နေရှင်နယ်လိဂ် စံချိန်သစ်ဖြင့် ရန်ကုန်အသင်း ရာသီဝက်ချန်ပီယံဖြစ်လာ

နေရှင်နယ်လိဂ် စံချိန်သစ်ဖြင့် ရန်ကုန်အသင်း ရာသီဝက်ချန်ပီယံဖြစ်လာ
ရတနာပုံနှင့် ရန်ကုန်တို့ အကြိတ်အနယ်ယှဉ်ပြိုင်ကစားနေစဉ်။(ဓာတ်ပုံ- ရွှေဘုတ်)

ဇူလိုင် ၆၊ ရန်ကုန်။ ။ ၂၀၁၅ အူရီဒူးမြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဘောလုံးပြိုင်ပွဲ ပထမအကျော့ ပွဲစဉ် ၁၁ ပြီးဆုံးချိန်တွင် ရန်ကုန်ယူနိုက်တက် အသင်းသည် ပွဲစဉ် ၁၁ ပွဲစလုံးအနိုင်ရရှိကာ ရာသီဝက်ချန်ပီယံဖြစ်လာခဲ့သည်။

ရန်ကုန်အသင်းသည် ပထမအကျော့ ၁၁ ပွဲကစားပြီးတွင် ရှုံးပွဲ မရှိ၊ သရေ ပွဲမရှိ ရာနှုန်းပြည့် နိုင်ပွဲရရှိကာ မြန်မာနေရှင်နယ်လိဂ်ဘောလုံးပြိုင်ပွဲတွင် ပထမအကျော့ ရှုံးပွဲမရှိသော အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
ပွဲစဉ် ၁၁ ပွဲစီ ကစားပြီးချိန်တွင် ရန်ကုန်အသင်းက ရမှတ် ၃၃ မှတ်ဖြင့် ရာသီဝက်ချန်ပီယံဖြစ်ခဲ့ခြင်းဖြစ်ပြီး အဆင့် ၂ နေရာတွင် ဧရာဝတီအသင်းက ရှစ်ပွဲ နိုင်၊ တစ်ပွဲ သရေ၊ နှစ်ပွဲ ရှုံး ရမှတ် ၂၅ မှတ်ဖြင့် ရပ်တည်နေသည်။ အမှတ်ပေးဇယား အဆင့် ၃ နေရာတွင် မကွေးအသင်းက ရမှတ် ၂၂ မှတ်ဖြင့် ရပ်တည်နေပြီး အဆင့် ၄ တွင် ရတနာပုံအသင်းက ရမှတ် ၂၀ မှတ်ဖြင့် ရပ်တည်နေသည်။

မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဘောလုံးပြိုင်ပွဲ၏ လက်ရှိချန်ပီယံရတနာပုံအသင်းသည် ပထမအကျော့ပွဲစဉ်များအပြီးတွင် အမှတ်ပေးဇယား ထိပ်ဆုံးမှ ရန်ကုန်အသင်းနှင့် ရမှတ် ၁၃ မှတ်ထိ ကွာဟသွားခဲ့သောကြောင့် ချန်ပီယံဆုဖလား ကာကွယ်ရန် ခက်ခဲ
သွားပြီဖြစ်သည်။ အမှတ်ပေးဇယား အဆင့် ၅ နေရာတွင် ကမ္ဘောဇအသင်းက ရမှတ် ၁၆ မှတ်ဖြင့် ရပ်တည်နေပြီး အဆင့် ၆ နေရာတွင် ချင်းယူနိုက်တက်အသင်းက ရမှတ် ၁၅ မှတ်ဖြင့် ရပ်တည်နေသည်။

ပထမအကျော့ ပွဲစဉ်များအပြီးတွင် ရမှတ် ခုနစ်မှတ်ဖြင့် တန်းဆင်းဇုန် အဆင့် ၁၁ နေရာရောက်ရှိနေသော ဟံသာဝတီအသင်းမှာ ပထမအကျော့ ၁၁ ပွဲတွင် နိုင်ပွဲ တစ်ပွဲမျှ မရရှိခဲ့ပေ။ တန်းဆင်းဇုန် အဆင့် ၁၂ နေရာတွင် မနောမြေအသင်းက တစ်ပွဲ နိုင်၊ နှစ်ပွဲ သရေ၊ ရှစ်ပွဲ ရှုံး ရမှတ် ၅ မှတ်ဖြင့် ရပ်တည်နေသည်။ ၂၀၁၅ အူရီဒူးမြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဘောလုံးပြိုင်ပွဲ ပထမအကျော့အပြီးတွင် မနေ မြေအသင်းက ရှစ်ပွဲ ရှုံးနိုင်ထားသောကြောင့် ရှုံးပွဲအများဆုံးအသင်းဖြစ်ခဲ့သည့်အပြင် အသင်းပေးဂိုးမှာလည်း ၂၄ ဂိုးထိ ရှိနေ သောကြောင့် ပေးဂိုးအများဆုံးအသင်းလည်း ဖြစ်ခဲ့သည်။

ပထမအကျော့ နောက်ဆုံးပွဲစဉ် ၁၁ ရလဒ်များ
………………………………………………………

ဇေယျာရွှေမြေ  ၃-၁  မနောမြေ
ချင်းယူနိုက်တက်  ဝ-၁   ဇွဲကပင်
နေပြည်တော်  ဝ-၀ ရခိုင်ယူနိုက်တက်
ဧရာဝတီ  ၂-၁ ဟံသာဝတီ
မကွေး ၂-၁ ကမ္ဘောဇ
ရတနာပုံ  ၂-၃  ရန်ကုန်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly