ရဲရဲချစ် ရဲရဲအားကိုး ဘယ်တော့ဖြစ်မလဲ

ရဲရဲချစ် ရဲရဲအားကိုး ဘယ်တော့ဖြစ်မလဲ
ရန်ကုန်မြို့တွင်း စက်ဘီးဖြင့် လုံခြုံရေးဆောင်ရွက်နေသော ရဲဝန်ထမ်းများအား ဒီဇင်ဘာလ ၁၈ ရက် ညပိုင်းကတွေ့ရစဉ်။ (ဓာတ်ပုံ-မဇ္ဈိမ)

ကိုလိုနီခေတ်က ရဲကို ပုလိပ်ဟု ခေါ်သည်၊ ပုလိပ်အရာရှိကို ရာဇဝတ်အုပ် သို့မဟုတ် ဌာနအုပ် ဟု ခေါ်သည်။ ရဲစခန်းကိုလည်း ဂါတ်တဲဟု ခေါ်ကြသည်။ အိမ်ငှား၊ ရောင်းကြော်ငြာများတွင် ဈေး၊ ကျောင်း၊ ဂါတ်နှင့် နီးသည်ဟု ကြေညာကြသည်၊ ဂါတ်နားနေလျှင်ပင် ပို၍ လုံခြုံစိတ်ချရသည်ဟူသော ဈေးကွက်အားသာချက်ကို ယူငင်လိုပုံပင်ပေါက်သည်။

နောက်တော့ ရဲဟု နာမည်ပြောင်းလဲလိုက်သည်၊ ဂါတ်တဲကလည်း ရဲစခန်းဖြစ်လာသည်။ ပုလိပ်တခေတ်က ပြည်သူများအပေါ်တွင် ထိုသူတို့က ရက်စက်ကြသည်၊ သူတို့ကို အားကိုးအား ထားပြုရမည်ထက် ကိုယ့်ကို ဒုက္ခပေးမည်လားကိုပင် ကြောက်နေကြရသည်။ ရဲနာမည်ပြောင်းပြီး နောက်တွင်လည်း ထူးမခြားနားသာ။ ကိစ္စပြီးမှ ရဲကပေါ်လာသည်မှာ ရုပ်ရှင်ထဲတွင်သာ မဟုတ်၊ အပြင်တွင်လည်း ထိုအတိုင်းပင် ဖြစ်သည်။

ရဲများကို ပြည်သူလူထုက အထင်မကြီး အားမကိုးရသော်လည်း လက်သံပြောင်သော ရဲများ ကိုမူ အခါမလပ် တွေ့ခဲ့ရသည်။ ဆင်းသွားခဲ့ရသော ဦးသိန်းစိန် အစိုးရလက်ထက်တွင် အဆိုးဆုံး ဖြစ်သည်။ လယ်ယာမြေအသိမ်းခံရသဖြင့် ဆန္ဒပြသော လယ်သူမကြီးကို ရဲက ပစ်ခတ်သတ်ဖြတ် လိုက်သည်၊ အခြားဆန္ဒပြလယ်သမားများကိုလည်း ရဲများက အုပ်စုဖွဲ့ ရိုက်နှက်ကြသည်။ လက်ပံ တောင်းတောင်တွင်  သံဃာတော်များကို မီးလောင်ဗုံးများဖြင့် ဖြိုခွင်းသည်၊ လက်ပံတန်းတွင် အမျိုး သားပညာရေးဥပဒေကို ဆန့်ကျင်ဆန္ဒပြကန့်ကွက် သပိတ်မှောက်သည့် ကျောင်းသားများကို ရက်ရက်စက်စက် ရိုက်နှက်နှိမ်နင်းသည်။

စစ်အစိုးရအဆက်ဆက် နာမည်ပျက်ဖြစ်နေခဲ့သော ရဲသည် အင်န်အယ်လ်ဒီအစိုးရတက်စ မြန်မာ့နှစ်သစ်ကူးကာလ မဟာသြင်္ကန်တွင်းတွင် နာမည်ကောင်းများ ရလာသည်။ ပြည်သူများက အားကိုးလာကြသည်။ သြင်္ကန်ကာလတွင် အပျော်လွန်နေကြသော အမျိုးသား၊ အမျိုးသမီး လူငယ် လူရွယ်များကို ရဲများက ဖေးမကူညီ ထိန်းသိမ်းစောင့်ရှောက်ကြပုံများမှာ အနှစ်နှစ်အလလက ပြည်သူများ မျှော်လင့်စောင့်စားနေကြသည်နှင့် တည့်တည့်ကျသွားသည်။

အင်န်အယ်လ်ဒီအစိုးရလက်ထက်တွင်ပင် နေပြည်တော်သို့ ချီတက်လာသည့် စစ်ကိုင်းမှ သပိတ်မှောက် အလုပ်သမားများကို ရဲတပ်ဖွဲ့က ဟန့်တားဖမ်းဆီး ကိုင်တွယ်ပုံမှာ အနည်းငယ် အစွန်းအထင်းရှိနေသေးသည့်တိုင် အများကြီးသိမ်မွေ့လာသည်ကို တွေ့ရသည်။ ရဲများသည် အမှန်တကယ် ပြောင်းလဲလာပြီလား၊ သူတို့ သင်ကြားရယူခဲ့ကြသော သင်တန်းများသည် အလုပ်ဖြစ် ပါသလား။ မည်သည့်သင်တန်းများ သို့မဟုတ် သင်ကြားမှုများ လိုအပ်နေသေးသနည်း။

ဇွန် ၈ က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အမှတ် ၁ ရဲလေ့ကျင့် ရေးကျောင်း (ရမည်းသင်း)သို့ သွားရောက်ပြီး ယခုကဲ့သို့ ပြောသည်။ "ရဲသင်တန်းသားတွေရဲ့ လိုအပ်ချက်တွေ၊ မျှော်လင့်ချက်တွေကို မဖြည့်ဆည်းပေးနိုင်ရင် အဖိုးတန်တဲ့ရဲတွေ မွေးထုတ်ပေး တဲ့နေရာမှာ ပြဿနာရှိနိုင်ပါတယ်။ ရဲသင်တန်းကို အကောင်းဆုံးဖြစ်အောင်   မြှင့်တင်ပေးချင်ပါတယ်။   နေ့ချင်းညချင်း ဖြစ်နိုင်ဖို့ဆိုတာတော့ မလွယ်ပါဘူး။ ကိုယ့်နိုင်ငံရဲ့ ဘဏ္ဍာရေးအခြေအနေအရ လုပ်ပေး ရမှာပါ။ သင်တန်းသားတွေအနေနဲ့လည်း ဆရာတွေနဲ့ ဆွေးနွေးတင်ပြပြီး အတ္တမပါဘဲ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကြီးတစ်ခုလုံး အဆင့်မြင့်မားလာဖို့ အကြံပြုသင့်တယ်"

ပြည်သူများက ရဲများကို အားကိုးလိုသည်၊ အထူးသဖြင့် အင်အားနည်းသူ သာမန်ပြည်သူများ က မတရားမှုများကို ရင်ဆိုင်ကြုံတွေ့ရချိန်တွင် မိမိတို့ကို ညီရင်းအကို မောင်ရင်းနှမသဖွယ် နွေးထွေး ဆက်ဆံကာ ကူညီဆောင်ရွက်ပေးကြမည့် ရဲတပ်ဖွဲ့ဝင်များ သို့မဟုတ် အရေးပေါ်ကိစ္စရှိတိုင်း ကူညီရန် ချက်ချင်းရောက်လာမည့် (ကိစ္စပြီးမှ မဟုတ်) ရဲများကို အားကိုးလိုကြသည်။ ပြည်သူများက ရဲရဲချစ် ရဲရဲအားကိုးနိုင်သည့် အဖိုးတန်ရဲများဖြစ်ရန် အင်န်အယ်လ်ဒီအစိုးရသစ်က အတတ်နိုင်ဆုံးနှင့် အမြန် ဆုံး ကူညီထောက်ပံ့ ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်မည်ဆိုလျှင် အကောင်းဆုံးဖြစ်မည်ဟု မဇ္ဈိမက ယုံကြည်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly