ဥရောပတွင်တန်ဖိုးအရှိဆုံးယူ-၂၁ ကစားသမားအဖြစ် စတာလင်းသတ်မှတ်ခံရ

ဥရောပတွင်တန်ဖိုးအရှိဆုံးယူ-၂၁ ကစားသမားအဖြစ် စတာလင်းသတ်မှတ်ခံရ

ဇူလိုင် ၇၊ လီဗာပူးလ်။ ။ လီဗာပူးလ်တောင်ပံကစားသမား စတာလင်းသည် ဥရောပတွင် တန်ဖိုးအရှိဆုံးလူငယ်ကစားသမားတစ်ဦးဖြစ်သည်ဟု လေ့လာတွေ့ရှိမှုအသင်းတစ်ခုက ဖော်ပြလိုက်သည်။

မန်စီးတီးအသင်း၏ ပေါင်သန်း ၄၀ တန်ကမ်းလှမ်းမှုကို ပယ်ချခံထားရသော စတာလင်းကို Soccerex 20 Football Value Index က ပေါင် ၃၅ သန်းဖြင့် တန်ဖိုးသတ်မှတ်ဖော်ပြထားခြင်းဖြစ်သည်။

မန်ယူအသင်းမှ အစွန်နောက်ခံလူ လုခ်ရှောမှာ အဆင့် ကိုး၊ အဲဗာတန်မှ ဂျွန်စတုန်းမှာ အဆင့် ၁၆နှင့် အာဆင်နယ်မှ ချမ်ဘာမှ အဆင့် ၁၉ နေရာများတွင် ရှိနေသည်။

ယင်းလေ့လာဆန်းစစ်မှုသည် ဥရောပတစ်ဝန်းတွင်ကစားနေသည့် နိုင်ငံစုံမှ အသက် ၂၁ နှစ်အောက်ကစားသမားအားလုံးကို သုံးသပ်ထားခြင်း ဖြစ်သည်။

တန်ဖိုးကိုသတ်မှတ်ရာတွင် ကစားသမား၏အသက်အရွယ်၊ ကစားသည့်နေရာ၊ ကစားသည့်အသင်း၊ စာချုပ်သက်တမ်း၊ ဈေးကွက်တန်ဖိုး၊ လက်ရွေးစင်အသင်းနှင့်ကစားရသည့်ပွဲအရေအတွက်၊ ကစားရသည့်မိနစ်၊ သွင်းဂိုး၊ ဒဏ်ရာအခြေအနေနှင့် နည်းစနစ်ပိုင်းဆိုင်ရာ အရည်အချင်းတို့ကို အခြေခံကာဆုံးဖြတ်ထားသည်။

"အချက်အလက်တွေအားလုံးကြည့်ပြီးနောက် စတာလင်းက တန်ဖိုးအရှိဆုံးကစားသမားဖြစ်လာခဲ့ပါတယ်" ဟု လေ့လာဆန်းစစ်မှုကိုရေးသားခဲ့သူ ကယ်လ်ဇက်ဒါက ပြောသည်။

တန်ဖိုးအရှိဆုံးကစားသမား ၁၀ ဦး
-------------------------------------
စတာလင်း(လီဗာပူးလ်)=ပေါင် ၃၅ သန်း

မာကွင်ဟို့စ်(ပီအက်စ်ဂျီ)=ပေါင် ၂၇ ဒသမ ၈ သန်း

ဒီပေး(မန်ယူ)=ပေါင် ၂၃ ဒသမ ၈ သန်း

ဘီရာဒီ(ဆက်ဆူအိုလို)=ပေါင် ၂၁ ဒသမ ၆ သန်း

ဂျီမီနက်ဇ်(အက်သလက်တီကို)=ပေါင် ၂၁ ဒသမ ၄ သန်း

ကာဟန်နိုဂလူ(လေဗာကူဆင်)=ပေါင် ၁၉ ဒသမ ၄ သန်း

ကိုဗာဆစ်(အင်တာမီလန်)=ပေါင် ၁၈ ဒသမ ၅ သန်း

ဂေရ(ဗလင်စီယာ)=ပေါင် ၁၈ ဒသမ ၃ သန်း

လုခ်ရှော(မန်ယူ)=ပေါင် ၁၈ သန်း

လာပေါ်တီ(ဘီလ်ဘာအို)=ပေါင် ၁၇ သန်း

ရည်ညွှန်း ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly