ခရိုနီဆိုပြီး ဘေးဖယ်ထား၍ မရ၊ ဒေသဖွံ့ဖြိုးရေးအတွက် ပူးပေါင်းဆောင်ရွက်မည်ဟု တနင်္သာရီတိုင်းဝန်ကြီးချုပ်ပြော

ခရိုနီဆိုပြီး ဘေးဖယ်ထား၍ မရ၊ ဒေသဖွံ့ဖြိုးရေးအတွက် ပူးပေါင်းဆောင်ရွက်မည်ဟု တနင်္သာရီတိုင်းဝန်ကြီးချုပ်ပြော
ဇွန် ၉ရက်က မောတောင်တိုက်နယ်ဆေးရုံသို့ လာရောက်သည့် တနင်္သာရီတိုင်းဝန်ကြီးချုပ်အား တွေ့ရစဉ်။ (ဓာတ်ပုံ- မောတောင်သတင်းမီဒီယာဖေ့စ်ဘုတ်ခ်)

မြိတ်၊ ဇွန်- ၉ ။            ။ ခရိုနီဆိုပြီးဘေးဖယ်ထား၍ မရဘဲ ဒေသဖွံ့ဖြိုးရေးအတွက် အားလုံးနှင့် ပူးပေါင်းလုပ်ဆောင်မည်ဟု တနင်္သာရီတိုင်းဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က ပြောသည်။

၎င်းက မြိတ်မြို့၏ မောင်နှမမြို့တော်ဖြစ်သည့် ထိုင်းနိုင်ငံ ပရာကျွတ်မြို့တော် ချစ်ကြည်ရေးခရီးစဉ်မှအပြန် ဇွန်လ ၈ရက်က မောတောင်တိုက်နယ်ဆေးရုံတွင် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံများနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

“ခရိုနီဆိုပြီးတော့ဘေးဖယ်ထားလို့မရပါဘူး။ ဒေသဖွံ့ဖြိုးတိုးတက်ဖို့အတွက် စိတ်ဝင်စားတယ်ဆိုရင် မည်သူကိုမဆို ပူးပေါင်းလုပ်ဆောင်သွားမှာဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ်က ပြောသည်။

မောတောင်ဒေသနှင့်ပတ်သက်၍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ဆောင်မှုတွင် ခရိုနီများ၏ ပူးပေါင်းလုပ်ဆောင်ချက်များရှိ လာသည့်အနေအထားအပေါ် ပြောကြားလိုက်ခြင်းလည်းဖြစ်သည်။

မောတောင်ဒေသခံများအနေဖြင့်လည်း တစ်ဖက်နိုင်ငံ၏ သီးနှံစိုက်ပျိုးမှုအခြေအနေများကို နမူနာယူ၍ မိရိုးဖလာ စိုက်ပျိုးမြေယာများကို အောင်မြင်စွာစိုက်ပျိုးနိုင်ရေး ကြိုးစားရန် ၎င်းက တိုက်တွန်းလိုက်ပြီး အစိုးရအဖွဲ့ အနေဖြင့် လိုအပ်သည့် နည်းပညာအကူအညီများအတွက် ထိုင်းနိုင်ငံံသို့ သွားရောက်ကာ ဆွေးနွေးလျက်ရှိနေကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် ယခုသွားရောက်ခဲ့သည့် နှီးနှောဖလှယ်ပွဲတွင်လည်း ထိုင်းနိုင်ငံမှ မြိတ်မြို့နယ်ဘက်သို့ သီးနှံစိုက်ပျိုးမှုများကို လာရောက်စိုက်ပျိုးရန်လည်း ဖိတ်ခေါ်ခဲ့ကြောင်း၊ မြေယာသုတေသနလုပ်၍ စိုက်ပျိုးမြေအတွက် စစ်ဆေးမှုများပြု လုပ်ပေးပါရန်လည်း တောင်းဆိုခဲ့သည်ဟု သိရသည်။

မောတောင်ဒေသခံများ၏ အခက်အခဲများ တင်ပြမှုကိုလည်း ဝန်ကြီးချုပ်အနေဖြင့် နားထောင်ခဲ့ပြီး အထက်တန်းကျောင်းရရှိရေး၊ တိုက်နယ်ဆေးရုံ ဆရာဝန်လိုအပ်ချက်နှင့် ရေကန်လိုအပ်ချက်တို့ကို ဦးစားပေး စဉ်းစားသွားမည်ဟု ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly