ဇာတ်ညွှန်း၊ လူရွှင်တော်သရုပ်ဆောင် မိုးကျော်အောင် အသည်းရောဂါဖြင့် ကွယ်လွန်

ဇာတ်ညွှန်း၊ လူရွှင်တော်သရုပ်ဆောင် မိုးကျော်အောင် အသည်းရောဂါဖြင့် ကွယ်လွန်
ဓာတ်ပုံ- အောင်ဇော်ဖေ့စ်ဘုတ်

ရန်ကုန်၊ ဇူလိုင် ၇ ။     ။ ဇာတ်ညွှန်း၊ လူရွှင်တော်သရုပ်ဆောင် မိုးကျော်အောင်သည် ဇူလိုင် ၇ရက် နံနက် ၁၂ နာရီခွဲအချိန်က အသည်းရောဂါဖြင့် ရန်ကုန်ဆေးရုံကြီး၌ ကွယ်လွန်ခဲ့သည်။

အနုပညာရှင် ကိုမိုးကျော်အောင်သည် အသက် ၄၄ နှစ်တွင် အသည်းရောဂါ ဘီပိုး၊ စီပိုး ဝေဒနာ နှင့် ကျောက်ကပ်ရောဂါတို့ဖြင့် ဇူလိုင် ၇ ရက်က ကွယ်လွန်ခဲ့ခြင်းသည်ဟု 5 Star အဖွဲ့မှ ကိုအောင်သော်က မဇ္ဈိမသို့ပြောခဲ့သည်။

“ကျွန်တော်တို့အဖွဲ့အငြိမ့်ကနေတာ။ အဖြူရောင်သုခအသင်းက ဖုန်းလှမ်းဆက်မှ ကျွန်တော်သိရတာ။ ကျွန်တော်လုံးဝ စိတ်မကောင်းဘူး။ သူက တစ်ကယ်တော်တဲ့ အနုပညာရှင်တစ်ယောက်ပါ။” ဟု ၎င်းကပြောခဲ့သည်။

အနုပညာရှင် ကိုမိုးကျော်သည် ဇာတ်ညွှန်းရေးခြင်း၊ လူရွှင်တော်အဖြစ် သရုပ်ဆောင်ခြင်းတို့ကို လုပ်ဆောင်ခဲ့သည့် အနုပညာရှင် တစ်ဦးဖြစ်ပြီး အနုပညာ လောကသားအချင်းချင်းအပေါ်တွင်လည်း ရိုင်းပင်းကူညီတတ်သူတစ်ဦးဖြစ်သည်ဟုလည်း ကိုအော်သော်က ပြောကြားခဲ့သည်။

၎င်းက ရန်ကုန်ဆေးရုံကြီးရှိ အသည်းဌာန 2 Room C12 တွင် ဇူလိုင် ၄ ရက်က တက်ရောက်ဆေးကုသခဲ့ခြင်းဖြစ်ပြီး ၇ရက် နံနက် အစောပိုင်းတွင် ကွယ်လွန်ခဲ့သည်။ ၎င်း၏ ရုပ်ကလပ်ကို ဇူလိုင် ၉ ရက်တွင် ရေဝေး၌ သဂြိုလ်သွားမည်ဖြစ်သည်။

၎င်းသည် လွန်ခဲ့သည့် နှစ်နှစ်ခန့်တွင် လေဖြတ်ခဲ့ပြီး လေးငါးလ အကြာတွင် အသည်း ဘီ ပိုးနှင့် စီ ပိုးကိုပါ တွေ့ရှိခဲ့သည့် အပြင် ကျောက်ကပ်ရောဂါလည်း ခံစားခဲ့ရသည်။ လေဖြတ်ခဲ့သည့် အတွက် မကွယ်လွန်ခင်အချိန်အထိ စကားပြော ဆိုနိုင်ခြင်းမရှိသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly