မှန်ကန်စွာ ၀န်းရံတတ်ဖို့ လိုပါတယ်

မှန်ကန်စွာ ၀န်းရံတတ်ဖို့ လိုပါတယ်
၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက် နံနက်ပိုင်းက အမျိုးသားဒီမိုကရေအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး ကော့မှူးမဲဆန္ဒနယ်တွင် အမှိုက်ကောက်သည့် မြင်ကွင်းအားတွေ့ရစဉ်။ ဓာတ်ပုံ-ဟောင်ဆာ(ရာမည)

တနေ့တုန်းက ရဲမိသားစုတန်းလျားတစ်ခုကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဝင်ပြီး လေ့လာတဲ့သတင်းကို သတင်းဌာနတွေက ဖေါ်ပြကြရာမှာ ရဲဝန်ထမ်းမိသားစုတစ်ခုနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ပြောကြဆိုကြတဲ့ စကားတချို့ကိုပါ ပူးတွဲဖေါ်ပြကြတာ တွေ့ရပါတယ်။

အတိုချုပ်ပြောရရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လူထုအပေါ် အထူးသဖြင့် အောက်ခြေလူတန်းစားတွေ အပေါ် ထားရှိတဲ့ စိတ်ထားအမှန်ကို ထင်ဟပ်ပြနိုင်တဲ့ သတင်းတွေဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။

အမှန်တကယ်တော့ တိုင်းပြည်ခေါင်းဆောင်ခွင့်ရသူတွေဟာ တိုးပြည်ချစ်စိတ် လူထုအပေါ်ချစ်စိတ် အစိုင်အခဲလိုက် ရှိကိုရှိကြရမှာ ဖြစ်ပါ်တယ်။ အထူးသဖြင့် မြန်မာပြည်လို အစစအရာရာ နောက်ကျ ကျန်ရစ်ပြီး တိုင်းပြည်နဲ့လူမျိုး သိက္ခာကျဆင်းနေတဲ့ အခြေအနေမျိုးမှာ တိုင်းပြည်နဲ့လူထုကို ချစ်တဲ့ ခေါင်းဆောင်ပေါ်ပေါက်လာဖို့ ရှိလာဖို့ အင်မတန် အရေးကြီးပါတယ်။ ဒီလိုလူမျိုးကသာ တိုင်းပြည် နိမ့်ကျနေတဲ့ ဘဝအမှန်ကို သိအောင်ကြိုးစားသူဖြစ်ပြီး နိမ့်ရာက မြင့်အောင် တွန်းတင်ပေးနိုင်မှာလည်း ဖြစ်ပါတယ်။

တိုင်းပြည်တစ်ခု အထူးသဖြင့် ဆင်းရဲနိမ့်ကျတဲ့ တိုင်းပြည်တစ်ခု ချမ်းသာကြွယ်ဝ မြင့်မားတဲ့တိုင်းပြည် ဖြစ်လာဖို့ ထူးချွန်စွာ တွန်းတင်ပေးနိုင်စွမ်းတဲ့ တိုင်းပြည်တည်ဆောက်သူဆိုတာမျိုးကလည်း တကယ်ကို လိုအပ်ပါတယ်။ ဒီလိုအရည်အချင်း ရှိတယ်လို့ထင်ရတဲ့ အရိပ်အယောင်တွေကိုလည်း ဒေါ်အောင်ဆန်းစုကြည်ဆီမှာ ရှိနေတယ်ဆိုတာ သတိပြုမိကြမယ်ထင်ပါတယ်။ ဥပမာ စင်ကာပူလို ကမ္ဘာ့အချမ်းသာဆုံး ၁၀ နိုင်ငံ စာရင်းဝင်ဖြစ်အောင် လုပ်ပေးခဲ့တဲ့ လီကွမ်ယူးရဲ့သား လက်ရှိ စင်ကာပူဝန်ကြီးချုပ် မြန်မာပြည်လာတဲ့အခါ ဒေါ်အောင်ဆန်းစုကြည်ကို အာစီယံအဖွဲ့ကြီးနဲ့ ကမ္ဘာကြီးဆက်ဆံမှုမှာ အာစီယံအဖွဲ့ကြီးကို ဦးဆောင်မှုပေးဖို့သဘော ပြောလာတဲ့ စကားအရဆိုရင် ဒေါ်အောင်ဆန်းစုကြည်မှာ ဦးဆောင်နိုင်စွမ်းတဲ့ ခေါင်းဆောင်မှု အရည်အချင်းတွေ ရှိနေတယ်ဆိုတာ အရိပ်အယောင် ပြလိုက်တဲ့သဘောပါပဲ။

သေချာတဲ့အချက်ကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ တည်ဆောက်ရေးသမားဖြစ်တယ်ဆိုတဲ့ အချက်ကလည်း စိတ်ဝင်စားဖို့ ကောင်းပါတယ်။ သူဟာ ဗီယက်နမ်နိုင်ငံက ဟိုချီမင်းလို၊ ကျူးဘားနိုင်ငံက ကပ်စထရိုတို့လိုလူ မဟုတ်ပါဘူး။ တောင်အာဖရိကက မင်ဒဲလားလို၊ စင်ကာပူက လီကွမ်ယူးလိုလူမျိုး တည်ဆောက်ရေးသမား ဖြစ်တယ်ဆိုတဲ့အချက်ကလည်း အသေအချာပါပဲ။ မင်ဒဲလားက အသားအရောင် မခွဲခြားတဲ့ လူ့ဘောင်သစ်တစ်ခုကို အုတ်မြစ်ချခဲ့ပြီး လီကွမ်ယူးက စင်ကာပူကို ချမ်းသာတဲ့ တိုင်းပြည်ဖြစ်အောင် တည်ဆောက်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ မြန်မာပြည်မှာ ဒီမိုကရေစီအုပ်မြစ် အောင်မြင်စွာ ချပေးလိုက်သူပါပဲ။

မဇ္ဈိမဟာ တကယ်တော့ ပုဂ္ဂိုလ်စွဲ ထားရှိတဲ့ သတင်းဌာနတော့ မဟုတ်ပါဘူး။ မြန်မာမှာပဲဖြစ်ဖြစ် ကမ္ဘာမှာပဲဖြစ်ဖြစ် ပုဂ္ဂိုလ်အရ မှားယွင်းဖောက်ပြန်သူတွေကို ဆန့်ကျင်ပြီး လူတွေ လုံခြုံအေးချမ်း ကြွယ်ဝအောင် ဦးဆောင်မှုပေးသူတွေကိုတော့ ထောက်ခံရမယ်ဆိုတဲ့ ပေတံအရ ဒေါ်အောင်ဆန်းစုကြည်အပေါ် တိုင်းတာကြည့်ခြင်းသာ ဖြစ်ပါတယ်။ ပြီးတော့ ချွင်းချက်မရှိတဲ့ လူရယ်လို့လည်း လောကမှာ မရှိဘူးလို့လည်း ခံယူပါတယ်။

ဒါကြောင့်မို့ တိုင်းပြည်လက်ရှိအခြေအနေမှာ ကမ္ဘာကရော မြန်မာလူထုကပါ ယုံကြည်လေးစား ခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် လတ်တလော ဖြစ်ပေါ်လာနေတဲ့ သတင်းတွေအပေါ် မူတည်ပြီး အကဲဖြတ်ကြည့်ခြင်းသာ ဖြစ်ပါတယ်။

ဒါကြောင့်မို့ အခုလို ခေါင်းဆောင်ကောင်းတစ်ဦး ရရှိထားတဲ့ သည်လိုအချိန်မျိုးမှာ ခေါင်းဆောင်ကို မှန်ကန်စွာ ဝန်းရံတတ်ကြဖို့ လိုပါတယ်။ အလွန်အကျွံ ကိုးကွယ် အမွှန်းမတင်မိဖို့လည်း လိုပါတယ်။ အပြုသဘောဆောင်တဲ့ ဝေဖန်မှုတွေနဲ့ ချဉ်းကပ်ဖို့ လိုပါတယ်။

သည်လိုရပ်တည်ချက် သည်လိုအမြင်များသည်သာ ဒီကနေ့ တိုင်းပြည်အတွက် လူတစ်ဦးချင်းစီမှာ အဓိက လိုအပ်နေကြောင်း မဇ္ဈိမက အကြံပြုလိုက်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly