကြပါတယ်။ ခုနကပြောတဲ့ ဒေသအတွင်းမှာ ကျွန်တော်တို့ နိုင်ငံ လူ့စွမ်းအား အရင်းအမြစ်က အရေအတွက်အားဖြင့်တော့ အဆင်ပြေတယ်ပေါ့နော်။ ဒါပေမယ့် အခုနက ပြောတဲ့ Quality (အရည်အသွေးပိုင်း)မှာကတော့ ကြိုးစားရမှာတွေ ရှိပါသေးတယ်။ အဲအပိုင်းတွေမှာ အစိုးရ ကိုယ်တိုင်က လုပ်နေတာတွေလည်း ရှိတယ်။ ပြုပြင်ပြောင်းလဲရေးတွေ ပေါ့လေ။ ဒါပေမယ့် သူတို့အတွက်က အခု သူငယ်တန်းကနေပြီးတော့ ဟိုးတစ်ခါ တက္ကသိုလ် အထိပေါ့လေ အဲမှာတင် ပြောင်းလဲမှုတွေက အများကြီး လုပ်နေရသေးတယ်ပေါ့လေ။ ဆိုတော့ ကျွန်တော်တို့ လုပ်နေတဲ့ အပိုင်းကတော့ တစ်ပိုင်းက ဘာလဲဆိုတော့ ဘွဲ့ရပြီးသွားပြီ လုပ်ငန်းထဲမှာ ရောက်နေတဲ့ သူတွေက ထပ်ပြီးတော့သင်ချင်တာတွေ ရှိတယ်။ သူတို့ရဲ့ Carrier ပေါ့နော်။ အလုပ်အကိုင် တိုးတက်မှုအရ လိုအပ်ချက်တွေ မတူတော့တာတွေ ရှိတယ်။ ဟိုမှာ ရထားတုန်းကတော့ သမိုင်းနဲ့ ဘွဲ့ရထားတယ်။ အခုကျတော့ HR မန်နေဂျာ လုပ်နေတယ်။ ဆိုတဲ့ အခါမှာ သူပိုပြီး သိချင်တာမျိုးတွေ ရှိတယ်။ ကျွန်တော်တို့က အဲဒီ အခန်းကဏ္ဍမှာ ဝင်ပြီးတော့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

မဇ္ဈိမ ။  ။ ဟုတ်ကဲ့ပါရှင့် ဒီစီးပွားရေးနဲ့ ပတ်သက်ပြီးတော့လည်း ဒီ ပုဂ္ဂလိက အခန်းကဏ္ဍကနေပြီးတော့ သူတို့ မူဝါဒတွေက အစိုးရထက် ကျော်လွန်နေတာတွေ အားကောင်းနေတာတွေ တွေ့ရလား။ တစ်ခါ ထပ်ပြီးတော့ ဒီအစိုးရ ဘက်ကနေပြီးတော့လည်း ပုဂ္ဂလိက ဘက်က အင်းအားစုတွေကိုပေါ့နော်။ ဒီ ထောက်ပံ့မှု ကောင်းကောင်းတွေ ပေးနိုင်တယ်လို့ တွေ့ရလား။ အဲလို ပြောဖို့ဆိုရင်ကော စောနေသေးလား။ အဲဒီအပေါ်မှာ သုံးသပ်ပေးပါအုံးရှင့်။

ဦးအောင်ချစ်ခင် ။  ။ အစိုးရရဲ့ ဦးစားပေး စနစ်ကတော့ ကျွန်တော်ထင်ပါတယ် ဒီ ငြိမ်းချမ်းရေးဘက်ကို ပိုပြီးတော့ အာရုံပြုတယ်ပေါ့လေ။ နောက် ဒီစီးပွားရေးနဲ့ ပတ်သက်တဲ့ဟာကတော့ လောလောဆယ်ကတော့ ကျွန်တော် တိုင်းဒေသကြီး အစိုးရတွေကနေပြီးတော့ ပိုမိုပြီးတော့ ဆောင်ရွက်နေတာမျိုးကို တွေ့ရတယ်ပေါ့လေ။  ဆိုတော့ အခုနက စီးပွာရေးတွေကတော့ ရှေ့ကို အများကြီး ရောက်နေတာပေါ့နော်။ ဥပဒေပိုင်းဆိုင်ရာ တွေကတော့ ကျန်ခဲ့တာတွေက ရှိတယ်ဆိုတော့ အဲဒါတွေလည်း မကြာခင်တော့ လိုက်မီလာလိမ့်မယ်လို့ ထင်ပါတယ်။ အခုလောလောဆယ်အနေနဲ့ကတော့ ကျွန်တော် ထင်တယ် စီးပွားရေးတွေက အရှေ့မှာ လုပ်ချင်တာတွေ အများကြီး ရောက်နေတယ်ပေါ့နော်။

မဇ္ဈိမ ။  ။ ဟုတ်ကဲ့ပါ ဦးအောင်ချစ်ခင်ရှင့် ကျွန်မတို့ 7 Minutes အစီစဉ်ကို အခုလို အချိန်ပေး ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly