ပညာရေးသားကောင်များဘဝမှ အမြန်လွတ်မြောက်နိုင်ကြပါစေ

.

အောင်မြေသာစံမြို့နယ်၊အမှတ်(၁၁)အခြေခံပညာအထက်တန်းကျောင်းသို့ ကျောင်းသူ၊ကျောင်းသားများ တက္ကသိုလ်ဝင်တန်းအောင်စာရင်း လာရောက်ကြည့်ရှု့နေကြသည် ကို တွေ့ရစဉ်။ ဓာတ်ပုံ-အောင်ကိုဦး

အခြေခံပညာ အထက်တန်းစာမေးပွဲ အောင်စာရင်းထွက်လာတဲ့အခါ ထုံးစံအတိုင်း ပထမဆုံး ကြားရတဲ့အသံကတော့ ဒီနှစ် အောင်ချက်ရာခိုင်နှုန်း နည်းလွန်းတယ်ဆိုတဲ့ အသံပဲဖြစ်ပါတယ်။

အခြေခံပညာ အထက်တန်းစာမေးပွဲဟာ မြန်မာပြည် ပညာရေးအဆင့် အသီးသီးအနက် အရေးအပါဆုံး စာမေးပွဲ ဖြစ်ပါတယ်။ တချို့ကဆိုရင် ဒီစာမေးပွဲက စာမေးပွဲဝင်ဖြေတဲ့ ကျောင်းသားတိုင်းရဲ့ ဘ၀ကို ပြဌာန်းပေးတဲ့ စာမေးပွဲမှတ်တိုင် အမျိုးအစားတစ်ခုဖြစ်တယ်လို့ ဆိုကြပါတယ်။ ဆိုမယ်ဆိုရင်လည်း ဆိုလောက်ပါတယ်။ မြန်မာ့ အစိုးရဝန်ထမ်းနယ်ပယ်မှာ အနိမ့်ဆုံးဝန်ထမ်းသည်ပင်လျင် အဲဒီ အခြေခံပညာရေး အထက်တန်းကို အောင်မြင်ပြီးတဲ့သူမှသာ ခန့်ထားလေ့ရှိတဲ့ ယေဘုယျပစ္စက္ခအခြေအနေ ဖြစ်နေလေတော့ ဒီစာမေးပွဲရဲ့အရေးပါမှုက မြင့်မားချင်တိုင်း မြင့်မားနေတော့တာပဲပေါ့။

ပြီးတော့ အခြေခံပညာ အထက်တန်းစာမေးပွဲဟာ အစိုးရစစ် စာမေးပွဲ ဖြစ်တယ်။ တခြားစာမေးပွဲတွေထက်လည်း ခက်ခဲတယ်။ ဘ၀ရဲ့ အချိုးအကွေ့ကြီးတစ်ခုလည်း ဖြစ်စေတယ်။ ဒီတော့ ဒီအခြေခံပညာ အထက်တန်းစာမေးပွဲကို မိဘတိုင်းကလည်း ကြောက်ရွံ၊ ကျောင်းသားတိုင်းကလည်း ကျောက်ရွံ့ကြရတဲ့ စာမေးပွဲ ဖြစ်ပါတယ်။ ဒီလိုစာမေးပွဲမျိုးကို ရင်ဆိုင်ကျော်လွှား အောင်မြင်ဖို့ကြိုးစားရင်း ကျရှုံးရတဲ့အခါ ကျောင်းသားတချို့ဟာ ပညာရေးကို စိတ်နာသွားတာမျိုး၊ အမြင့်ဆုံးပြောရရင် ကိုယ့်ကိုယ်ကို အဆုံးစီရင်တာမျိုးအထိ ရှိခဲ့ရတဲ့ အင်မတန် နတ်ကြီးတဲ့ စာမေးပွဲလည်း ဖြစ်ပါတယ်။

စာမေးပွဲအောင်တဲ့ ကျောင်းသားတွေက ဒီနှစ်တော့ အောင်မှတ်အပေါ် မူတည်ပြီးမှ တက္ကသိုလ် တက်ခွင့်ရတာမျိုး မဟုတ်ပြန်ပဲ တက္ကသိုလ်ဆက်တက်ဖို့ ၀င်ခွင့်စာမေးပွဲ ဖြေကြရမယ် ဆိုတဲ့သတင်းကလည်း ထွက်နေပြန်ပါသေးတယ်။ ဒီသတင်းကလည်း အောင်တဲ့ကျောင်းသား မိဘတွေနဲ့ အောင်တဲ့ကျောင်းသားတွေရဲ့ရင်ကို မအေးငြိမ်းစေပြန်တဲ့သတင်းပါပဲ။ ကျရှုံးရတဲ့ ကျောင်းသားမိဘများရဲ့အခြေအနေကတော့ အထူးပင်ပြောဖို့လိုမယ် မထင်တော့ပါဘူး။ မရှိဆင်းရဲတဲ့ ကျောင်းသားမိဘက အများစုဖြစ်လေတော့ ကိုယ့်သားသမီး ကျောင်းထွက်ခိုင်းပြီး အလုပ်တစ်ခုခု လုပ်ခိုင်းရရင်ကောင်းမလား၊ ဒါမှမဟုတ် ချေးငှားပြီးမှ ကျောင်းဆက်ထားနိုင်အောင် လုပ်ရရင်ကောင်း မလားဆိုတဲ့ သောကအတွေးနဲ့ အိပ်မပျော် စားမဝင် ဖြစ်နေကြရမှာကလည်း အသေအချာပါပဲ။

ဒီနှစ်မှာ အခြေခံပညာ အထက်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုသူ ခြောက်သိန်းခွဲရှိပြီး ၄ သိန်းကျော် ကျရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။ တနိုင်ငံလုံး အောင်ချက်ရာနှုန်းက ၂၉ ဒသမ ၉၂ ရာခိုင်နှုန်း ရှိပါတယ်။ ၆ ဘာသာ ဂုဏ်ထူးရှင်က ၈၉၃ ဦးရှိတယ်လို့လည်း သိရပါတယ်။ အောင်မြင်သူအရေအတွက်က ၁ သိန်း ၉ သောင်းကျော်ပဲ ရှိပါတယ်။ ဒီနှစ်အောင်ချက်ဟာ ၇ နှစ်တာကာလအတွင်း အောင်ချက် အခြေအနေ အဆိုးဝါးဆုံးနှစ် ဖြစ်ပါတယ်။ ကျန် ၆ နှစ်တာကာလမှာတော့ နှစ်စဉ်နှစ်တိုင်း ၃၀ ရာခိုင်နှုန်းအထက် အောင်မြင်တာ တွေ့ခဲ့ကြရပါတယ်။ မနှစ်က တနိုင်ငံလုံး အောင်ချက်အများဆုံး တိုင်းတစ်ခုဖြစ်ခဲ့တဲ့ ဧရာဝတီတိုင်းကတော့ ၆ သောင်းကျော်ဖြေဆိုကြရာ ၁ သောင်းကျော်ပဲ အောင်မြင်လို့ အောင်ချက် အဆိုးဝါးဆုံးတိုင်း ဖြစ်သွားရပြန်ပါတယ်။

တကယ်တော့ ပညာရေးစနစ် ကောင်းမွန်နေမယ်ဆိုရင် ဘဝနဲ့ပညာရေးလိုအပ်ချက် အံဝင်ခွင်ကျ ဖြစ်နေမယ်ဆိုရင် အခြေခံပညာ အထက်တန်းစာမေးပွဲရယ်လို့မဟုတ် ဘယ်စာမေးပွဲမဆို အရေးပါတဲ့ စာမေးပွဲတွေချည်းပဲ ဖြစ်တယ်လို့ ယူဆရပါလိမ့်မယ်။ စာမေးပွဲတွေကိုလည်း အထူးတလည် ကြောက်ရွံ့နေဖို့ မလိုပါဘူး။ လူတိုင်း ပညာသင်ကြားနိုင်ခွင့်နဲ့ ဘာသာရပ်တိုင်း သက်ဆိုင်ရာ လူ့အဖွဲ့အစည်း လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ ပညာရေးစနစ် ဖြစ်စေရပါလိမ့်မယ်။

မြန်မာနိုင်ငံမှာတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ အတွင်း ဆိုရှယ်လစ်ပညာရေးစနစ်၊ အာဏာရှင်ပညာရေးစနစ်နဲ့ တစ်နှစ်တစ်ခါပြောင်းတဲ့ မမှန်ကန် မခိုင်မာတဲ့ ပညာရေးစနစ်တွေကြောင့်   ကျောင်းသားတွေဟာ မှားယွင်းတဲ့ ပညာရေးရဲ့သားကောင်ဘဝနဲ့ ကျောင်းတက်ခဲ့ကြရပါတယ်။

အခုတော့ ဒီမိုကရေစီပညာရေးစနစ်၊ တိုင်းပြည်ရဲ့လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ ပညာရေးစနစ်၊ မှန်ကန်ပြီး ရေရှည်တောင့်တင်းခိုင်မာတဲ့ ပညာရေးစနစ် ဖြစ်လာစေဖို့ အစိုးရနဲ့ ပညာရေး အဝန်းအဝိုင်းကလူတွေ ဝိုင်းဝန်းကြိုးပမ်းကြလိမ့်မယ် ယုံကြည်ပါတယ်။

ကျောင်းသားများ ပညာရေးသားကောင်အဖြစ်မှ ပညာရေးသားကောင်းများဖြစ်လာစေရေး ပညာရေးစနစ် အမြန်ဆုံး ပြုပြင်ပြောင်းလဲပစ်ဖို့လိုအပ်ကြောင်း မဇ္ဈိမက တိုက်တွန်းလိုက်ပါတယ်။