မြောက်ကိုရီးယားတွင် ပြည်သူများ ဆေးလိပ်ရှောင်ကြဉ်ရေး အစိုးရက လှုံ့ဆော်ပေးထားသာ်လည်း ခေါင်းဆောင်ကင်ဂျံုအန်းမှာမူ လိုက်နာခြင်းမရှိဟု ဆို

မြောက်ကိုရီးယားတွင် ပြည်သူများ ဆေးလိပ်ရှောင်ကြဉ်ရေး အစိုးရက လှုံ့ဆော်ပေးထားသာ်လည်း ခေါင်းဆောင်ကင်ဂျံုအန်းမှာမူ လိုက်နာခြင်းမရှိဟု ဆို

ဇွန် ၁၀ ။              ။ လူ့ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေနိုင်ခြင်းကြောင့် ပြည်သူများ ဆေးလိပ်ကို ရှောင်ကြဉ်ကြရန် မြောက်ကိုရီးယား အာဏာပိုင်တို့က လှုံ့ဆော်ပညာပေးမှုများ လုပ်ဆောင်ပေးနေချိန်တွင် ခေါင်းဆောင် ကင်ဂျုံအန်းကိုယ်တိုင် အလေးထား လိုက်နာနေခဲ့ခြင်းမရှိဟု သတင်းမီဒီယာများတွင် ဖော်ပြထားသည်။

မြို့တော် ပြုံယမ်းရှိ အသစ်ပြန်လည်တည်ဆောက်ထားသော ကလေးသူငယ် စောင့်ရှောက်ရေးဂေဟာတစ်ခုသို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း ရောက်ရှိလာကာ တာဝန်ရှိသူများကို လမ်းညွှန်ချက်ပေးနေခဲ့ချိန်တွင် ၎င်းကို ဆေးလိပ်ခဲလျက်သား တွေ့ရှိခဲ့ရသည်။

နိုင်ငံပိုင် သတင်းအေဂျင်စီ KCNA က ထုတ်လွှင့်ဖော်ပြခဲ့သော သတင်းဓါတ်ပုံထဲတွင် ကင်ဂျုံအန်းတစ်ယောက် စီးကရက် လက်ကြားညှပ်ကာ တာဝန်ရှိသူများကို သြဝါဒပေးနေသည်ကို မြင်တွေ့ခဲ့ရသည်။ ဂေဟာအဆောက်အအုံရှေ့ သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူ လေးဦးခန့်ကို လမ်းညွှန်ချက်ပေးနေချိန်တွင် ကင်ဂျုံအန်း၏ လက်ကြားထဲရှိ ဆေးလိပ်မှာ မီးခိုးတစ်လူလူ ထွက်ရှိနေခဲ့သည်။

အဆိုပါ နိုင်ငံတွင် ပြည်သူများ ဆေးလိပ် ဆန့်ကျင်ရေး လှုံ့ဆော်ပေးသည့် ကမ်းပိန်းတစ်ခုကို လုပ်ဆောင်ပေးနေကြောင်း ပြီးခဲသည့် မေလက ယင်း KCNA သတင်းအေဂျင်စီကပင် ထုတ်လွှင့်ထားခဲ့သည်။ ထို့အတူ အနောက်အုပ်စုက အရေးယူပိတ်ဆို့ထားသော နိုင်ငံပိုင် စီးကရက် စက်ရုံများအနေဖြင့် ယင်းတို့၏ ဆေးလိပ်ဘူးများပေါ်တွင် ကျန်းမာရေးထိခိုက်စေသည် ဟူသော သတိပေးချက်များ ကပ်ထားရန် အစိုးရကလည်း ညွှန်ကြားခဲ့သည်။

အလားတူ ယခုကဲ့သို့ ဆေးလိပ်၏ ဆိုးကျိုးအန္တရာယ်များကို နိုင်ငံပိုင် တီဗီတွင် ပညာပေးလှုံ့ဆော်ပေးသည့် ကြော်ငြာများလည်း ထည့်သွင်းခဲ့ရာ ယင်းနောက်ပိုင်း ဆေးလိပ်ဖြတ်ပြီး နိုင်ငံသားအချို့ ကျန်းမာရေး တိုးတက်ကောင်းမွန်လာပုံများကိုလည်း မီဒီယာများတွင် ထုတ်လွှင့်တင်ဆက်ပြသထားခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly