ဂျူဗင်တပ်စ်ကွင်းလယ်လူပီယာလို နယူးယော့ခ်စီးတီးအသင်းသို့ ရောက်ရှိ

ဂျူဗင်တပ်စ်ကွင်းလယ်လူပီယာလို နယူးယော့ခ်စီးတီးအသင်းသို့ ရောက်ရှိ

နယူးယော့ခ်၊ ဇူလိုင် ၇။ ။ ဂျူဗင်တပ်စ်အသင်း၏ အဓိက ကွင်းလယ်ကစားသမား ပီယာလိုသည် မေဂျာလိဂ်ကလပ် နယူးယော့ခ်စီးတီးအသင်းသို့ တရားဝင်ရောက်ရှိသွားပြီ ဖြစ်သည်။

အသက် ၃၆ နှစ်ရှိ ပီယာလိုသည် ဂျူဗင်တပ်စ်အသင်းတွင် လေးရာသီကစားခဲ့ပြီး စီးရီးအေချန်ပီယံဆုကို လေးနှစ်ဆက်တိုက် ရယူကာအောင်မြင်မှု ရရှိခဲ့သည်။ ယခု နယူးယော့ခ်စီးတီးအသင်းတွင် ဘာစီလိုနာတိုက်စစ်မှူးဟောင်း ဒေးဗစ်ဗီလာ၊ ချယ်လ်ဆီးကွင်းလယ်ကစားသမားဟောင်း ဖရန့်လမ်းပတ်တို့နှင့် တွဲဖက် ကစားရမည် ဖြစ်သည်။

ပီယာလိုသည် နယူးယော့ခ်စီးတီးအသင်းသို့ ဇူလိုင်လ ၂၁ ရက်နေ့တွင် တရားဝင် ရောက်ရှိမည် ဖြစ်ပြီး ၁၈ လသက်တမ်းရှိ စာချုပ် ချုပ်ဆိုရန် မျှော်လင့်ထားသည်။

'ဒီအတွေ့အကြုံကို ရရှိဖို့ အချိန်အကြာကြီးစောင့်ခဲ့ရပါတယ်။ အခုဒီအခွင့်အရေးကို ရရှိပါပြီ။ ဒါကို ကျွန်တော်ရယူမှာပါ။ မေဂျာလိဂ်မှာ အရေးပါတဲ့ အောင်မြင်မှုတွေ ရရှိဖို့ ကျွန်တော်တို့မှာ တူညီတဲ့ ဆာလောင်မှု ရှိသလို အသင်းရဲ့ပုံရိပ်ကို မြင့်တက်စေပြီး ပိုမိုလူသိများစေမှာပါ။ အောင်မြင်မှုရရှိမယ်လို့လည်း မျှော်လင့်ပါတယ်။

အီတလီနိုင်ငံရဲ့ ပြင်ပမှာ ကစားဖို့ ကမ်းလှမ်းမှုတွေ အများကြီး ရရှိခဲ့ပါတယ်။ နယူးယော့ခ်ကို လာဖို့ ဘာသံသယမှ မရှိခဲ့ပါဘူး။ ဒီကလူတွေက နယူးယော့ခ်စီးတီးအသင်းရဲ့ ကစားပုံကို ကြည့်ရှုဖို့ အလွန်စိတ်အားထက်သန်ကြပါတယ်။

နည်းပြ ဂျေဆင်ခရိစ်နဲ့လည်း တွေ့ပြီးပါပြီ။ သူက နယူးယော့ခ်အသင်းကို စိတ်ထဲမှာ ပိုပြီး နှစ်သက်သွားအောင် ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ ကောင်းမွန်တဲ့ အတွေးအခေါ်တွေ သူ့စိတ်ထဲမှာ ရှိပြီးသားပါ။ သူနဲ့အတူတူ တွဲဖက်ပြီး အကောင်းဆုံးအလုပ်လုပ်ကာ အောင်မြင်မှုတွေ ရယူနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်' ဟု ပီယာလိုက ပြောသည်။

ပီယာလိုသည် အီတလီဘောလုံးလောကတွင် အေစီမီလန်၊ ဂျူဗင်တပ်စ်အသင်းတို့နှင့်အတူ အောင်မြင်မှုများစွာ ရရှိခဲ့သူ ဖြစ်သည်။ ၎င်း၏ကစားသမားဘဝသက်တမ်းတစ်လျှောက်တွင် စီးရီးအေဖလား ခြောက်ကြိမ်၊ ချန်ပီယံလိဂ်ဖလားနှစ်ကြိမ် ရရှိခဲ့သည်။
အီတလီလက်ရွေးစင်အဖြစ် ၂၀၀၆ ကမ္ဘာ့ဖလားတွင် ချန်ပီယံဆုကို ရရှိခဲ့သည်။ အပေးအယူသပ်ရပ်ကောင်းမွန်ပြီး ပြစ်ဒဏ်ဘောကန်သွင်းရာတွင် ထူးချွန်သည့် ကွင်းလယ်ဖန်တီးရှင်အဖြစ် ကမ္ဘာ့ဘောလုံးလောကတွင် နာမည်ကြီးသူ ဖြစ်သည်။

ရည်ညွှန်း နယူးယော့စီးတီးအက်ဖ်စီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly