ဒေါ်အောင်ဆန်းစုကြည်၏ ထိုင်းနိုင်ငံခရီးစဉ်ကနေ ကောက်နုတ်ရရှိနိုင်သည့် အဓိကကျသည့် အချက်သုံးချက်

ဒေါ်အောင်ဆန်းစုကြည်၏ ထိုင်းနိုင်ငံခရီးစဉ်ကနေ ကောက်နုတ်ရရှိနိုင်သည့် အဓိကကျသည့် အချက်သုံးချက်
(ဓာတ်ပုံ- မင်းမင်း၊မဇ္ဈိမ)

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မကြာခင် သွားရောက်မည့် ထိုင်းနိုင်ငံ ခရီးစဉ်က ထိုင်း-မြန်မာ ဆက်ဆံရေးသမိုင်းတစ်လျှောက်တွင် အရေးပါသော မှတ်တိုင်တစ်ခု ဖြစ်လာရန် ရှိနေသည်။   ပြီးခဲ့သည့် နိုဝင်ဘာရွေးကောက်ပွဲနောက်ပိုင်း လွတ်လပ်မျှတသော အစိုးရတစ်ရပ်အောင်မြင်စွာ ရွေးကောက်တင်မြှောက်နိုင်ခဲ့ပြီးနောက်ပိုင်း ယခု ဒေါ်အောင်ဆန်းစုကြည်၏ ထိုင်းခရီးစဉ်မှာ အများမျှော်လင့်စောင့်စားနေသော ကိစ္စရပ်တစ်ခုလည်းဖြစ်သည်။

သမ္မတရုံးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ဒေါ်အောင်ဆန်းစုကြည်သည် လာမည့် ဇွန်လ ၂၃ ရက်မှ ၂၅ ရက်အထိ ထိုင်းနိုင်ငံသို့ သုံးရက်တာ အလည်အပတ်ခရီးသွားရောက်မည်ဖြစ်သည်ဟု သိရသည်။
သူမ၏ ယခု ထိုင်းခရီးစဉ်မှ နှစ်နိုင်ငံစလုံးအတွက် အဓိကကျလာနိုင်သည့် အချက်သုံးချက်ကို တွေ့မြင်နိုင်သည်။

ပထမအချက်က နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်သည် ပထမဆုံး တရားဝင် နိုင်ငံခြားခရီးစဉ်အဖြစ် အာဆီယံဥက္ကဌတာဝန်ယူထားသော လာအိုသို့ သွားရောက်ခဲ့ပြီးနောက်ပိုင်း ယခုကဲ့သို့ ၂,၄၀၁ ကီလိုမီတာ နယ်မြေချင်းထိစပ်နေသော ထိုင်းနိုင်ငံကို ရွေးချယ်ခဲ့ခြင်းက မှန်ကန်သော ဆုံးဖြတ်ချက်ဟု ဆိုနိုင်သည်။ ကမ္ဘာ့အသိအမှတ်ပြု ဒီမိုကရေစီ ခေါင်းဆောင် တစ်ဦး ယခုကဲ့သို့ ထိုင်းနိုင်ငံကို လာရောက်မည့် အစီအစဉ်က ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ ဦးဆောင်သော စစ်အစိုးရ အုပ်ချုပ်နေသော ထိုင်းနိုင်ငံအတွက် ကြီးမားသည့် အားတစ်ခု ဖြစ်လာစေရန် ရှိနေသည်။ အဘယ့်ကြောင့် ဆိုသော် ထိုင်းနိုင်ငံသည် ပြီးခဲ့သည့် နှစ်နှစ်တာကာလကတည်းက အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်း၏ ထောက်ခံအားပေးမှုကို လိုအပ်နေခြင်းကြောင့်ပင်ဖြစ်သည်။

ဒေသတွင်း အတိုင်းအတာ အားဖြင့် မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်၏ အရှိန်အဝါက အခြား အနောက်အုပ်စုခေါင်းဆောင်များထက် ပိုမိုသာလွန်နေပြီး   နိုဗယ်ငြိမ်းချမ်းဆုရရှိထားခြင်းဖြင့် ကမ္ဘာ့ နိုင်ငံရေးလောကတွင် နေရာယူထားနိုင်သူဖြစ်သည်။

ပိုမို၍ အရေးသည့်အချက်က ယခုကဲ့သို့ ထိုင်းနိုင်ငံကို သူမ လာရောက်ခြင်းက သူမထံမှ ပြုမှုပြောဆိုပုံများ နှင့် စွန့်လွှတ်အနစ်နာခံလိုမှုများကို လေ့လာသိရှိထားသော နိုင်ငံတွင်းရှိ မျိုးဆက်သစ် ဒီမိုကရေစီလိုလားသူ လူငယ်များ၏ အထင်ကြီးလေးစားမှုကို ရရှိစေနိုင်သည်။ အလားတူ နှစ်နိုင်ငံအကြား သမိုင်းကြောင်းအရ ဖြစ်ပွားထားခဲ့သော ပဋိပက္ခများ၊ အပြန်အလှန် မယုံကြည်မှုများကိုလည်း ပြေငြိမ်းသွားစေနိုင်ကာ ပိုမိုကောင်းမွန်သည့် နားလည်မှုနှင့် တန်ဖိုးထားမှုများကို တည်ဆောက်သွားနိုင်သည်။

အလားတူ ထိုင်း-မြန်မာ ဆက်ဆံရေးပိုင်းကို ကြည့်မည်ဆိုပါက အဆင်ပြေချောမွေ့မှုများ ပေါင်းစည်းထားသည်ဟု ဆိုနိုင်သည်။ မြန်မာနိုင်ငံအတွက် မိတ်ဘက်နိုင်ငံကောင်းများ လိုအပ်ခဲ့ချိန်ကလည်း ထိုင်းနိုင်ငံအနေဖြင့် စီးပွားရေးနှင့် လုံခြုံရေးရှုထောင့်များအရ အနီးကပ်ဆုံး ရှိပေးသူနိုင်ငံတစ်နိုင်ငံဖြစ်ခဲ့သည်။

ဒုတိယအချက်အနေဖြင့် ယခု ဒေါ်အောင်ဆန်းစုကြည်၏ ယခု ခရီးစဉ်က ထိုင်းနိုင်ငံနှင့် ဆက်ဆံရေးသစ်တစ်ခုကို ဖွင့်လှစ်ပေးနိုင်မည်ဖြစ်ပြီး အပြန်အလှန် ယုံကြည်မှုများကို ယခုထက် တိုးပွားလာစေရန် ရှိနေသည်။

သူမ၏ ခရီးစဉ်ကြောင့် လက်တစ်လော အမြတ်ထွက်လာနိုင်သည့်အချက်က ထိုင်းနိုင်ငံတွင် လုပ်ကိုင်နေသော မြန်မာရွှေ့ပြောင်းလုပ်သား ၄ ဒသမ ၅ သန်း အတွက် ခွန်အားများ တိုးပွားသွားစေနိုင်သည်။ ယခင်နှစ်များအတွင်းက ထိုင်းနိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံများဆီမှ လာရောက်လုပ်ကိုင်ကြသော ရွှေ့ပြောင်းလုပ်သားများ၏ သက်သာချောင်ချိရေး အခြေအနေများ တိုးတက်ရန် ကြိုးပမ်းပေးထားခဲ့သည်။ သို့သော် ဗျူရိုကရက် ကြိုးနီစနစ်နှင့် ခြစားမှု ကိစ္စရပ်များကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းက လိုချင်ခဲ့သည့် ရလဒ်ကောင်းမျိုးကို   ဆောင်ကြဉ်းပေးနိုင်ခဲ့ခြင်းမရှိခဲ့ပေ။ အထူးသဖြင့် ငါးဖမ်းလုပ်ငန်းများတွင် လုပ်သားများမှ ရံဖန်ရံခါဆိုသလို ခေါင်းပုံဖြတ်အမြတ်ထုတ်ခြင်းကို ခံစားခဲ့ရသည်။ ယခုကဲ့သို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ထိုင်းခရီးစဉ်ကြောင့် ထိုင်းရောက် မြန်မာလုပ်သားများအတွက် အကျိုးတစ်စုံတစ်ရာ ရရှိလာစရာ ရှိနေသည်။

တစ်ဘက်တွင်လည်း လုပ်ငန်းပါတနာသုံးဦး (မြန်မာ-ထိုင်း- ဂျပန်) တို့ လုပ်ကိုင်နေခဲ့သည့် ထားဝယ်အထူးစီးပွားရေးဇုန် ကိုလည်း ရှေ့ဆက်လုပ်ကိုင်နိုင်ရန် မီးစိမ်းပြထားခဲ့ပြီးဖြစ်သည်။ ယင်းစီမံကိန်းကို ဆက်လုပ်သင့်ကြောင်း သမ္မတ ဦးထင်ကျော်က ပြောထားခဲ့သည်။ ယခင်ကာလများအတွင်းက ကာလကြာမြင့်လာနေခဲ့သော ယင်းစီမံကိန်းနှင့်ပတ်သက်၍ အစိုးရသစ်က မည်ကဲ့သို့ သဘောထားလာမည်နည်းအပေါ် မသေချာမရေရာမှုများ ရှိနေခဲ့ခြင်းဖြစ်သည်။

တတိယအချက်အနေဖြင့် မြန်မာနှင့် ထိုင်း နှစ်နိုင်ငံစလုံးမှာ အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်ကြသည့် အလျောက် ရှေ့အနာဂတ်အတွက် အမြင်ချင်း ဖလှယ်သွားနိုင်ရန် ရှိနေသည်။ အာဆီယံအုပ်စု၏ အစီအစဉ်များအားလုံးအတွင်း နှစ်နိုင်ငံ ပူးပေါင်းအားထုတ်ခြင်းက ရှေ့အနာဂတ်ကာလ မျှော်မှန်းချက်အစီအစဉ်များ ပြည့်ဝအောင်မြင်နိုင်ရန် အဓိကကျနေသည်။

ယခု မဝေးလှတော့သည့် ကာလတစ်ခုတွင် နှစ်နိုင်ငံစလုံးအတွက် ဦးစားပေးလုပ်ဆောင်ရမည့်အချက်က နှစ်နိုင်ငံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုတစ်ခုကို ထူထောင်ဖွဲ့စည်းရေးပင်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly