ညီလာခံကြီး အောင်စေသတည်း

ညီလာခံကြီး အောင်စေသတည်း
(ဓာတ်ပုံ - သက်ကို၊ မဇ္ဈိမ)

"တစ်ချို့က ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံနဲ့ ၂၁ ရာစု ညီလာခံဆိုတာ တစ်ခုစီ ဖြစ်မှာပါ။ ပင်လုံဆိုတာ တစ်ခုစီဖြစ်မှာလားလို့ မေးပါတယ်။ တစ်ခုတည်းပါ။ နာမည်တစ်ခုတည်းနဲ့ မဟုတ်ဘဲ နာမည်နှစ်ခု သုံးတယ်ဆိုတာ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ဆိုတာကလည်း အင်မတန်မှ တင့်တယ်ပြီးတော့ အင်မတန်မှ အများက နှစ်သက်တဲ့ နာမည်တစ်ခု ဖြစ်သလို ၂၁ ရာစု ပင်လုံညီလာ ခံ ဆိုတာဟာလည်း အများနှစ်သက်တဲ့ နာမည်ဖြစ်ပါတယ်။ နှစ်ခုစလုံးက အတူတူပါပဲ။"

အထပ်ပါစကားတွေကတော့ မေလ ၂၇ ရက်နေ့က Horizon Lake View ဟိုတယ်မှာ ကျင်းပ ခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC)အစည်းအဝေးမှာ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပြေားကြားသွားခဲ့ပါတာပါ။ အမေစုပြောတဲ့ တစ်ချို့ထဲမှာ မောင်မှန်လည်း ပါတယ်ခင်ဗျ။ တစ်ခုစီ ချမှတ်နေခဲ့တာပါ။ ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံဆိုတာ ကြီးကိုလည်း အရင် အစိုးရလက်ထက်က မောင်မှန် ကြုံဖူးပြီးသား။ အဲ့ဒီကာလက ငြိမ်ချမ်းရေးပွဲတော် ဆိုတာကြီးတွေ ကျင်းပပြီး သီချင်းတွေဆို၊ ကဗျာတွေရွတ်၊ ပြဇာတ်တွေက ပျော်ပျော်ပါးပါးပြီး လုပ်ခဲ့ ကြပြီးပါပြီ။ ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွား စကားလို ပြီးတော့လည်း ပြီးတာပါပဲ။ ပွဲထဲမှာ ဇာတ်ရူး ထလိုက်ရတာပဲ အမြတ်ထွက်ကြပါတယ်။ ပြည်သူအများလည်း သိရှိခံစား နားလည်သဘောပေါက် ထားပြီး ကိစ္စတွေပါ။ ဒီလမ်းကသွားရင် ဒီနေရာပဲ ရောက်မယ်ဆိုတာ ၅၅ နှစ်ကြာ အတွေ့အကြုံတွေက သင်ကြားပေးခဲ့ပြီးသားပါ။

ဒါမျိုးတွေ ဖြစ်ခဲ့လေတော့ အမေစုက ၂၁ ရာစု ပင်လုံဆိုတာ မောင်မှန်က အရင်ဟာကြီး ဆက်ခံလိမ့်မယ်လို့ ဘယ်ထင်ပါ့မလဲ။ စပြောတုန်းက နာမည်ချင်းလည်း မတူဘူးလေ။ ပင်လုံဆိုတဲ့ အသုံးအနှုန်းက နက်ရှိုင်းတဲ့ အဓိပ္ပာယ်တွေ ပါပြီးသား။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးရဲ့ အခြေခံတွေ ပါပြီးသား။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ နိမိတ်ပုံကို ထင်ဟပ်ပြီးသားလေ။ နောက်ပြီး နိုင်ငံရေး အင်အားစု အားလုံး (ခြွင်းချက်မရှိ) အကုန်ပါဝင် ဆွေးနွေး ဆုံးဖြတ်နိုင်မယ့် အခွင့်အလမ်းကြီးတစ်ရပ် လို့ မောင်မှန် ယူဆခဲ့မိတယ်။ ပြည်တွင်းက နိုင်ငံရေး အဖွဲ့အစည်းတွေလာ၊ ပြည်ပရောက်တွေလည်း လာ၊ နိုင်ငံရေးနဲ့ သက်ဆိုင်သူတွေအားလုံး လာ၊ လက်နက်ကိုင်တာရော၊ မကိုင်တာပါ အားလုံးလာ၊ ညီလာခံကြီးမှာ ဆွေးနွေး အဖြေရှာကြမယ်လို့ မှတ်နေတာ။ ငြိမ်းချမ်းရေးဆိုတာ တစ်မျိုးသားလုံးအ ရေးပါ။ နောက်ပြီး လွတ်လပ်ရေးနဲ့အတူ စခဲ့တဲ့ ပြဿနာတွေကို ဖြေရှင်းကြရမှာ။ လူတွေလည်း များမှာပဲ။ အချိန်လည်း ယူမှာပဲ။ (လူများတာကလည်း ကြာလာရင် သူ့အလိုလို စစ်သွားမှာပါ။) စေတနာသာ အဓိကကျတယ်လို့ မောင်မှန် ထင်ပါတယ်။ ညောင်နှစ်ပင် ညီလာခံနဲ့ လုံးဝ ဆန့်ကျင်ကွဲ လွဲ ခွဲထွက် အမျိုးသားညီလာခံကြီး တစ်ရပ် ခေါ်ဆိုနိုင်မှသာ အလုပ်ဖြစ်မယ် မဟုတ်လား။ ၂၁ ရာစု ပင်လုံဆိုတာ ဒါပဲလေ။ ဒါပဲပေါ့လို့ မောင်မှန် မြင်ခဲ့မိတာပါခင်ဗျာ။ မျှော်လင့်ချက်တွေ အကြီးကြီးထားခဲ့ မိတာ လွဲပေါ့ မောင်မှန်ရာလို့ပဲ ကိုယ့်ကိုကိုယ် ဖြေသိမ့်ပါတယ်။

အရင်ညီလာခံကို ဆက်ခံခဲ့တာ ဖြစ်တဲ့အပြင် အောလ်လည်း မအင်ကလူးစစ်ရဖူးလို့ အမေစုက ပြောပါတယ်။ (All inclusive ဆိုတာ ရှိတယ်မို့လား) အမေစုက "နိုင်ငံရေးအဖွဲ့စည်းများနဲ့ ပတ်သက်လို့ ရှိရင် ကျမတို့ နိုင်ငံမှာ လက်ရှိ နိုင်ငံရေး အဖွဲ့အစည်းဟာ ၉၀ ကျော် ရှိပါတယ်။ ၉၀ ကျော် အဖွဲ့အစည်း များအားလုံးကို ငြိမ်းချမ်းရေးညီလာခံထဲမှာ ကိုယ်စားပြုရေး၊ မပြုရေးဆိုတာဟာ တစ်ယောက်နဲ့တစ် ယောက် သဘောတူညီမှုတွေ မရှိပါဘူး။ နိုင်ငံရေး အဖွဲ့အစည်းများရဲ့ ပါဝင်မှုဟာ နိုင်ငံရေး အဖွဲ့အ စည်း မှန်သမျှက ပြည်သူလူထုကို လွှတ်တော်အသီးသီးမှာ ကိုယ်စားပြုမှုအပေါ် အခြေံခံပြီးတော့ ဆောင်ရွက်ရမယ်လို့ ကျမတို့ ယုံကြည်ပါတယ်။ ပြောချင်တာကတော့ ၉၀ ကျော်တဲ့ နိုင်ငံရေးပါတီ အားလုံးမဟုတ်တဲ့ လွှတ်တော်တစ်ခုမဟုတ် တစ်ခုမှာ အနည်းဆုံး ကိုယ်စားလှယ် တစ်ဦးပါဝင်တဲ့ နိုင်ငံရေးပါတီများကိုသာ ငြိမ်းချမ်းရေးညီလာခံထဲမှာ ကိုယ်စားလှယ်အဖြစ်နဲ့ ထည့်ဖို့မှုဆိုတာကို ကျမတို့ ကိုင်စွဲထားပါတယ်" လို့ ဆိုပါတယ်။

မောင်မှန် ထင်မြင် ဆင်ခြင်ထားတာတွေနဲ့ကတော့ တည့်တည့်ကို လွဲတော့တာပါပဲ။ မောင်မှန် က အရပ်သားပေကိုးခင်ဗျ။ နိုင်ငံခေါင်းဆောင်ကြီးတွေလိုတော့ မြင်ဖို့ ခက်တာပေါ့။ ပြည်ခိုင်ဖြိုး အစိုးရ တုန်းက လူများပြီး ပွဲမစည်ဖြစ်နေတာ။ အမေစုက ကျစ်ကျစ်လျစ်လျစ်လုပ်မှာ အလုပ်ဖြစ်ကို ဖြစ်မှာ ဆိုပြီး ဝိုင်းဝန်းထောက်ခံသူတွေလည်း မနည်းပါ။ တစ်ခါ အမေစုပြောတာက "(CSO) ဆိုတာ ငြိမ်းချမ်း ရေးဖြစ်စဉ်ထဲမှာ ခေတ်သစ်သမိုင်းအရ အမျိုးမျိုးပုံစံနဲ့ ပါဝင်ခဲ့ကြပါတယ်။ တစ်ချို့ နိုင်ငံတွေမှာဆိုရင် ငြိမ်ချမ်းရေး ဆွေးနွေးပွဲထဲမှာ ထည့်ပြီးတော့ လုပ်ဆောင်တဲ့ဟာတွေလည်း ရှိတယ်။ တချို့ကျတော့ မျဉ်းပြိုင်အနေနဲ့ ဖိုရမ်တစ်ခုအနေနဲ့ (CSO)တွေက ပါဝင်ပြီး ဆောင်ရွက်တာတွေ ရှိဖူးပါတယ်။

ကျမတို့အနေနဲ့ကတော့ ဒုတိယနည်းလမ်းကို သွားမယ်ဆိုတာ ပြီးတော့ စဉ်းစားထားပြီး ဖြစ်ပါတယ်။ ကျမတို့နိုင်ငံမှာ (CSO)တွေလည်း တော်တော်လည်း များလာပါပြီ။ (CSO) တွေကို ငြိမ်းချမ်းရေး ညီလာခံထဲမှာ ထည့်လိုက်မယ်ဆိုရင် အင်မတန်မှ ညီလာခံကြီးဟာ ဖောင်ပွးသွားနိုင် ပါတယ်"လို့ ပြောပါတယ်။ (CSO)တွေ နေပေတော့ဆိုတဲ့ သဘောပဲ။ (CSO)အကုန်လုံး မပါရတဲ့တိုင် ငြိမ်းချမ်းရေးကိုပဲ အစဉ်တစိုက် ဦးတည် လုပ်ဆောင်နေတဲ့ (CSO)တွေကရော မပါဝင်သင့်ဘူးလား။ ဒီလို (CSO)တွေလည်း ဗမာပြည်မျာ ရှိတယ်လေ။ တိုင်းရင်းသား ဒေသတွေမှာလည်း ဒုနဲ့ဒေး သူတို့ အသံတွေရော ငြိမ်းချမ်းရေး ညီလာခံကြီးမှာ မပါဝင်သင့်ပေဘူးလား။ စဉ်စားဖို့ ကောင်းပါတယ်ခင်ဗျာ။

(၂၉.၅.၁၆)နေ့ နံနက်ပိုင်း RFA ရေဒီယိုက ထုတ်လွှင့်သွားတဲ့ RFA တနင်္ဂနွေ စကားဝိုင်း အစီ အစဉ်မှာ NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဆရာမုံရွာအောင်ရှင်က ကျောင်းသားတွေကိစ္စ ပြောရင်းက နေ အခု လွတ်လပ်နေပြီဗျာလို့ ထည့်ပြောသွားပါတယ်။ သူဆိုလိုတာကတော့ အရင်တုန်းက မလွတ် လပ်လို့ ကျောင်းသားတွေ နိုင်ငံရေး လုပ်ကြရတယ်။ အခု လွတ်လပ်ပြီဆိုတော့ မလိုတော့ဘူးလို့ပါ။ (ပြောင်ထားတာမျိုးတော့ မဟုတ်ပါဘူး) ဒီနေရာမှာ မောင်မှန်ပြောချင်တာ ကျောင်းသားကိစ္စ မဟုတ်ပါ ဘူး။ လွတ်လပ်ပြီဆိုတဲ့ NLD ဆရာမုံရွာအောင်ရှင်ရဲ့ မှတ်ချက်ကိုပါ။ လွတ်လပ်တဲ့ နိုင်ငံရေး တကယ်လွတ်လပ်တဲ့ နိုင်ငံရေးဆိုတာ ငြိမ်းချမ်းရေး ရှိရပါတယ်။ ငြိမ်းချမ်းရေးမရှိရင် လွတ်လပ်ရေး မရှိပါဘူး။ ဒီမိုကရေစီလည်း မရှိပါဘူး။ ဒါဟာ အများပြည်သူ အလွယ်တကူ သဘောပေါက်နိုင်တဲ့ ကိစ္စပါခင်ဗျာ။ မောင်မှန် လူတတ်ကြီး လုပ်ပြနေစရာ မလိုပါဘူ။ ခုပဲ ငြိမ်းချမ်းရေးမရှိလို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကြီးကို NLD ဦးစီး ပြင်ဆင်နေရပြီ မဟုတ်ပါလား။ ဘယ်နှယ့် လွတ်လပ်သွား ရတာတုံး။ လွတ်လပ်တယ်ဆိုတဲ့ စကားရဲ့ အနက်အဓိပ္ပာယ်ဟာ အင်မတန် ကျယ်ဝန်းပါတယ်။

တစ်ခါ (၂၆.၅.၁၆)နေ့က တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီး နိုင်သက်လွင်နဲ့ အမေရိ ကန်သံအမတ်ကြီးတို့ နေပြည်တော်မှာ တွေ့ဆုံခဲ့ကြပါတယ်။ တွေ့ဆုံရာမှာ ဝန်ကြီးရဲ့ တောင်းဆိုမှုကို တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ညွှန်မှူး ဦးမင်းအေးကိုက ခုလို ပြောကြားပါတယ်။ "ဝန်ကြီး ကတော့ တစ်ခု တောင်းဆိုပါတယ်။ အရင်က နိုင်ငံရေး နည်းလမ်းအရ ဖြေရှင်းလို့မရလို့ လက်နက် ကိုင်နည်းလမ်းနဲ့ ဖြေရှင်းကြတယ်။ လက်နက်ကိုင် အဖွဲ့အစည်းတွေက တိုင်းရင်းသားတွေက အခုက တော့ နိုင်ငံရေးအစိုးရ ပေါ်လာပြီး။ နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းနိုင်ပြီ။ အဲဒီ ဖြေရှင်းနိုင်တယ်ဆိုတဲ့ အကြောင်းကို ကျန်တဲ့ အဖွဲ့တွေကို သတင်းပါးပေးပါလို့ အဲဒါကို ဝန်ကြီးက အဓိက ပြောလိုက်တယ်" တဲ့။ ဗမာပြည်ထဲ နေတဲ့သူအချင်းချင်း အမေရိကန် သံအမတ်ကနေ စကားပါးရရှာတယ်။ တိုင်းရင်းသားတွေ ကြားပါစေ။

ဒါဆိုရင်တော့ ဗမာပြည် ၂၀၀၈ ဖွဲ့စည်းပုံအောက်မှာ လွတ်လပ်တဲ့ နိုင်ငံရေးအစိုးရတစ်ရပ် ပေါ်ထွန်းနေတာ သေချာသွားပါပြီ။ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခဲ့ ပြောပြော၊ ၂၁ ရာစု ပင်လုံဆိုဆို အလကားနေရင်းကို အောင်မြင်တော့မှာပါ။ မောင်မှန်တို့ ပြည်သူတွေကလည်း အလွန်ကို အောင်မြင်စေချင်ကြတာပါ ခင်ဗျာ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly