လစ်လပ်နေသည့် NLD အလုပ်မှုဆောင် ကော်မတီဝင်များ ရွေးချယ်တော့မည်

လစ်လပ်နေသည့် NLD အလုပ်မှုဆောင် ကော်မတီဝင်များ ရွေးချယ်တော့မည်

ရန်ကုန်၊ ဇွန်   ၇ ။            ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် လစ်လပ်နေသော  အလုပ်အမှုဆောင် ကော်မတီ်ဝင်များ ရွေးချယ်မှုကို ဇွန် ၁၅ရက်တွင် စတင်မည်ဖြစ်ပြီး တိုင်းနှင့်ပြည်နယ်များ၊ ရပ်ကျေးများမှ အဆင့်ဆင့် ရွေးချယ်ထားသည့် ကော်မတီဝင်များအား ဗဟိုက တိုက်ရိုက်ရွေးချယ်မည်ဟု NLD ဗဟိုပြန်ကြားရေး ကော်မတီမှ သိရသည်။

အလုပ်မှုဆောင် အဖွဲ့ဝင်ရွေးချယ်ပွဲကို ဇွန် ၁၅ ရက် မှစတင်၍ ပြည်နယ်နှင့် တိုင်းနှင့်ပြည်နယ်များတွင် ရွေးချယ်မည်ဖြစ်ပြီး ခရိုင်၊ မြို့နယ်၊ ရပ်ကျေးအလုပ်အမှုဆောင်အဖွဲ့ဝင်များ ရွေးချယ်ခြင်းကို သြဂုတ်လ ၁၄ ရက် နောက်ဆုံးထားရွေးချယ်ပေးရမည် ဖြစ်သည်။

တိုင်း နှင့် ပြည်နယ် အသီးသီးမှ NLD ပါတီဝင်အချို့သည် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး လွှတ်တော်အသီးသီးတွင် ပါဝင်နေကြရသည့်အတွက် ၎င်းတို့တာဝန်ယူခဲ့သည့် အလုပ်အမှုဆောင်အဖွဲ့ဝင်နေရာများကို ပြန်လည်ရွေးချယ်တင်မြှောက်ရခြင်းဖြစ်သည်။

"ဗဟိုဆုံးဖြတ်ချက်က အတည်ပြုချက်ကအဓိက၊ သူဘာသာ ဘယ်လိုပဲရွေးရွေး၊ အရင်တုန်းက ညီလာခံနဲ့ရွေးချယ်တာ အခုညီလာခံသဘောမျိုးမဟုတ်တော့ဘူး အဲလို့လုပ်လိုက်တဲ့အတွက် အရင်တစ်ခေါက်လို ပြသာနာတော့ကြုံရမယ်တော့မထင်ဘူး"ဟု အမျိုးသာ ဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုပြန်ကြားရေး ကော်မတီမှ ဦးအောင်ရှင် (မုံရွာအောင်ရှင်) က မဇ္ဈိမကိုပြောသည်။

ဝင်ရောက်ရွေးချယ်မည့် အလုပ်အမှုဆောင်များကို သတ်မှတ်ချက်အနေဖြင့် ပြည်နယ်နှင့်တိုင်းဒေသကြီး အလုပ်အမှုဆောင် ဝင်ရောက်ရွေးချယ်ခံမည်သူသည် ပါတီအတွင်း အဖွဲ့ဝင်သက်တမ်း အနည်းဆုံး ငါးနှစ် ရှိရမည်ဟု ကန့်သတ်ထားသည်။

ခရိုင်အလုပ်အမှုဆောင်ရွေးချယ်ခံမည်သူ အဖွဲ့ဝင်သက်တမ်းတစ်ဆက် သုံးနှစ်ရှိရမည်ဖြစ်ကာ၊
မြို့နယ် အလုပ်အမှုဆောင်အတွက် အဖွဲ့ဝင်သက်တမ်း နှစ် နှစ်၊ ရပ်၊ ကျေး အလုပ်အမှုဆောင်အတွက် အဖွဲ့ဝင် သက်တမ်းတစ်နှစ် အပြင် ၂၀၁၅ အထွေးထွေးရွေးကောက်ပွဲ အောင်နိုင်ရေးတွင် တက်ကြွစွာ ပါဝင်ခဲ့သူဖြစ်ရမည်ဟု သတ်မှတ်ထားသည်။

ရွေးချယ်ခံကိုယ်စားလှယ်များမှ မိမိသက်ဆိုင်ရာ နယ်မြေများတွင် ဝင်ရောက်ရွေးချယ်နိုင်မည် ဖြစ်သည်။

ရွေးချယ် တင်မြောက်ရာတွင် အဖွဲ့ချုပ်မှ ထုတ်ပယ်ခြင်းခံထားရသူ၊ နှုတ်ထွက်သွားသူ၊ အဖွဲ့ချုပ် စည်းမျဉ်းစည်းကမ်းများ အရေးယူ၊ အပြစ်ပေးခံထားရသူများ အပြင် ရွေးကောက်ပွဲတွင် တစ်သီး ပုဂ္ဂလပါတီဖွဲ့စည်း၍ ဝင်ရောက်ယှဉ်ပြိုင်သူများကို  ဝင်ရောက်ရွေးချယ်ခြင်းမပြုဟု ထုတ်ပြန်ထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် အဖွဲ့ဝင်အချို့သည် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးတို့တွင် တာဝန်ယူဆောင်ရွက်သောကြောင့် လစ်လပ်နေသော နေရာတွင် အစားထိုးတာဝန်ထမ်းဆောင်ရန် ရည်ရွယ်ချက်ဖြင့်  ပြုလုပ်ရခြင်းဖြစ်သည်။

ရွေးချယ်တင်ေြှမာက်ခံထားရသည့် ကိုယ်စားလှယ်များကို ကျေနပ်မှုမရှိပါက ရက်သတ္တပတ် တစ်ပတ်အတွင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့သို့ တင်ပြနိုင်မည်ဟုလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly