သစ်ပါးလွှာစက်ရုံ ကုန်ကြမ်းရရှိမှု ခက်ခဲလာ

သစ်ပါးလွှာစက်ရုံ ကုန်ကြမ်းရရှိမှု ခက်ခဲလာ
ရန်ကုန်မှတဆင့် အိန္ဒိယသို့တင်ပို့မည့် ဒုတိယကုန်ချောသစ်ပါးလွှာများကို ထုတ်ပိုးထားစဉ်။ (ဓာတ်ပုံ - ဇော်နီ)

မြိတ်၊ ဇွန် ၇ ။               ။ သစ်ပါးလွှာစက်ရုံအနေဖြင့် ၂၀၁၆-၂၀၁၇ သစ်ထုတ်လုပ်မှုရာသီ၌ ကုန်ကြမ်းရရှိနိုင်မှုအခက်အခဲများရှိလာနိုင်ပြီး ဝန်ကြီးဌာနက ဆောင်ရွက်ပေးမည့် အစီအမံများကိုသာ စောင့်မျှော်နေရသည်ဟု သိရသည်။

မြိတ်မြို့ကုန်းဖောက်ရပ်ကွက်တွင် တည်ရှိသည့် (MYEIK PLYOOD COMPANY LTD) ၏ စက်ရုံမန်နေဂျာ ဦးပီတာက “မနှစ်က စက်ရုံအနေနဲ့ သစ်ထုတ်လုပ်ခွင့်က တန် ၂၅၀၀ အပေါ်မှာ သစ်ပါးလွှာ တန် ၂၅၀၀ ရရှိခဲ့တယ်။ ဒါပေမယ့် ဒီနှစ် သစ်ထုတ်လုပ်ရာသီအတွက် ကုန်ကြမ်းရရှိနိုင်မှုအခြေအနေက အခက်အခဲရှိလာမယ်။ ဘာလို့လဲဆိုတော့ ဝန်ကြီးဌာနရဲ့ အစီအမံတွေ ဘယ်လိုပြောင်းလဲလာမလဲ ဆိုတာအပေါ် စောင့်မျှော်နေရလို့ပါ” ဟု ၎င်းကပြောကြားခဲ့သည်။

အဆိုပါ မြိတ်သစ်ပါးလွှာစက်ရုံသည် ၂၀၀၄ ခုနှစ်မှ စတင်ကာ စက်ရုံလည်ပတ်ခဲ့ပြီး စက်ရုံမှ ထွက်လာ သည့် ဒုတိယကုန်ချောသစ်ပါးလွှာများကို အိန္ဒိယနိုင်ငံသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ပြီးခဲ့သည့် ၂၀၁၅- ၂၀၁၆ ခုနှစ်တွင် ဒုတိယကုန်ချောသစ်ပါးလွှာ တန် (၂၅၀၀)ကို အိန္ဒိယသို့ တင်ပို့နိုင်ခဲ့သည်ဟု ဆိုသည်။

သို့သော် လာမည့်နှစ်တွင် မြိတ်ခရိုင်တစ်ခုလုံး သစ်ထုတ်လုပ်ခွင့်ရပ်ဆိုင်းတော့မည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိနေပြီး တိကျသည့်သတင်းထုတ်ပြန်မှု မဟုတ်သေးသည့်အတွက် စောင့်မျှော်နေရသည့် အခြေအနေဖြစ်ကြောင်း စက်ရုံမန်နေဂျာဦးပီတာကပြောသည်။

ထို့အပြင် လာမည့်နှစ်၌ မြိတ်ခရိုင်တွင် ကုမ္ပဏီများကို သစ်ထုတ်လုပ်ခွင့် ရပ်ဆိုင်းမည်ဟု မြိတ်ခရိုင်သစ်တောဦးစီးဌာန ယာယီဦးစီးအရာရှိ ဦးအောင်ကျော်စိုးကလည်းပြောဆိုထားသည်။

“တရားဝင်ကြေငြာချက်တော့ မထွက်သေးဘူး။ သစ်ထုတ်လုပ်ခွင့်ရပ်ဆိုင်းရမယ်လို့ ကြားတယ်” ဟု ၎င်း ကဆိုသည်။

မြိတ်သစ်ပါးလွှာစက်ရုံသည် တနသာၤရီတိုင်းတစ်ခုလုံးတွင် တစ်ခုတည်းသာရှိသည့် ဒုတိယကုန်ချော ထုတ်လုပ်နိုင်သည့် စက်ရုံတစ်ခုဖြစ်ပြီး၊ စက်ရုံလည်ပတ်မှုအတွက် အလုပ်သမား (၁) ရာကျော်နှင့်ဆောင်ရွက် လျက်ရှိကာ ကုန်ကြမ်းရရှိနိုင်မှုအခက်အခဲရှိလာပါက စက်ရုံလည်ပတ်မှုရပ်ဆိုင်းရမည့် အပြင် ၎င်းအလုပ်သမားများအတွက်လည်း အဆင်မပြေမှုများဖြစ် ပေါ်လာနိုင်သည်ဟု စက်ရုံမန်နေဂျာဦးပီတာက သုံးသပ်ပြောဆိုသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly