မြန်မာ့တပ်မတော်ကို ပါကစ္စတန်မှ စစ်လက်နက်ရောင်းချမှု ရပ်တန့်ပေးရန် ကေအန်အိုတောင်းဆို

မြန်မာ့တပ်မတော်ကို ပါကစ္စတန်မှ စစ်လက်နက်ရောင်းချမှု ရပ်တန့်ပေးရန် ကေအန်အိုတောင်းဆို

ချင်းမိုင်၊ ဇွန် ၉ ။          ။ ပါကစ္စတန် အစိုးရမှ မြန်မာ့တပ်မတော်ကို JF-17 တိုက်လေယာဉ်နှင့် စစ်လက်နက်များ ရောင်းချမှု ရပ်တန့်ရန် ထိုင်းနိုင်ငံ အခြေစိုက် ကချင်အမျိုးသားအစည်းအရုံး(KNO)က ဇွန်လ ၈ ရက်တွင် တိုက်တွန်းလိုက်သည်။

လက်ရှိ မြန်မာနိုင်ငံတွင် မြန်မာ့တပ်မတော်မှ တိုင်းရင်းသားအချင်းချင်းကြား ထိုးစစ်ဆင်တိုက်ခိုက်နေခြင်း၊ ခေတ်မီသည့် လေယာဉ်များ အသုံးပြု၍ တိုက်ခိုက်နေမှုကြောင့် ပြည်သူလူထုသာ ဒုက္ခရောက်နေသဖြင့် ပါကစ္စတန်အစိုးရအား စစ်လေယဉ်များ မရောင်းချရန် မေတ္တာရပ်ခံခြင်း ဖြစ်သည်ဟု KNO ဥက္ကဌ ဒူဝါဘောမ်ဝမ်လရော်က ပြောသည်။

“ကျနော်တို့ မြန်မာပြည်မှာ နိုင်ငံခြားနဲ့ တိုက်ရတဲ့ အခြေအနေလည်း မဟုတ်ဘူး။ စစ်အင်အားကို တိုးပြီးတော့ တိုင်းပြည်ကို ကာကွယ်မယ့် အခြေအနေလည်း မဟုတ်ဘူး။ တိုင်းရင်းသားတွေကိုလည်း   ပြည်တွင်း ငြိမ်းချမ်းရေးဆွေးနွေးပြီးတော့ အေးချမ်းစွာ စားပွဲပေါ်မှာ ဆွေးနွေးတဲ့အချိန်လည်း ဖြစ်တယ်။ အဲဒီလိုသွားမယ့် ၂၁ ရာစုပင်လုံ ညီလာခံကိုလည်း အန်အယ်လ်ဒီအစိုးရက ဦးဆောင်ပြီးတော့ လုပ်မယ့်အချိန် ဖြစ်နေတဲ့အတွက်ကြောင့်မလို့၊ ပါကစ္စတန်ကနေ နောက်ထပ် စစ်လေယာဉ်တွေကို ပို့ရင်တော့ တိုင်းရင်းသားတွေမှာ ပိုမိုတိုက်လာမယ့် အခြေအနေရှိတော့ ပါကစ္စတန်အစိုးရကို ကျနော်တို့ KNOကနေ မရောင်းပေးဖို့ မေတ္တာရပ်ခံတာပါ”ဟု သူက ပြောသည်။

မြန်မာ့တပ်မတော်အနေဖြင့် စစ်အင်အားဖြည့်တင်းကာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်များအား နှိမ်နှင်းရန် အစီအစဉ် ရှိနေသဖြင့် အရပ်သားများအား ဗုံးကျဲတိုက်ခိုက်ခြင်းများလည်း လုပ်ဆောင်နေဆဲ ဖြစ်သည်ဟု သူက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ဇူလိုင်လအတွင်း ပါကစ္စတန်က မြန်မာတပ်မတော်ကို JF-17 တိုက်လေယာဉ် ၂၄ စီးရောင်းချရန် ကမ်းလှမ်းခဲ့ပြီး ပါကစ္စတန်နိုင်ငံမှ JF-17 အမျိုးအစား တိုက်လေယာဉ် ၁၆ စီးကို ပထမဆုံး ဝယ်ယူခဲ့သည်ဟု ပါကစ္စတန် သတင်းများတွင် ဖော်ပြခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရမှ မြန်မာ့တပ်မတော်အား ငြိမ်းချမ်းရေး ဆွေးနွေးမှုတွင်ပါဝင်လာရန် တိုက်တွန်း သင့်သလို၊ မကြာမီ ကျင်းပတော့မည့် ၂၁ ရာစုပင်လုံ ညီလာခံတွင်အားလုံး ပါဝင်နိုင်ရေးအတွက် အားလုံးပါဝင်နိုင်ရန် နည်းလမ်းများ ချမှတ်၍ စားပွဲဝိုင်းပေါ် တွေ့ဆုံဆွေးနွေး၍ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး အမြန်ဆုံး ညှိနှိုင်းလုပ်ဆောင်ရန် တိုက်တွန်းသင့်ကြောင်း ဒူဝါဘောမ်ဝမ်လရော်က ပြောသည်။

“ဘာဘဲပြောပြော တကမ္ဘာလုံးကလည်း ကြည့်နေတယ်။ မြန်မာပြည်သူအားလုံးက ရွေးချယ်ထားတဲ့ ပြည်သူ့အစိုးရ ဖြစ်လာပြီ။ အဲဒီ့အခါကြတော့ စစ်ငွေ့စစ်သံကို မကြားချင်တော့ဘူးလေ။ ဘယ်လိုပဲဖြစ်ဖြစ် လူထုရဲ့ သက်အိုးအိမ်၊ လုံခြုံမှုကို အဓိက ထားစေချင်တယ်။ နောက်တခုက စစ်တပ်ကိုလည်း သေချာညှိပြီးတော့ စစ်မတိုက်ခိုင်းစေချင်တော့ဘူး”ဟု သူက မဇ္ဈိမကို ပြောသည်။

ယင်းအပြင် မေတ္တာရပ်ခံစားအား ရက်ပိုင်းအတွင်း အင်္ဂလန်နိုင်ငံရှိ KNO ခေါင်းဆောင်များမှတစ်ဆင့် ပါကစ္စတန်သံရုံးမှတဆင့် ပါကစ္စတန် အစိုးရထံသို့ ပေးပို့သွားမည် ဖြစ်ကြောင်း သူက ပြောသည်။

မြန်မာ့တပ်မတော်သည် သမ္မတ ဦးထင်ကျော် ဦးဆောင်သော အစိုးရလက်ထက်တွင် တိုင်းရင်းသား လက်နက်ကိုင် ဒေသများတွင် ထိုးစစ်ဆင်တိုက်ခိုက်မှုများ ဆက်လက် လုပ်ဆောင်နေပြီး ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်မှ စတင်၍ မြန်မာ့တပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တို့အကြား ၁၇ နှစ်ကြာ အပစ်အခတ် ရပ်စဲ၍ တိုက်ပွဲ ပြန်လည် ဖြစ်ပွားခဲ့သဖြင့် စစ်ပြေးဒုက္ခသည် ၁၂၀၀၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly