မောတောင်- ဆင်ခွန်း နယ်စပ်ဂိတ် အမြန်ဖွင့်လှစ်နိုင်ရေး တနင်္သာရီဝန်ကြီးချုပ် ဆွေးနွေးခဲ့

မောတောင်- ဆင်ခွန်း နယ်စပ်ဂိတ် အမြန်ဖွင့်လှစ်နိုင်ရေး တနင်္သာရီဝန်ကြီးချုပ် ဆွေးနွေးခဲ့
မေ ၃၀ ရက်က ပရာကျွတ်ခရိုင်ရှိ ဆင်ခွန်းအထူးယာယီနယ်စပ်ဂိတ်ကို တွေ့ရစဉ်။ ဓာတ်ပုံ- ဇော်နီ

မြိတ်၊ ဇွန်- ၁၀ ။              ။ ထိုင်း-မြန်မာ နှစ်နိုင်ငံ၏ မောင်နှမမြို့တော်ခရိုင်နှစ်ခုဖြစ်သည့် ပရာကျွတ်ခရိုင်နှင့် မြိတ်ခရိုင်နှစ်ခုအကြားရှိ မောတောင်-ဆင်ခွန်း (SINGKHORN PASS) နယ်စပ်ဂိတ် အမြန်ဖွင့်လှစ်နိုင်ရေးကို ချစ်ကြည်ရေးနှီးနှောဖလှယ်ပွဲတက် ရောက်ခဲ့သည့် တနသာၤရီတိုင်းဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က ဇွန် ၇ ရက်တွင်ဆွေးနွေးခဲ့သည်။

“နယ်စပ်ဂိတ်ဖွင့်နိုင်ဖို့က အရေးကြီးဆုံးအချက်ဖြစ်ပါတယ်။ ဒါမှသာ တရားမဝင်မူးယစ်ဆေးကိစ္စ၊ အပြန်အလှန် ကုန်သွယ်မှုကိစ္စတွေကို ပူးပေါင်းဆောင်ရွက်နိုင်မှာဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ်ကဆွေးနွေးမှုတွင် ထည့်သွင်းပြောကြားခဲ့သည်ဟု သိရသည်။

နှစ်နိုင်ငံနယ်စပ်ဂိတ်များတွင် ထိုင်းနိုင်ငံဘက်မှ နယ်စပ်ဂိတ်သည် လုံခြုံသည့် နယ်စပ်ဂိတ်တစ်ခုဖြစ်သော်လည်း မိမိတို့ နယ်စပ်ဂိတ်အနေဖြင့် လုံခြုံသည့်အခြေအနေမရှိသေးသည့် အနေအထားဖြစ်သည့်အတွက် ပြုပြင်ရန်လည်း လုပ်ဆောင်သွားမည့်အပြင် စီးပွားရေးနိမ့်ကျနေမှုအခြေအနေ၊ အကျင့်ပျက်ချစားမှုအခြေအနေ များကိုလည်း ပြုပြင်သွားမည်ဖြစ်ကြောင်း ဒေါက်တာလဲ့လဲ့မော်က မောင်နှမမြိ့ုတော် တာဝန်ရှိသူများကို ကတိပေး ပြောကြားခဲ့သည်ဟုဆိုသည်။

နယ်စပ်ဂိတ်ဖွင့်လှစ်နိုင်ရေးအတွက် ချစ်ကြည်ရေးနှီးနှောဖလှယ်ပွဲမှ အပြန်တွင်လည်း နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံသို့ နယ်စပ်ဂိတ်နှင့်ပတ်သက်သည့် အခြေအနေများကို ပြန်လည် တင်ပြအစီအရင်သွားမည်ဖြစ်ကာ ထိုင်းနိုင်ငံသို့ ဒေါ်အောင်ဆန်းစုကြည်သွားရောက်သည့်အချိန်တွင် နှစ်နိုင်ငံသဘော တူညီမှုရရှိနိုင်ရန်အတွက် ထိုင်းနိုင်ငံဘက်မှတာဝန်ရှိသူများလည်း ပူးပေါင်းဆောင်ရွက်ပေးရန် ဝန်ကြီးချုပ်ကပြောဆို ခဲ့ကြောင်းသိရသည်။

ဆွေးနွေးပွဲ၌ နှစ်နိုင်ငံနယ်စပ်ဂိတ်ဖွင့်လှစ်နိုင်ရေးအတွက် JBC အမြန်ဆုံးလက်မှတ်ရေးထိုးနိုင်မှသာ ဖွင့်လှစ်နိုင် မည်ဖြစ်သည့်အတွက် ၎င်းကိစ္စကို အရင်ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် ထိုင်းနိုင်ငံ နိုင်ငံခြားရေးဆိုင်ရာတာဝန်ရှိသူကို အသေးစိတ်ပြန်လည်တင်ပြပေးမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ ပရာကျွတ်ခရိုင် ဘက်မှတာဝန်ရှိသူများ အနေဖြင့်လည်းဆွေး နွေးတင်ပြခဲ့သည်ဟုဆိုသည်။

ထို့အပြင် နှစ်နိုင်ငံ နယ်စပ်ရှိ မောတောင် နယ်စပ်ဂိတ်အရာရှိများနှင့် ဆင်ခွန်းနယ်စပ်ဂိတ် အရာရှိများကို တစ်လတစ်ကြိမ် အလှည့်ကျနယ်မြေ၌ တွေ့ဆုံညှိနှိုင်းအစည်းအဝများပြုလုပ်နိုင်ကြရန်နှင့် တိုင်းပြည်စီးပွားရေးအရ သဘာဝပတ်ဝန်းကျင်နှင့် သမိုင်းအထောက်အထားများကို သုတေသနပြုလုပ်ရန်ကိုလည်း ပရာကျွတ် ခရိုင်ဘက်မှ တာဝန်ရှိသူများက ဆွေးနွေးခဲ့သည်ဟု   ဆွေးနွေးပွဲတက်ရောက်သည့် လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

သို့သော်လည်း နှစ်နိုင်ငံ နယ်စပ်ဂိတ်ဖွင့်လှစ်၍ နှစ်နိုင်ငံအကျိုးစီးပွားအပြန်အလှန်ဆောင် ရွက်ကြ မည်ဆိုပါက နှစ်ဦးနှစ်ဖက် သာတူမျှတသည့် ပူးပေါင်းဆောင်ရွက်မှုမျိုးရှိသည့်အနေအထားဖြစ်မှသာ သင့်တော် သည့် ဆောင်ရွက်ချက်မျိုးဖြစ်မည်ဟုယူဆကြောင်း နှီးနှောဖလှယ်ပွဲသို့ ပါဝင်တက်ရောက်ခဲ့သည့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ၎င်း၏ အမြင်ကိုထုတ်ဖော်ပြောကြားခဲ့သည်။

မြန်မာနိုင်ငံဘက်မှ မောတောင်နယ်စပ်ဂိတ်မှာ ၂၀၁၃ ခုနှစ်က တရားဝင်ဖွင့်လှစ်ခဲ့ပြီးဖြစ်သော်လည်း မြိတ်မြို့နှင့် မောတောင်လမ်းပိုင်းမှာ ကုန်သွယ်ရေးလမ်းကြောင်းတစ်ခုအဖြစ်တွင်ကျယ်စွာအသုံးပြု၍ မရသေးသည့်အနေအထားကိုတွေ့ရသည်။

မောတောင်နယ်စပ်ဂိတ်ကို တရားဝင်ဖွင့်လှစ်ထားပြီးဖြစ်သည့်အတွက် ထိုင်းဘက်မှ မြန်မာဘက်သို့ နယ်စပ်ဖြတ် သန်းခွင့်လက်မှတ် Border Pass ဖြင့် ၁၃ ညအိမ် ၁၄ ရက်၊ ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ် Temporary Border Pass ဖြင့် (၆)ညအိပ် (၇) ရက်သွားလာခွင့်ပေးထားကြောင်းသိရသည်။

ထိုင်းနိုင်ငံ ဆင်ခွန်းဂိတ်မှာ လက်ရှိအချိန်အထိ အထူးယာယီနယ်စပ်ဂိတ်အဖြစ်သာရှိသေး သည့်အခြေအနေ ဖြစ်ပြီး မြန်မာများအနေဖြင့် ထိုင်းသို့သွားရင် ပရာကျွတ်ခရိုင်အတွင်းသာ ၃ ညအိပ် ၄ လေးရက်နေခွင့်ပြုထားပြီး အခြားခရိုင်များသို့ သွားလာခွင့်မရှိသေးသည့် အခြေအနေဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly